ရှင်ဓမ္မာဘိနန္ဒ (၁၁၀၀ − ၁၁၆၂) သည် အဘိဓမ္မာကျမ်းများ ပြုစုရာတွင် ထင်ရှားသည့် ဆရာတော်တစ်ပါး ဖြစ်သည်။ မင်းအိုဆရာတော်၏ တပည့် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၀၀ ပြည့်နှစ်တွင် ပုခန်းကြီးမြို့နယ်၊ မြိုင်ရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ကျော်ထွေး ဖြစ်သည်။ အသက် ၂၀ အရွယ်တွင် ရဟန်းပြုသည်။ ဘွဲ့တော်မှာ ရှင်ဓမ္မာဘိနန္ဒ ဖြစ်သည်။ ရဟန်းဒါယကာမှာ မကွေးမြို့စားအတွင်းဝန် ဖြစ်သည်။

ထိုရဟန်းဒါယကာကပင် အဝမြို့တော် အနောက်ဘက်တွင် ဗားကရာကျောင်းတိုက်ကို ဆောက်လုပ်၍ လှူဒါန်းခဲ့သည်။

ထို့နောက်တွင် ဆရာတော်သည် အမရပူရမြို့သို့ ပြောင်းရွှေ့၍ တိပိဋကာလင်္ကာရသီရိဓဇမဟာဓမ္မရာဇဂုရုဘွဲ့ကို ခံယူကာ မြို့တော်အနောက်ပြင်ဗားကရာတိုက်မှာပင် သီတင်းသုံးခဲ့သည်။ သဲအင်းသာသနာပိုင်ဆရာတော်ကြီး၏ ဆရာဖြစ်ခဲ့သည်။ ဆရာတော်သည် ဉာဏ်ရောစိတ်ပါ ထက်၍ မာန်မာနကြီးသည်။

ထို့နောက်တွင် ဆရာတော်သည် ဘုရင်နှင့် မသင့်မတင့် ဖြစ်ခဲ့သည်။ စိတ်ထင်ရာ ပြုမူသဖြင့် အဝတ်ဖြူလဲ၍ နေရင်းဌာနသို့ ပို့ရန် အမိန့်ချခဲ့သဖြင့် မဟာဒါန်ဝန်တို့က ပုခန်း မြိုင်ရွာသို့ ပို့ရလေသည်။[၁]

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

ဝတ်ဖြူဘဝနှင့်ပင် ၁၁၆၂ ခုနှစ်တွင် အနိစ္စရောက်ခဲ့သည်။[မှတ်စု ၁][၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

၁။ ဝါစကောပဒေသစာကိုယ်နိသျ၊

၂။ အဘိဓမ္မတ္ထသင်္ဂြိုဟ်အကောက်နှင့်အနက်၊

၃။ ကစ္စာယနသာရစာကိုယ်နိသျ၊

၄။ သဒ္ဒဗိန္ဓုစာကိုယ်နိသျ၊

၅။ ဒသနိပါတ်ဇာတ်အဋ္ဌကထာနိသျ၊

၆။ ဝါစ္စဝါစကဒီပနီနိသျ၊

၇။ ဝါစ္စဝါစကဒီပနီနိသျ၊

၈။ သဒ္ဒဝုတ္တိစာကိုယ်နိသျ၊

၉။ ဧကာဒသနိပါတ်ဇာတ်အဋ္ဌကထာနိသျ၊

၁၀။ သမ္ဗန္ဓစိန္တာစာကိုယ်နိသျ၊

၁၁။ ခုဒ္ဒသိက္ခာနိသျ၊

၁၂။ ဂန္ထာဘရဏစာကိုယ်နိသျ၊

၁၃။ သဒ္ဒတ္ထဘေဒစိန္တာနိသျ၊

၁၄။ ဝိဘတျတ္ထနိသျ၊

၁၅။ မူလဋီကာဒွါရကထာအဖွင့်နိသျ၊

၁၆။ သဒ္ဒါကြီး ၈ စောင်သုတ်နက်၊

၁၇။ သရာပကတိဗျဉ္ဇနေသုတ်အဖွင့်နျာသနိသျ၊

၁၈။ ဓမ္မနီတိနိသျ (၁၁၄၅)၊

၁၉။ ပရမတ္ထဗိန္ဓုစာကိုယ်နိသျ (ရှင်မုနိန္ဒသာရ လိုက်၍ ရေးသည်)၊

၂၀။ အဘိဓမ္မတ္ထသင်္ဂဟနိသျ (ရှင်ပုညသေဋ္ဌိ လိုက်၍ ရေးသည်)၊

၂၁။ မာတိကာအရကောက် (အရှင်ရေဝတဇော ရေးမှတ်သည်)၊

၂၂။ ဝုတ္တောဒယဆန်းနိသျ (ရှင်မုနိန္ဒသာရ လိုက်၍ ရေးသည်)၊

၂၃။ ဓာတုကထာမူလဋီကာနိသျ (ရှင်မုနိန္ဒာသာရ လိုက်၍ ရေးသည်)၊

၂၄။ ရုံသင့် တင်သင့်အဆိုစာတမ်း (၁၁၄၁)၊

၂၅။ ဘိုးတော်မင်းတရား အမေးတော်ပုံအဖြေ၊

၂၆။ ဟံသာဝတီပါမင်းရတုအဖြေ၊

၂၇။ ဘိက္ခုနီပါတိမောက်နိသျ (ရှင်မုနိန္ဒသာရ ရေးမှတ်သည်)၊

၂၈။ သင်္ဂြိုဟ်ပဏာမဒီပနီ (ဂူကြီးဆရာတော် ရေးမှတ်သည်)၊

၂၉။ သုဗောဓါလင်္ကာရနိသျ၊

၃၀။ ပရမတ္ထဗိန္ဓုဋီကာနိသျ (၁၁၄၀)၊

၃၁။ သဒ္ဒမေဒဒီပနီ (၁၁၃၅)။[၁]

မှတ်စု ပြင်ဆင်ရန်

  1. သီသဝိသောဓနီကျမ်း၌ မင်းဧကရာဇ်ရာဇဝတ်တော်သိမ်းလျှင် သိက္ခာသစ်ပြန်၍ ယူရသည်ဟု ဆို၏။ မင်းလှသီရိသီဟသူ၏ မှတ်တမ်း၌ကား အဝတ်ဖြူနှင့် အနိစ္စရောက်သည်ဟုသာ ဆိုသည်။ ဗားကရာဆရာတော်၏ တပည့်ကား သဲအင်းသနာပိုင်ဆရာတော် ရှင်သူရိယာဘိဝံသ ဖြစ်၏။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၃၄၊ ၃၅၊ ၃၆။