ရှင်ဝိစာရ (ပုခန်းဆရာတော်)

ရှင်ဝိစာရ (၁၂၂၄ - ၁၃၀၂) သည် "ပုခန်းဆရာတော်" ဟု ထင်ရှားခဲ့သည့် ကျမ်းပြဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၂၂၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်နေ့တွင် ပုခန်းကြီးမြို့၊ အနောက်တိုက် တွင်းမရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်စာတိုက် ဖြစ်သည်။ မိဘနှစ်ပါးမှာ ဦးဘိုးပြန့် - ဒေါ်မှေး ဖြစ်သည်။ နောင်တော်ဘုန်းကြီး ဦးဥတ္တမထံတွင် စာပေများ သင်ကြား "ရှင်ဝိစာရ" ဟူသည့် ဘွဲ့ဖြင့် သာမဏေပြုခဲ့သည်။ အရွယ်ရောက်သည့်အခါ တောဝေးကန်ဂိုဏ်းထောက်ဆရာတော် ရှင်အရိယကို ဦပဇ္ဈာယ်ပြုကာ ရဟန်းပြုသည်။

ထို့နောက်တွင် ပခုက္ကူမြို့မြစ်ကိုင်းရွာ ရွာဦးကျောင်းဆရာတော် ရှင်သုနန္ဒထံတွင် စာပေများ သင်ကြားကာ ၆ ဝါရသည့်အခါ မန္တလေးမြို့အနောက်ပြင် စကုတိုက် ရှင်ပဒုမဆရာတော်ထံတွင် စာပေများ ဆက်လက်ကာ သင်ကြားခဲ့သည်။ ထို့နောက်တွင် အင်းဝမြို့ တံတားဦးအပိုင် မြင်းသည်ရွာ သိမ်တောကုန်းကျောင်းတွင် မှီခိုသီတင်းသုံးပြီးနောက် မန္တလေးမြို့တောင်ပြင် ဒက္ခိဏာရာမဘုရားကြီးတိုက် ဆရာတော်ထံတွင် စာပေများ ဆက်လက်ကာ သင်ကြားခဲ့သည်။ ထိုကျောင်းတိုက်တွင်နေစဉ် ကျမ်းဂန်များ ပြုစုတော်မူခဲ့သည်။

ဇာတိရပ်ကိုစွဲ "ပုခန်းဆရာတော်" ဟု ထင်ရှားခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၃၀၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်နေ့၊ ဝါတော် (၃၆) ဝါမြောက်တွင် ပခုက္ကူမြို့၊ သာသနဝိပုလာရာမ မန္တလေးတိုက်သစ်ကြီးတွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကျမ်းများ ပြုစုခြင်း ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။

  1. ကစ္စည်းသဒ္ဒါနိသျ၊
  2. ပရိတ်ကြီးနိသျ၊
  3. လောကနီတိနိသျ၊
  4. မင်္ဂလသုတ်နိသျ၊
  5. လက္ခဏတ္တယဒီပနီ၊
  6. သက္ကာယဒိဋ္ဌိဝိနိစ္ဆယ၊
  7. စတုသစ္စဝိနိစ္ဆယ၊
  8. သံဃဘေဒကဝိနိစ္ဆယ၊
  9. ဇီဝိတိန္ဒြိယဝိနိစ္ဆယ၊
  10. မိတ္ထီလာမြို့သံဃာဝိဝါဓိကရဏသမထဝိနိစ္ဆယ၊
  11. အာပတ္တာဓိကရဏဝိနိစ္ဆယများ၊
  12. ကာရန္တာဒိဝိဘာဝနီ၊
  13. ဗျဉ္ဇနဗုဒ္ဓါဒိဒီပနီ၊
  14. ကပ္ပဝိနိစ္ဆယ၊
  15. ဥဒ္ဓစ္စစေတနာဝိနိစ္ဆယ၊
  16. ဇီဝိတပရိစာဂ အင်္ဂပရိစာဂဝိနိစ္ဆယ၊
  17. နိပ္ဖန္နရူပဝိနိစ္ဆယ၊
  18. လောကဝဇ္ဇ ပဏ္ဏတ္တိဝဇ္ဇဝိနိစ္ဆယ၊
  19. မနောဒွါရေအနာပတ္တိဝိနိစ္ဆယ၊
  20. ဗုဒ္ဓဂုဏပကာသနီ၊
  21. ဉေယျဓမ္မဝိနိစ္ဆယ၊
  22. ဒေသနာဂါမာပတ္တိဝုဋ္ဌာနဝိနိစ္ဆယ၊
  23. သီလဝန္တ နရ ဟနန ဝိနိစ္ဆယ၊
  24. ဥဒကုက္ခေပသီမဝိနိစ္ဆယ၊
  25. ကမ္မဝါစာဝိသောဓနဝိနိစ္ဆယ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၃၇၊ ၁၃၈။