ရှင်ဂုဏာဘိ (မင်းအိုဆရာတော်) သည် စဉ့်ကူးမင်းနှင့် ဘိုးတော်ဘုရား လက်ထက်တွင် ကျော်ကြားခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။ ဆရာတော်သည် ကျမ်းဂန်တတ်မြောက်သော်လည်း ကျမ်းများ ပြုစုခဲ့မှု မရှိပေ။

ဗားကရာဆရာတော် အရှင်ဓမ္မာဘိနန္ဒ၊ မောင်းထောင်ဆရာတော် အရှင်ဉာဏာဘိဝံသ၊ ကတိုးဆရာတော် အရှင်ဓမ္မဓရ၊ ညောင်ကန်ဆရာတော် အရှင်သဒ္ဓမ္မရံသီ စသည့် ဆရာတော်များ၏ ဆရာရင်း ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၀၇၀ ပြည့်နှစ်တွင် ဖက်တော်ကျေးကန်ရွာတွင် မွေးဖွားခဲ့သည်။ ငယ်မည်မှာ ဦးအောင်ကျော် ဖြစ်သည်။ ရဟန်းဘွဲ့သည် “ရှင်ဂုဏာဘိ” ဖြစ်သည်။ ငယ်စဉ်အခါတွင် ကျော်အောင်စံထားဆရာတော်၏ တပည့်ဖြစ်သူ ချောင်းကောက်ဆရာတော် ရှင်သဒ္ဓမ္မနန္ဒီ[မှတ်စု ၁]ထံတွင် ပညာသင်ယူခဲ့သည်။

စဉ့်ကူးမင်းလက်ထက်တွင် မင်္ဂလာရွှေဘုံကျောင်းတော်ကို လှူဒါန်းခဲ့သည်။ ၁၀၄၉ ခုနှစ်တွင် အောင်မြေဘုံကျော်ကျောင်းတော်ကို ဘိုးတော်ဘုရားက လှူဒါန်းကာ သာသနာပိုင်အပ်၏။ ဆရာတော်သည် ဓိနည်းဓိုရ်ရဟန်း ဖြစ်သည်။[၁]

ဆရာတော်ကြီးကား အရုံဂိုဏ်း တစ်ကျိပ်နှစ်ပါးအဝင်အရှင်မောဂ္ဂလာန်ထေရ်၊ အရှင်ဓမ္မနန္ဒထေရ်တို့၏ အဆက်အနွယ်ဟုဝံသဒီပ၌ဆိုသည်။ သဒ္ဓိဝိဟာရိကတပည့်မဟုတ်၊ စာသင်တပြည့်မျှသာ၊ စင်စစ်ကား ရေမြိန်အရှင် ကလျာဏဓဇ၏သဒ္ဓိဝိဟာရိကတပည့်တည်း။ ယင်းဆရာတော်ကြီး၏အမည်ကို အရှင်ဂုဏသီရိဟူ၍လည်း ရေးမှတ်ကြသည်။ ကျမ်းရိုးအဆိုသူမတူတန်အောင် ကောင်းလှသည်။ ထိုဆရာဖတာ်ကြီးမှ ဗားကရာဆရာတော် အရှင်ဓမ္မာဘိနန္ဒ၊ မောင်းထောင်ဆရာတော်အရှင်ဉာဏာဘိဝံသ၊ ကတိုးဆရာတော်အရှင်ဓမ္မဓရ၊ ညောင်ကန်ဆရာတော် အရှင်သဒ္ဓမရံသီ စသောတပည့်ကြီး များထွန်းကားသည်။ ယင်းတပြည့်ကြီးတို့ကား ဘတောဝိဘင်းပြန် ပုဂ္ဂိုလ်တို့ချည်းတည်း။[၂]

ရရှိခဲ့သည့် ဘွဲ့များ ပြင်ဆင်ရန်

ဂုဏာဘိနန္တသီရိ သဒ္ဒမ္မမဟာဓမ္မရာဇာဓိရာဇဂုရုဘွဲ့တော်နှင့် ဂုဏာဘိနန္တဓဇ မဟာဓမ္မရာဇာဓိရာဇဂုရုဘွဲ့တော်များ[မှတ်စု ၂] ဆပ်ကပ်ခြင်း ခံခဲ့ရသည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၁၅၃ ခုနှစ်တွင် မင်းအိုကျောင်းတိုက် အောင်မြေဘုံကျော်ကျောင်း၌ ပျံလွန်တော်မူခဲ့သည်။[၁]

မှတ်စု ပြင်ဆင်ရန်

  1. ချောင်းကောက်ဆရာတော်သည် သီလက္ခန်အဋ္ဌကထာဂဏ္ဌိ၊ နေတ္တိအဋ္ဌကထာနိသျ၊ ဝါစ္စဝါစကဋီကာ၊ ကစ္စာယနသာရအကောက် စသည့်ကျမ်းများကို ပြုစုခဲ့သည်။
  2. သာသနာလင်္ကာရ၌ ဂုဏာဘိလင်္ကာရသဒ္ဓမ္မမဟာဓမ္မရာဇာဓိရာဇဂုရု ဟု ပြသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၃၊ ၂၄။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)