ရှောက်ပင်မျိုး
လိမ္မော်ပင်၊ ကမ္ဗလာပင်၊ သံပရာပင်၊ သံပရိုပင်၊ ရှောက်ချိုပင်၊ ရှောက်ပန်းပင်၊ ကျွဲကောပင်တို့ ပါဝင်သော အပင်မျိုးစုကို ရှောက်ပင်မျိုးဟု ခေါ်၍ ရူတာစီအီးမျိုးရင်းဝင်များ ဖြစ်ကြသည်။ ထိုမျိုးစုတွင် အထက်ဖော်ပြပါ ရှောက်ပင်နွယ်သော အပင်များသာမက အခြားမျိုးစိတ်များလည်း ရှိသေးရာ စုစုပေါင်းမျိုးစိတ် ၃ဝ ခန့် ပါဝင်သည်။ ရှောက်ပင်မျိုးတို့သည် အပူပိုင်းနှင့် အပူလျော့ပိုင်း ဒေသများ၌ စိုက်ပျိုးဖြစ်ထွန်း၍ ဆီးနှင်းနှင့် အလွန်အေးမြသော ဆောင်းရာသီဒဏ်ကို မခံနိုင်ကြချေ။ ယင်းတို့ မူလပေါက်ရောက်ရာဒေသသည် အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများ ဖြစ်ကြသည်။ ယင်းတို့အား ဘီစီ (ခရစ်တော်မပေါ်မီ) ၁ဝဝဝ ခန့်က တရုတ် လူမျိုးတို့က စတင်စိုက်ပျိုးခဲ့ကြသည်ဟုလည်း ဆိုကြသည်။
ရှောက်ပင်မျိုးတို့သည် မူလပေါက်ရောက်ရာ ဒေသများမှ ဥရောပတိုက်သို့ ခရစ်တော်ပေါ်စ ကာလခန့်တွင် ပျံ့နှံ့လာခဲ့သည်။ ပါလက်စတိုင်းနိုင်ငံတွင် အေဒီတစ်ရာစုနှစ်ခန့်ကပင် ရှောက်ပင်မျိုးတို့ကို တွေ့ကြရသည်၊ လေးရာစုနှစ် အလယ်ခန့်တွင် ဂရိနှင့် အီတလီနိုင်ငံတို့သို့ ပျံ့နှံ့သွားပြီးလျှင် တစတစဖြင့် အခြား ဥရောပနိုင်ငံများသို့လည်း ရောက်ရှိသွားသည်။ ငှက်ပျောပင်နှင့် အခြားသစ်သီး၊ သစ်ဖု၊ ဟင်းသီးဟင်းရွက်များ နည်းတူ ရှောက်ပင်တို့သည်လည်း စပိန်လူမျိုး ရေသစ် မြေသစ်ရှာသူများ၊ ကိုလိုနီ စတင်ထူထောင်သူ များနှင့်အတူ အမေရိကတိုက်သို့ ရောက်လာခဲ့ကြသည်။ အမေရိကတိုက်၌ ပူနွေးသော ရာသီဥတု ရှိကြသည့် ဖလော်ရီဒါ၊ တက်ဆက်၊ ကာလီဖိုးနီးယားပြည်နယ် စသည်တို့တွင် စိုက်ပျိုးဖြစ်ထွန်းသည်။ အာဟာရတန်ဖိုး အလွန်များသော အသီးများ ဖြစ်ကြ သဖြင့် လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့်က စတင်၍ ရှောက်မျိုးဝင် အသီးများကို စားသုံးမှု အလွန်များပြားလာခဲ့ရာ ယခုအခါ အမေရိကန် ပြည်ထောင်စုတွင် အခြားသစ်သီးပင် များထက် ရှောက်ပင်မျိုးတို့ကို အကြီးအကျယ် ပိုမိုစိုက်ပျိုး လုပ်ကိုင်လျက် ရှိလေသည်။
ရှောက်မျိုးပင် အပင်များတွင် သစ်ပင်ငယ်များလည်း ပါဝင်၍ ခြုံပင်များလည်း ရှိသည်။ အချို့အပင်မျိုးတို့သည် အရွက်အခက်များ ထူထပ်သိပ်သည်း၍ အပင်အနေအထား ရှုချင်စဖွယ် ဖြစ်သည်။ အချို့အပင်ကား အကိုင်းအခက်များ ကစဉ့်ကလျား ရှိတတ်သည်။ အရွက်တို့သည် အနံ့မွေးသည်။ လှပသော အပွင့်ကလေးများသည် အဖြူရောင်ဖြစ်၍ အခိုင်လိုက် ပွင့်ကြပြီးလျှင် သင်းပျံ့သောရနံ့ ရှိကြသည်။ မှည့်သော အသီးများသည် အဝါရောင်မှ လိမ္မော်ရင့်ရောင်အထိ အရောင် အမျိုးမျိုး ဖြစ်ကြသည်။ အသီးခွံသည် ခပ်ပွပွအပေါင်ငယ်များ ရှိပြီးလျှင် အချို့အခွံကပ်သည်။ အချို့သည် အခွံခွာ၍ လွယ်ကူ သည်။ အတွင်းသားသည် များသောအားဖြင့် ကြည့်လျှင် ရှောက်မျိုးဝင်အသီးတို့သည် ဗဲရီသီးများဟု ဆိုနိုင်သည်။ ရှောက်သခွားသည် ရှောက်မျိုးဝင် အသီးများအနက် အကြီးဆုံးဖြစ်၍ သံပရာသီးသည် အချဉ်ဆုံး ဖြစ်လေသည်။
ရှောက်မျိုးဝင်အသီးတို့သည် အာဟာရဓာတ် များပြားသော အစာမျိုးဖြစ်၍ ဗီတာမင်များနှင့် ဓာတ်ဆား ကြွယ်ဝကြသည်။ အထူးသဖြင့် ဗီတာမင်စီအများဆုံး ပါဝင်လေသည်။ ထိုကြောင့်ပင် ရှောက်မျိုးဝင်အသီးများကို အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသ ထွက်အသီးအနှံများအနက် အရေးပါဆုံးအဖြစ် ထားရှိကြလေသည်။
ယင်းသို့ဖြင့် ရှောက်မျိုးဝင်အပင်များကို အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြရာ ကမ္ဘာပေါ်၌ လိမ္မော်သီး အပါအဝင် ရှောက်မျိုးဝင်အသီးများ အများဆုံးထွက်ရှိသောနိုင်ငံသည် အမေရိကန်ပြည်ထောင်စု ဖြစ်သည်။ အသီးများ ရင့်ချိန်တွင်ဆွတ်ခူး၍ အသီးလုံး အတိုင်း တင်ပို့ရောင်းချခြင်း၊ အရည်ညှစ် ၍ စည်သွတ် ရောင်းချခြင်းတို့သည် အလွန်တရာ ကြီးကျယ်သော လုပ်ငန်းကြီးများ ဖြစ်ကြသည်။
မြန်မာနိုင်ငံသည် ရှောက်ပင်မျိုးတို့ ဖြစ်ထွန်းရာ ဒေသဖြစ်သည်။ သို့သော် နိုင်ငံခြားသို့ တင်ပို့ရလောက်အောင် အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိချေ။ နိုင်ငံတွင်းသုံးအတွက် လိမ္မော်သီးကို ရှမ်းပြည်၌ အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ကြသည်။ ကျွဲကောခြံများ ကို မော်လမြိုင် ခရိုင်ဘက်၌ တွေ့ကြရသည်။ သံပရာကိုလည်း နိုင်ငံတွင်းသုံးအတွက် အတော်အသင့်စိုက်ပျိုး လုပ်ကိုင်ကြရာ မြစ်ငယ်၊ ရွှေကျင်၊ မုတ္တမနှင့် တောင်ငူခရိုင် အတွင်းမှ အချို့ဒေသများတွင် သံပရာခြံ၌ အတော်အသင့် စိုက်ပျိုးလုပ်ကိုင်ကြသည်။ ရှောက်သခွား၊ ရှောက်ပုတ်(ရှောက်နု)၊ သံပရိုတို့ကိုကား အများအပြား စိုက်ပျိုးလုပ်ကိုင်ကြခြင်း မရှိချေ။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)