ရှရီမန်ဂျုံပင်သည် အမြင့်သုံးပေခန့် ရှိ၍ နှလုံးပုံအရွက် များ ထွက်သည်။ ထိုအပင်၏အပွင့်များ၌ ဝတ်ရည်များ ရှိ သဖြင့် ပျားများလာရောက်ကြသည်။ ရှရီမန်ဂျုံပင်မှ ရရှိသော ပျားရည်သည် လူကြိုက်အများဆုံး ဖြစ်သည်။ အရောင်မှာ နက် ၍ အနံ့ကောင်းသည်။

ရှရီမန် ဂျုံပင်၏ အသီးရောင်မှာ အမည်း၊ သို့မဟုတ် ညိုမှိုင်းရောင်ဖြစ်၍ သုံးမျက်နှာရှိသည်။ ဂျုံ၊ ပြောင်းနှင့် စပါး တို့သည် ကောက်နှံများ ဖြစ်ကြပြီးလျှင် မြက်မျိုးရင်းဝင်များ ဖြစ်ကြ၏။ ရှရီမန် ဂျုံမှာမူ ထိုကောက်နှံများနှင့် အဆက် အသွယ် မရှိသော်လည်း ယင်းအား ကောက်နှံဟူ၍ပင် ယူဆကြ လေသည်။

ရှရီမန်ဂျုံပွင့်တစ်ပွင့်မှ အစေ့တစ်စေ့ ရရှိနိုင်သည်။ ထို အစေ့များကို စုဆောင်းပြီးလျှင် မုန့်အဖြစ်နှင့်ဖြစ်စေ၊ ကြက်ငှက် များအတွက် အစာအဖြစ်နှင့်ဖြစ်စေ အသုံးပြုကြသည်။ ရှရီမန် ဂျုံတွင် စတာ့(ကစီ) အမြောက်အမြား ပါရှိသော်လည်း ဂျုံနှင့် စပါးတို့ကဲ့သို့သော ကောက်နှံစစ်များမှာကဲ့သို့ အဆီနှင့် ပရို တင်းများ မရှိလှချေ။

ရှရီမန်ဂျုံပင်သည် အာရှတိုက် အလယ်ပိုင်းတွင် မူလ ပေါက်ရောက်သည်။ ထိုနောက်တွင် တရုတ်ပြည်သို့ ယူဆောင် သွားပြီးလျှင် စိုက်ပျိုးယူကြသည်။ တရုတ်ပြည်၌ ရှရီမန်ဂျုံပင် ကို နှစ်ရာပေါင်းများစွာ စိုက်ပျိုးခဲ့ကြလေသည်။ ထိုနောက် အာရှတိုက်မှတစ်ဖန် ဥရောပတိုက်သို့ ယူဆောင်၍ စိုက်ပျိုးကြ သည်။ ထိုနောက်မှ ရှရီမန်ဂျုံပင်ကို အမေရိကတိုက်သို့ ယူ ဆောင်ပြီးလျှင် စိုက်ပျိုးကြသည်။ တစ်ခါက ရှရီမန်ဂျုံသည် အရေးပါခဲ့သော်လည်း ယခုအခါတွင်မူ ရှေးကကဲ့သို့ အရေး မပါလှတော့ချေ။

ရှရီမန်ဂျုံကို ကမ္ဘာက ရှေးကကဲ့သို့ ဂရုမမူကြသော်လည်း ထိုအပင်ကို အမြောက်အမြားပင် စိုက်ပျိုးလျက် ရှိကြပေသေး သည်။ ထိုသို့စိုက်ပျိုးကြသည်မှာ ထိုရှရီမန် ဂျုံသည် ခံနိုင်ရည် ရှိပြီးလျှင် အပင်၌ ရောဂါကျရောက်ခြင်း နည်းပါးသောကြောင့် ဖြစ်သည်။ စိုက်ပျိုးရာ၌လည်း မြေကြီးကို ဂရုတစိုက် ပြုပြင် ပေးရန် မလိုချေ။ ရှရီမန်ဂျုံသည် မြေဩဇာ ညံ့ဖျင်းသော မြေ၌ လည်း ပေါက်နိုင်သည်။ ထို့ပြင်အခြားကောက်နှံမျိုးများအတွက် ရေများလွန်းသော နေရာများတွင်လည်း ပေါက်နိုင်သည်။ နှင်း ပေါက်ခဲနှင့် အခြားအဖျက်အဆီးများရှိသော နေရာမျိုးတွင် စိုက်ပျိုးလေ့ရှိကြသည်။ ရှရီမန်ဂျုံသည် အပွားလွယ်သဖြင့် အစေ့များကို ကျဲကျဲ စိုက်ရသည်။ ပေါက်ရာတွင် သိပ်သည်းစွာ ပေါက်သဖြင့် အခြားမလိုလားအပ်သည့် အပင်များကို ပျက်စီး သွားနိုင်စေသည်။

အင်္ဂလန်နိုင်ငံတွင် ရှရီမန်ဂျုံပင်ကို အမဲအဖြစ်နှင့် မွေးမြူ ထားသော ငှက်များရှိရာ ဒေသတွင် နယ်နိမိတ်အဖြစ်လည်းကောင်း၊ ငှက်စာအဖြစ်လည်းကောင်း စိုက်ပျိုးလေ့ ရှိကြသည်။ ရှရီမန်ဂျုံ၏ ရုက္ခဗေဒအမည်မှာ ဖက်ဂိုပိုင်ရမ် အက်စကူလင်တမ် ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)