ရှေ့တော်သွင်း စာချွန်တော်

ကမ္ဘာပေါ်ရှိ အချို့သောနိုင်ငံများတွင် တစ်သီးပုဂ္ဂလ လွတ်လပ်မှု အခွင့်အရေး အပါအဝင် အချို့သောအခွင့်အရေး များကို နိုင်ငံသူနိုင်ငံသားတိုင်း ရယူခံစားနိုင်သော မူလအခွင့် အရေးများဟူ၍ သတ်မှတ်ထားတတ်လေသည်။ ယင်းမူလအခွင့် အရေးများကို အချို့သောနိုင်ငံများ၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် ထည့်သွင်းဖော်ပြထားသည်။ စင်စစ်ဆိုလျှင် မူလ အခွင့်အရေးများကို မည်သို့ပင် အခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားစေကာမူ ထိုအခွင့်အရေးများကို ရယူခံစားနိုင်စေရန် အတွက် အာမခံမည့် အစီအမံများ ရှိရပေဦးမည် ဖြစ်ပေသည်။ မူလအခွင့်အရေးများတွင် အပါအဝင် တစ်သီးပုဂ္ဂလ လွတ်လပ်မှုအခွင့်အရေး ဆိုသည်မှာ လူတစ်ဦး တစ်ယောက် အား တရားဥပဒေအရ မဟုတ်ဘဲ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ အနိုင့်အထက်ပြုခြင်းတို့မှ လွတ်လပ်ခွင့်ကို ဆိုလိုပေသည်။ အင်္ဂလန်နိုင်ငံတွင် တစ်သီးပုဂ္ဂလ လွတ်လပ်မှုအခွင့်အရေးကို တရားရုံးများက ကာကွယ်စောင့်ရှောက်ပေးသည်။ ထိုနိုင်ငံတွင် တစ်ဦးတစ်ယောက်သောသူကို ပြစ်မှုတစ်စုံတစ်ခုဖြင့် စွပ်စွဲခြင်း မရှိဘဲနှင့်သော်လည်းကောင်း၊ ထိုပြစ်မှုဖြင့် ရုံးတင်စစ်ဆေး အပြစ်ပေးခြင်း မခံရဘဲနှင့်သော်လည်းကောင်း မည်သို့မျှ ဖမ်းဆီးထားခြင်း မပြုနိုင်ချေ။ ပြစ်မှုဖြင့် စွပ်စွဲဖမ်းဆီးထားလျှင်လည်း မကြာမတင် တရားရုံး တွင် စစ်ဆေးရမည်။ ထိုသို့မဟုတ်ဘဲ ဖမ်းဆီးထားလျှင် မတရားချုပ်နှောင်ထားခြင်း မည်ပေသည်။

မတရား ဖမ်းဆီးချုပ်နှောင်ခြင်း ခံရသူသည် မိမိအား ဖမ်းဆီးချုပ်နှောင်သူအား အပြစ်ရစေရန် တရားစွဲ ဆိုနိုင်သည်။ လျော်ကြေးလည်း တရားစွဲ တောင်းဆိုနိုင်သည်၊ ထိုမှတစ်ပါး ရှေ့တော်သွင်း စာချွန်တော်အမိန့် ထုတ်ဆင့်ပေးပါရန် ရုံးတော် တစ်ရပ်ရပ်သို့ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံနေရသူကိုယ်တိုင် ဖြစ်စေ၊သူ၏ ကိုယ်စား တစ်ဦးတစ်ယောက်က ဖြစ်စေ လျှောက်ထားနိုင်သည်။

ရှေ့တော်သွင်း စာချွန်တော်အမိန့်ဟူသည်မှာ သူ၏ကိုယ် ကို ဆောင်ကြဉ်းခဲ့ဟူ၍ အနက်ပေါ်လွင်သည့် လက်တင် ဘာ သာစကား ဟေးဗီယပ်ကော်ပတ်ကို ဆီလျော်အောင် ပြန်ဆို ထားခြင်း ဖြစ်လေသည်။ ရှေ့တော်သွင်း စာချွန်တော်အမိန့် ထုတ်ဆင့်ပေးပါရန် ရုံးတော်သို့ လျှောက်ထားသောအခါ ရုံး တော်က ချုပ်ထားသူ ရဲအရာရှိ၊ သို့မဟုတ် ထောင်မှူးအား အချုပ်ခံနေရသူကို ရုံးတော်သို့ ခေါ်ဆောင်လာရန် အမိန့်ထုတ် ပေးပြီးလျှင် အဘယ်ကြောင့် ထိုသို့ဖမ်းဆီးချုပ်နှောင်ထားရ ကြောင်းကို ထုချေလွှာတောင်းဆိုလေသည်။

အကယ်၍ တရားဝင်သော အကြောင်းတစ်စုံတစ်ရာ မရှိဘဲ လျက် ဖမ်းဆီးချုပ်နှောင်ထားခဲ့လျှင် အချုပ်ခံနေရသူအား လွှတ် လိုက်ရသည်။ ထိုသို့မဟုတ်လျှင်လည်း နည်းလမ်းတကျ စစ် ဆေးခြင်းပြုရသည်။ ရှေ့တော်သွင်း စာချွန်တော်အမိန့်၏အဓိက ရည်ရွယ်ချက်သည် လူများအား တရားသဖြင့် ရုံးတင်စစ်ဆေး ခြင်း မပြုဘဲ ကြာမြင့်စွာ ဖမ်းဆီးချုပ်နှောင်ထားခြင်းကို ကာ ကွယ်ရန်ပင် ဖြစ်၏။ ထို့ပြင် အုပ်ချုပ်ရေးဌာနက တရားဥပဒေ အတိုင်း တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ရန်အတွက်လည်း ဖြစ်၏၊ တရားရုံးတော်များ၏ အကူအညီဖြင့် အုပ်ချုပ်ရေးဌာန ၏ တရားလက်လွတ် အပြုအမူများကို တားဆီးနိုင်အောင် စီမံ ထားခြင်းပင်တည်း။ ထိုသို့ လူများ၏လွတ်လပ်ရေးကို စောင့် ထိန်းပေးသဖြင့် ရှေ့တော်သွင်းစာချွန်တော်အမိန့်ကို တစ်သီး ပုဂ္ဂလလွတ်လပ်ရေး စာချွန်တော်အမိန့်ဟူ၍လည်း တစ်နည်း အားဖြင့် ခေါ်စမှတ်ပြုကြလေသည်။

ရှေ့တော်သွင်း စာချွန်တော်၏ မူလအစသည် အင်္ဂလန် နိုင်ငံ ဖြစ်သည်။ အင်္ဂလန်နိုင်ငံအရှင် ဂျွန်ဘုရင်သည် လူ့သမိုင်း တွင် ပြည်သူ့အခွင့်အရေးကို ပထမဆုံး သတ်မှတ်ပေးသော မဂ္ဂနာကာတာစာချုပ်ကြီးကို လက်မှတ်ရေးထိုးရသောအခါ လူတစ်ဦးတစ်ယောက်အား နိုင်ငံ၏ တရားဥပဒေအရ မဟုတ် ဘဲ မတရားသဖြင့် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ထားခြင်းမပြုပါဟု ကတိပေးရသည်။


ယင်းသို့ဖြင့် ရှေ့တော် သွင်း စာချွန်တော်ဟု ပေါ်ပေါက်လာသည်။ သို့သော် စတူးဝပ် မင်းများ လက်ထက်ကျမှသာလျှင် ထိုစာချွန်တော်ကို စတင် အသုံးပြုနိုင်ခဲ့ကြသည်။ ထိုအခါမှစ၍ ရှေ့တော်သွင်းစာချွန်တော် သည် အင်္ဂလိပ်မူလ ဥပဒေများ၏ တစိတ်တစ်ဒေသဖြစ်လာ၍ နောင်အခါတွင် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့ တွင်လည်း ထိုနိုင်ငံများ၏ တရားဥပဒေအစိတ်အပိုင်းတစ်ရပ် ဖြစ်လာသည်။

နိုင်ငံတော်သစ္စာဖောက်မှု၊ သို့မဟုတ် သေဒဏ်၊ သို့မဟုတ် တစ်သက်တစ်ကျွန်းဒဏ်ပေးနိုင်သော ရာဇဝတ်မှုကြီးနှင့်မဟုတ် ဘဲ အခြားပြစ်မှုများကြောင့် ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံနေရ သူများသည် ရှေ့တော်သွင်း စာချွန်တော်အမိန့် ထုတ်ဆင့်ပေး ရန်နှင့် အာမခံပေးရန် လျှောက်ထားတောင်းဆိုနိုင်သည်။ သို့ရာတွင် နိုင်ငံတော်၌ တစ်မျိုးသားလုံးနှင့် သက်ဆိုင် သော အရေးတကြီးကိစ္စများ ပေါ်ပေါက်နေပါက တစ်သီးပုဂ္ဂလ လွတ်လပ်မှုအခွင့်အရေး ရယူနိုင်ခွင့်ကို နိုင်ငံတော်အစိုးရက ခေတ္တရပ်ဆိုင်းထားနိုင်လေသည်။

ရှေ့တော်သွင်းစာချွန်တော်ကို တရားမဝင်သော ဖမ်းဆီး ချုပ်နှောင်ထားခြင်းများအတွက် အပြင်၊ အခြားအသုံးပြုရသော နေရာများရှိသေးသည်၊ ခင်ပွန်းသည်က ဇနီးသည်အား မတရား ချုပ်တီးထားကာ ည|ဉ်းပန်း နှိပ်စက်နေလျှင်လည်း ရှေ့တော် သွင်း စာချွန်တော်ကို အသုံးပြုနိုင်သည်။ ကွာရှင်းထားသော မိဘတစ်ဦးဦးသည် တရားရုံးက ခွင့်ပြုထားသည့်အချိန်ထက် ကျော်လွန်ကာ မိမိ၏ သားသမီးကို ထိန်းသိမ်းထားသေးပါ လျှင် တစ်ဖက်က တရားရုံးတွင် ရှေ့တော်သွင်းစာချွန်တော်ဖြင့် လျှောက်ထား၍ ထိုသားသမီးကို ခေါ်ယူနိုင်ခွင့် ရှိလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)