ရှင်မေဓာဝီ (၁၁၅၀ - ၁၂၁+) သည် “ပြည်ဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၅၀ ပြည့်နှစ်၊ ဝါဆိုလဆန်း ၇ ရက်နေ့တွင် ညောင်ကန်ရွာ၌ ဖွားမြင်ခဲ့သည်။

ဆရာတော်၏ ရှင်သာမဏေနှင့် ရဟန်းဘွဲ့မှာ “ရှင်မေဓာဝီ” ဖြစ်သည်။ သို့သော် ငယ်အမည်အတိုင်း ဆရာတော် ဦးကြီးညို[မှတ်စု ၁]ဟု ခေါ်ဝေါ်ကြသည်။ ဆရာတော်သည် ညောင်ကန်ရွာ ရတနာမဉ္ဇူတိုက် ဆရာတော် ရှင်မုနိန္ဒာသာရထံတွင် ပညာများ သင်ကြားခဲ့သည်။ ဘကြီးတော်မင်းလက်ထက် မြို့တော် အရှေ့မြောက်ထောင့် မဟာဘုံစံ အုတ်ကျောင်းကြီးတွင် ညောင်ကန်ဆရာတော်ထံ၌ ပညာများ သင်ကြားခဲ့သည်။

သာယာဝတီမင်းလက်ထက် ၁၂၀၁ ခုနှစ်တွင် အမရပူရမြို့သို့ ရောက်ခဲ့၍ သားတော်ပြည်မြို့စား မဟာသီဟသူရသုဓမ္မရာဇာ (မောင်ဖေပု) က တိုက်တာအသစ် ဆောက်လုပ်ကာ လှူဒါန်းကိုးကွယ်ခဲ့သည်။ ဆရာတော်သည် ကျမ်းဂန်တတ်မြောက်၍ အကျင့်သိက္ခာပြည့်စုံသည်ဟု ဆရာတော်တို့၏ ချီးမွမ်းခြင်းကို ခံရသည်။

ဆရာတော်သည် “မေဓာလင်္ကာရ ပရမဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” [မှတ်စု ၂]တံဆိပ်တော်ကို ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၂၅ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့်ကျမ်းများ ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။

၁။ အဋ္ဌသာလိနီ အဋ္ဌကထာနိသျသစ်၊

၂။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာနိသျသစ် (၁၂၁၆)၊

၃။ ဋီကာကျော်နိသျ၊

၄။ သန္ဓဝဂ္ဂသံယုတ် အဋ္ဌကထာနိသျ၊

၅။ သဠာယတနဝဂ္ဂသံယုတ် အဋ္ဌကထာနိသျ၊

၆။ မဟာဝဂ္ဂသံယုတ် အဋ္ဌကထာနိသျ၊

၇။ ပါဌဇာတ်ပါဠိတော်နိသျသစ်၊

၈။ သဒ္ဒတ္တဘေဒ စိန္တာနိသျ၊

၉။ သမ္ဗန္ဓစိန္တာနိသျ၊

၁၀။ ကစ္စာယနသာရိနိသျ။

၁၁။ ကစ္စာယနသာရသရူပတ္ထဒီပနီ (၁၁၉၉)၊

၁၂။ ဓာတုမာလာလက်သန်းပါဌ်နိသျ (၁၂၁၃)၊

၁၃။ ခန္ဓဝိဘာဝနီ ဋီကာပါဌ် (၁၂၂၃)။[၁]

မှတ်စု ပြင်ဆင်ရန်

  1. မင်းလှသီရိသီဟသူ မှတ်စုတွင် ဦးကြီး၊ ရှင်ဘွဲ့ “ရှင်မေဓာ”၊ ရဟန်းဘွဲ့တော် “ရှင်မေဓာလင်္ကာရ” ဟု ဖော်ပြသည်။
  2. ပိဋကတ်တော်သမိုင်းတွင် မေဓာဘိဝံသသီရိသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရုဟု ဖော်ပြသည်။ ဤပြည်ဆရာတော်ကို နဝမညောင်ကန်ဆရာတော်အဖြစ် ညောင်ကန်ဆရာတော်များ၏ စာရင်းတွင် ထည့်သွင်းမှတ်ယူကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၈၀၊ ၈၁။