ရှင်သီဝလိခြေတော်ရာ
ရှင်သီဝလိခြေတော်ရာသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၏ အဓိကရ တောင်ကြီးငါးလုံးအနက် အလယ်၌ တည်ရှိသော ကေလာသဖတောင်ပေါ်၌ ရှိသည်။ ထိုကေလာသဖတောင်ကို အခြား တောင်လေးလုံးက ဝန်းရံထားကာ ယင်းတို့မှာ အရှေ့ဘက်တွင် ဝက်ညီနောင်တောင်၊ အရှေ့မြောက်ဘက်တွင် ဆင်မယဉ်သာတောင်၊ အနောက်တောင်ယွန်းယွန်းတွင် ဂုမ္ဘတောင်နှင့် တောင်အရပ်တွင် ပီဠိယက္ခတောင်ငယ် ဖြစ်သည်။
ခြေတော်ရာတည်ရှိရာ ကေလာသဖတောင်ထိပ်ထိ လှေကား ၁၅၉ ဆင့်ရှိသော ရှည်လျားသည့် စောင်းတန်း ဆောက်လုပ်ထားသည်။
ခြေတော်ရာကို ရွှေချထားပြီး ယင်းအပေါ်၌ မှန်ခေါင်း အုပ်ထားကာ ဂန္ဓကုဋိတိုက်အတွင်း ရှိသည်။ အမျိုးသမီးများ ဝင်ရောက်ခွင့် မပြုချေ။ ရှင်သီဝလီခြေတော်ရာကို ဆီမီး၊ ပန်း၊ ဝတ္ထုခဲဖွယ်တို့ဖြင့် သဒ္ဓါတရားအလျောက် ပူဇော်ကြသည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်ဂေါတမမြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် သာသနာပြုဒေသများ ဖြစ်သော သုနာပရန္တတိုင်း၊ တမ္ပဒီပတိုင်း၊ သီရိခေတ္တရာ ရာမတိုင်း၊ ဇေယျဝဍ္ဎနတိုင်း၊ ကမ္ဗောဇတိုင်း၊ ဟရိမုဉ္ဇတိုင်း၊ ဂန္ဓာရတိုင်း အစရှိသော တဆယ့်ခုနစ်တိုင်းကို ဒေသစာရီ ကြွချီတော်မူ၏။ ငါးဝါမြောက်၌ သုနာပရန္တတိုင်းသား စူဠပုဏ်၊ မဟာပုဏ် ကုန်သည်ညီနောင်တို့က ပင့်ဖိတ်ဆောက်လုပ် လှူဒါန်းအပ်သော နံ့သာကျောင်းသို့ ကြွတော်မူသည်။ ထိုမှ ဖိုးဦးတောင်သို့ ကြွတော်မူကာ ရာမညတိုင်း ဥက္ကံ၊ သုံးဆယ်ဘက်သို့ ရောက်တော်မူလျှင် ရပ်သူရွာသားအပေါင်း သူ့ထက်ငါ ပင့်ဖိတ် လှူဒါန်းကြကုန်သည်။ ထိုအကြောင်းကို ဇောင်းတူမြို့ရှိ ပိဏ္ဍိက သူဌေးကြားလျှင် သားဖြစ်သူ စူဠသာဝက၊ မဟာသာဝက ညီနောင် နှစ်ဦးတို့ကို အဖကိုယ်စား ဆန်၊ ထောပတ်၊ ပျားသကာတို့ကို ယူဆောင်စေ၍ ဘုရားရှင်နှင့် သံဃာ ငါးရာအား ကပ်လှူရန် ခရီးဦးကြိုလွှတ်လိုက်၏။
ညီနောင်နှစ်ဦးလည်း စာမရီမြစ်ကို ဆန်တက်ပြီးနောက် ဥက္ကံ၊ သုံးဆယ်၌ ဘုရားရှင်ကို ဖူးတွေ့ရ၍ ဆွမ်းခဲဖွယ်တို့ကို လုပ်လှူပြီးနောက် "အရှင်ဘုရား တပည့်တော်၏ ဖခင် သူအိုကို သနားတော်မူသဖြင့် အစဉ်ထာဝရ ကိုးကွယ် ပူဇော်နိုင်ရန်အတွက် အရှင်ဘုရား၏ ကိုယ်စား ပူဇနိယ ဝတ္ထုတစုံတခုကို ပေးသနားတော်မူပါဘုရား" ဟု ရှိခိုး လျှောက်ထားသော် ဘုရားရှင်လည်း ဥက္ကံ၊သုံးဆယ် အရပ်မှ အရှေ့ဘက် ဇေယျဝဍ္ဎနတိုင်း ပေါင်းလောင်း အာသာဝတီမြစ်ကို ဖြတ်ကူးတော်မူ၍ ကျောက်ကြီးမြို့ အရှေ့ဘက် ကေလာသဖတောင်ထိပ်သို့ ကြွတော်မူကာ ၎င်းတောင်ထိပ်ရှိ အလျား ၂၅ တောင်၊ အနံ ၁၂ တောင် ရှိသော ကျောက်ဖျာကြီး၏ လက်ယာဘက် ကျောက်လုံးထက်၌ ရပ်တန့်တော်မူ၏။
ထိုအခါ ရှင်သီဝလိ မထေရ်က မြတ်စွာဘုရားရှင်အား နောင်အခါ ဝေနေယျသတ္တဝါအပေါင်းတို့အား သနားတော်မူသဖြင့် ကျောက်ဖျာထက်၍ ခြေတော်ရာတစ်ဆူ ထားတော်မူရန် ရိုသေစွာ လျှောက်၏။ သုံးလူ့ရှင်တော်သည် အနာဂတံသ ဉာဏ်တော်ဖြင့် ဆင်ခြင်လတ်သော ရှေးနောင်တော်ဘုရားများ တစ်ဆူမျှပင် ဤနေရာ၌ ခြေတော်ရာ ချသည်ကို မြင်တော်မမူ၍ ထပ်မံ ဆင်ခြင်လတ်သော် နုစဉ်ဘဝ ဥဒေါင်းမင်း ဖြစ်၍ ဤဒေသ၌ ကျင်လည်စဉ် ရှင်အာနန္ဒာ၊ ရှင်သီဝလိ ညီငယ် နှစ်ဦးတို့ကို စောင့်ရှောက်ကျွေးမွေးဖူးသော ဘဝကို မြင်တော်မူ၏။
အဘယ်သူသည် ငါ၏ ကိုယ်စား ခြေတော်ရာ ထားသင့်သနည်းဟု ဆင်ခြင်ပြန်သော် ရှင်သီဝလိ ညီထွေးသည် ဥဒေါင်းမင်းအဖြစ်ဖြင့် နေရာချင်း လဲလှယ် နေထိုင်ခဲ့ဖူးသော အာသေဝန ပစ္စည်းဆက် ပြည့်စုံသည်ကို မြင်ရကား ရှင်သီဝလိအား ခြေတော်ရာ ကိုယ်စား ချရန် ဗျာဒိတ်ကြား၏။ ထိုအခါ ရှင်သီဝလိလည်း ဗျာဒိတ်တော်အတိုင်း ဈာန်ဝင်စားကာ အဓိဋ္ဌာန်ပြု၏။
"ငါ၏ ခြေရာသည် ဤ ကျောက်အပြင်ဘက်၌ ကမ္ဘာပတ်လုံး တည်စေသော်။ နောင်သောအခါ ငါ့ခြေရာကို ပူဇော် ကိုးကွယ်ရကုန်သော အမျိုးလေးပါး လူအများတို့မှာ ငါ့ကဲ့သို့ အလား လာဘ်လာဘ ပွားများ၍ တိုးပွားချမ်းသာ သဒ္ဓါတရား ရှိစေသော်" ဟု ဓိဋ္ဌာန်တော်မူပြီးမှ ဘယ်ခြေဖဝါးဖြင့် ကျောက်ဖျာပေါ် ခြေရာ ခတ်နှိပ်တော်မူသည်။[၁]
ခြေတော်ရာစတင်တွေ့ရှိပုံ
ပြင်ဆင်ရန်ကျောက်ကြီးမြို့ဟူ၍ မဖြစ်ပေါ်မီ ရှင်သီဝလီခြေတော်ရာ တည်ရှိရာ ကေလာသဖတောင်သည် တောအတိ ဖုံးလွှမ်းနေပြီး အရှေ့တောင်ရိုးမှ ကရင်များ လာရောက်၍ ပန်းများ၊ အသီးအရွက်များ ခူးရောင်းကြသည်။ ကရင်သားအဖ တောင်ထိပ်သို့ တက်လာရာ တောင်စောင့်နတ်က ဖွတ်ယောင်ဆောင်ကာ ရှင်သီဝလိခြေတော်ရာ ရှိရာ ကျောက်ဖျာသို့ တက်ပြေး၏။ ကရင်သားအဖလည်း ဖွတ်ရလို၍ လှေကားထောင် တက်ရာ ဖွတ်ကို မတွေ့ရဘဲ ခြေတော်ရာကို တွေ့၍ ဤခြေရာသည် တန်ခိုးကြီးသော သူ၏ ခြေရာဟု စိတ်မှန်း၍ ပူဇော်ကန်တော့ကာ ပြန်လာ၏။ မိမိအမျိုးသားချင်းများနှင့် ဖုံးဝှက်ပြီး နှစ်စဉ်မပြတ် တန်ဆောင်မုန်းလနှင့် တန်ခူးလတွင် ထမင်း ဘောဇဉ်၊ ဆေးကွမ်း၊ လက်ဖက်တို့ဖြင့် ပူဇော်ရာ အဖျားအနာ ပျောက်ခြင်း၊ အသီးအနှံ ဖြစ်ထွန်းခြင်းနှင့် အသက်ရှည်ခြင်းတို့ဖြင့် ပြည့်စုံကြ၍ နှစ်များစွာ ကြာအောင် သိုသိုသိပ်သိပ် ကိုးကွယ်ကြသည်။
ရှင်သီဝလိခြေတော်ရာ ပေါ်တော်မူ
ပြင်ဆင်ရန်ကျောက်ကြီးမြို့ဟူ၍ လူနေစည်ကားလာပြီး ဦးတီ၊ မင်းအိုကြီး၊ ဦးကြောင်အိုနှင့် ငါးမြို့စား ငဆုတောင်းတို့က ၁၁၁၂ ခုနှစ်၌ ဖော်ထုတ်၍ စောင်းတန်းလှေကား ဆောက်လုပ်လှူဒါန်းကြသည်။
၁၂၁၄ ခု၌ ပြန်လည် မှေးမှိန်သွားပြီးနောက် မန္တလေးမြို့မှ ဆရာတော် ဦးပညာသီဟကို ကျောက်ကြီးမြို့ မင်းကျောင်း၌ ကျောင်းထိုင်စေပြီး ၁၂၄၆ ခု၊ သီတင်းကျွတ်လဆန်း ၈ ရက်၌ ခြေတော်ရာဂူကို ပြန်လည် ပြုပြင်ရန် တောင်းပန်ကြသည်။ ဆရာတော်မှ ပြုပြင်ရန် ပဋိညာဉ် ပေးပြီးနောက် ခြေတော်ရာဂူအတွင်းမှ နေ့ရောညပါ ရောင်ခြည်တော် ကွန့်မြူး၍ တန်ခိုးပြသည်ကို ဖူးကြရသည်။