ရှင်ဉာဏ (မစိုးရိမ်ဆရာတော်)

ရှင်ဉာဏ (၁၂၄၅ - ၁၂၉၉) သည် “မစိုရိမ်ဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော် ဖြစ်သည်။ [၁]

ဘဝ ပြင်ဆင်ရန်

ရှင်ဉာဏကို ၁၂၄၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ၂၆ လမ်းတွင် ဦးရှမ်း- ဒေါ်အံသီတို့မှ ဖွားမြင်ခဲ့သည်။ ဆရာတော်၏ ငယ်မည်မှာ မောင်ဘငြိမ်း ဖြစ်သည်။

ငယ်စဉ်က ပြည်မြို့သို့ ပြောင်းရွှေ့၍ အင်္ဂလိပ်စာသင်ကျောင်းနှင့် ဆရာကြီးဦးကျော်ကျောင်းတို့တွင် ပညာသင်ကြားခဲ့ကာ ထို့နောက်တွင် ရန်ကုန်သို့ ပြောင်းရွှေ့၍ သာမဏေဝတ်ခဲ့သည်။ “ရှင်ဉာဏ” ဟူသည့် ဘွဲ့ကို ခံယူခဲ့သည်။

ထို့နောက်တွင် အရွယ်ရောက်သည့်အခါတွင် လူ့ဘောင်ကို စက်ဆုပ်၍ ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။ ဥပဇ္ဈာယ်ဆရာတော်သည် ရွှေခုံတိုင်ဆရာတော် ဖြစ်သည်။ ၁၂၆၈ ခုနှစ်တွင် ပခုက္ကူမြို့ ရေစကြိုဆရာတော်ထံတွင် ပညာများ ဆက်လက်သင်ကြားခဲ့သည်။ ၈ ဝါအရတွင် ပထမကျော်အောင်မြင်ခဲ့သည်။

ဆရာတော်သည် မစိုးရိမ်ကျောင်းတိုက်တွင် စာချစာသင်အဖြစ် သီတင်းသုံးရင်း ဆောင်ရွက်တော်မူခဲ့သည်။ ပါယာသိရာဇညသုတ်ကို မြန်မာဘာသာပြန်ဆို၍ လယ်တီဆရာတော်၏ နိယမဒီပနီ၊ ဝိပဿနာဒီပနီ၊ ပဋ္ဌာနုဒ္ဒေသဒီပနီကျမ်းများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုတော်မူခဲ့သည်။ ထို့ပြင် အင်္ဂလန်ပြည် ဗုဒ္ဓဘာသာအသင်းမှ မေးမြန်းသော ဗုဒ္ဓဘာသာဆိုင်ရာ ပုစ္ဆာတို့ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ဖြေကြားတော်မူခဲ့သည်။ ဆရာတော်သည် ၁၂၉၃ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ရခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၉၉ ခုနှစ်၊ သီတင်းကျွတ်လဆုတ် ၃ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ [၁]

ကျမ်းများ ပြုစုခြင်း ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။

၁။ ပါယာသိရာဇညသုတ်မြန်မာပြန်၊

၂။ သဒ္ဒတ္ထရတနာဝလိ (ပါဠိအဘိဓာန်)။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၇၉၊ ၁၈၀။