ရှင်ကဝိဓဇ (ဗဟန္တောင်ဆရာတော်)

ရှင်ကဝိဓဇ (၁၂၅၁ - ၁၃၂၁) သည် “ဗဟန္တောင်ဆရာတော်” ဟု ထင်ရှားတော်မူခဲ့သည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။ [၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၂၅၁ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ မြောက်ဘက် လက်ပံကြီးရွာ၌ ဦးမောင်သာဖြူ - ဒေါ်အောင်သာဖြူတို့မှ ဖွားမြင်ခဲ့သည်။

ငယ်စဉ်ကပင် လက်ပံရွာကျောင်း၌ စာပေများ သင်ကြားခဲ့သည်။ ထို့နောက်တွင် ရှင်တိလောကဂုရုဆရာတော်ထံ၌ စာပေသင်ကြား၍ သာမဏေပြုခဲ့သည်။ ဘွဲ့တော်မှာ “ရှင်ကဝိဓဇ” ဖြစ်သည်။ ထို့နောက်တွင် ပုသိမ်မြို့၊ ဝါးခယ်မမြို့တို့၌ ပညာသင်ကြားခဲ့ပြန်သည်။

ထို့နောက်တွင် ကွမ်းခြံကုန်းဆရာတော်ထံတွင် ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။ ထို့နောက်တွင် မန္တလေးမြို့သို့ တက်ရောက်၍ ကိုးဆောင်ဆရာတော်ထံတွင် စာပေများ သင်ကြားခဲ့သည်။

၂ ဝါရသည့်အခါတွင် ပဲခူးမြို့ မင်းကျောင်းဆရာတော်ထံ၌လည်းကောင်း၊ မြင်းခြံမြို့ စမ်းကျဆရာတော်ထံ၌လည်းကောင်း၊ ပြည်မြို့ရှင်အရိယဝံသာလင်္ကာရထံ၌လည်းကောင်း ပညာဆည်းပူးခဲ့သဖြင့် ဆရာတော်သည် ကျမ်းဂန်နှံ့စပ်တော်မူသည်။

ရဟန်း ၉ ဝါအရတွင် ရခိုင်ပြည်သို့ ပြန်ကြွ၍ ရမ်းဗြဲမြို့ ဗဟန္တောင်ကျောင်းတိုက်ကြီးတွင် သီတင်းသုံးတော်မူခဲ့သည်။ ဆရာတော်သည် ဆဋ္ဌသင်္ဂီတိကာရကဆရာတော်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၃၂၁ ခုနှစ်၊ ဝါခေါင်လပြည့်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ [၁]

ကျမ်းများပြုစုခြင်း ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။

၁။ အတိသမ္မုဠဒီပက၊

၂။ ဒါနဘေဒပကာသနီ၊

၃။ ဥပေါသထိကလက်စွဲ၊

၄။ သီလဘေဒပကာသနီ၊

၅။ ကထိနဝိဝါဒဝိနိစ္ဆယ၊

၆။ ပတ္တနိကုဇ္ဇနဩဝါဒကထာ၊

၇။ တာဝကာလိကဓဏိကဒိန္နဝိနိစ္ဆယ၊

၈။ ယထာဓမ္မဝိနယဝိနိစ္ဆယ၊

၉။ တိကပဉှာဝိသဇ္ဇနာ၊

၁၀။ ဥဒကုက္ခေပသီမဝိနိစ္ဆယ၊

၁၁။ ဓာတုမနသီကာရရှုဖွယ်၊

၁၂။ ဝိဟာရဝိနိစ္ဆယ၊

၁၃။ ပဗ္ဗဇ္ဇဝိနိစ္ဆယ၊

၁၄။ ပရိဏတဒါနဝိနိစ္ဆယ၊

၁၅။ ပဉှာဗျာကရဏ၊

၁၆။ ဗုဒ္ဓဝင်သံပေါက်လင်္ကာ၊

၁၇။ မဟာသုပိနဇာတ်ဘာသာပြန်၊

၁၈။ ဓာတ်ကျမ်းသံပေါက်၊

၁၉။ ရသဓာတုကျမ်း၊

၂၀။ ဓာတုပကာသနီကျမ်းနောက်ဆက်တွဲ၊

၂၁။ ကုထုံးဥပဒေသအစာပေးဆေးကျမ်း၊

၂၂။ ရမ်းဗြဲကျွန်းအတ္ထုပ္ပတ္တိနှင့် ဗဟန္တပဗ္ဗတနိကာယထေရဝံသပ္ပရမ္ပရကထာ။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၈၀၊ ၁၈၁။