ရှင်အဂ္ဂဓမ္မ (၁၂၄၀ - ၁၃၀၅) သည် "အဘယာရာမဆရာတော်" ဟု ထင်ရှားခဲ့သသည့် ကျမ်းပြုဆရာတော် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၂၄၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၁၁ ရက်နေ့တွင် မြင်းခြံမြို့မှ ၆ မိုင်အကွာတွင် တည်ရှိသည့် ဗလုံရွာ၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးရွှေဇင် - ဒေါ်ရွှေမှဲ့ ဖြစ်သည်။ ဆရာတော်သည် ငယ်စဉ်ကပင် ဦးရီးတော် ရှင်မဉ္စူထံတွင် သုံးနှစ်သားမှစကာ ဖိုးသူတော်ဘဝဖြင့် နေလာခဲ့သည်။ ဆယ်နှစ်အရွယ်တွင် သာမဏေ ဖြစ်ခဲ့သည်။ ဘွဲ့တော်မှာ "ရှင်အဂ္ဂ" ဖြစ်သည်။

ဆရာတော်သည် ခင်မကန်တိုက်အုပ်ဆရာတော် ဦးလက္ခဏထံတွင် စာပေများ သင်ကြားခဲ့သည်။ အရွယ်ရောက်သည့်အခါတွင် ရဟန်းပြုခဲ့ပြီး ရေစကြိုဆရာတော် ရှင်ဂန္ဓသာရထံတွင် စာပေများ သင်ကြားခဲ့ပြန်သည်။ ထို့နောက် သုံးဝါရသည့်အခါ မဟာဝိသုတာရာမတိုက်တွင် စာချဆရာတော်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် စကုမြို့သက်တော်ရှည်တိုက် ဆရာတော် ရှင်ပဏ္ဏဝထံတွင် ခင်မကန်တိုက်၊ ရွှေရေးဆောင်တိုက်များတွင် သီတင်းသုံးနေစဉ် ပရိယတ္တိသာသနဟိတစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။

ဆရာတော်သည် မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးထံတွင် ပရိယတ္တိကို ဆက်လက်ကာဆည်းပူး၍ သကျသီဟဓမ္မာစရိယစာချတန်းကို အောင်မြင်တော်မူခဲ့သည်။ ဆရာတော်သည် စာပေသင်ကြားပို့ချခြင်း၊ ကျမ်းဂန်ပြုစုခြင်းတို့ဖြင့် မွေ့လျော်သည်။

ဆရာတော်သည် အိန္ဒိယပြည်သို့ သွားရောက်ကာ သက္ကဋဘာသာကို ဆည်းပူးလေ့လာခဲ့သည်။ မဟာဝိသုဒ္ဓါရုံတိုက် သုဝဏ္ဏအုတ်ကျောင်းကို အလှူခံတော်မူသည်။

၁၂၉၁ ခုနှစ်တွင် အဘယာရာမကျောက်တိုက်ကြီးကို အပ်နှင်းခြင်း ခံခဲ့ရသသည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ကိုလည်း ချီးမြှင့်ခြင်း ခံခဲ့ရသည်။

၁၂၉၄ ခုနှစ်တွင် ရွှေကျင်နိကာယ တွဲဘက်ဝန်ဆောင် မဟာနာယက ဓမ္မသေနာပတိအဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသည်။ ၁၀၂ ခုနှစ်တွင် မော်လမြိုင်မြို့ အယယာရာမကျောင်းတိုက်တွင် သီတင်းသုံးတော်မူခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၃၀၅ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်နေ့တွင် စစ်ကိုင်းတောင်ရိုး၊ ဥမင် ၉၀ ချောင်၌ ပျံလွန်တော်မူခဲ့သည်။[၁]

ကျမ်းများ ပြုစုခြင်း ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည် —

၁။ အဘိဓာန်နိသျသစ်၊

၂။ မောဂ္ဂလာနဗျာကရဏနိသျ၊

၃။ မောဂ္ဂလာနပဉ္စိကာနိသျ၊

၄။ ဏွာဒိဝုတ္တိနိသျ၊[မှတ်စု ၁]

၅။ ဏွာဒိဝုတ္တိနိသျ

၆။ မုဒ္ဓဗောဓနိသျ၊

၇။ အမရကောသနိသျ၊

၈။ ဟိတောပဒေသ၊

၉။ သာရတ္ထဝိလာသိနီနိသျ၊

၁၀။ ကာတန္တနိသျ၊

၁၁။ ကာဗျဒဿဒဏ္ဍီနိသျ၊

၁၂။ ရဃုဝံသကာဗျ၊

၁၃။ မေဃဒူတနိသျ။[၁]

၁၄။ ဝိသုံဂါမ သီမာဝိနိစ္ဆယ

မှတ်စု ပြင်ဆင်ရန်

  1. ၂၊ ၃၊ ၄ ကျမ်းများကို ဆရာတော် တည်းဖြတ်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၆၂၊ ၁၆၃။