၁၉၀၀ပြည့်နှစ်တွင် တရုတ်နိုင်ငံ မြောက်ပိုင်းကို အခြေပြုကာ ပေါ်ပေါက်ခဲ့သည် လက်သီးအုံကြွမှု (သို့) လက်သီးပုန်ကန်မှု(Boxer Uprising) သည် တရုတ်အမျိုးသားရေးလှုပ်ရှားမှု တစ်ရပ်ဖြစ်ကာ တရုတ်နိုင်ငံအား နောက်ဆုံးအုပ်ချုပ်သည့် မန်ချူးမင်းဆက်အားလည်းကောင်း၊ နယ်ချဲ့နိုင်ငံခြားသားများအားလည်းကောင်း အလုံးစုံပုန်ကန်သည့် တော်လှန်ရေးဖြစ်သည်။ ထိုတော်လှန်ပုန်ကန်မှုကြီးကြောင့် ပဒေသရာဇ်မန်ချူးအစိုးရ အားနည်းချိနဲ့သွားရပြီး တိုးတက်ပွင့်လင်းသော ပညာတတ်လူငယ်များ၏ ဦးဆောင်မှုတို့ဖြင့် နောင် ၁၁နှစ်အကြာတွင် တရုတ်သမ္မတနိုင်ငံကို တည်ထောင်နိုင်ခဲ့သည်။

၁၈၉၈ခုနှစ်မှစကာ တရားမျှတသော လက်သီးများ အမည်ရှိ အသင်းကို မြောက်ပိုင်းတရုတ်လယ်သမားများက လျှို့ဝှက်တည်ထောင်ဖွဲ့စည်းခဲ့သည်။ ၁၉၀၀ ပြည့်နှစ်အရောက်တွင် ထိုအသင်းကြီး အင်အားကောင်းလာကာ တော်လှန်ရေးကြီး စတင်သည်။ ရည်မှန်းချက်မှာ ကိုလိုနီစနစ်ဆန့်ကျင်ရေး၊ ခရစ်ယာန်ဘာသာဆန့်ကျင်ရေး ဖြစ်သည်။ ထိုရည်မှန်းချက်အတိုင်းပင် နိုင်ငံခြားသားနှင့် တရုတ်လူမျိုး ခရစ်ယာန်ဘာသာဝင် အမြောက်အများအား သတ်ဖြတ်ခဲ့သည်။

အစပိုင်းတွင် မန်ချူးအစိုးရအနေဖြင့် လက်သီးသူပုန်များအား နှိမ်နှင်းခဲ့သော်လည်း နောက်ပိုင်းတွင် သူပုန်တို့ကို ထောက်ခံကာ ပြည်ပဩဇာလွှမ်းမိုးခြင်းကို ဖယ်ရှားရန်ကြိုးပမ်းလာသည်။ မေလတွင် လက်သီးသူပုန်များသည် ကျေးလက်များမှ ဘေကျင်းမြို့တော်သို့စုရုံးလာသလို မန်ချူးအစိုးရမှလည်း ပြည်ပတိုင်းပြည်များကို စစ်ကြေညာရန် ကြိုးပမ်းလာသည်။ သို့ဖြင့် အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ အီတလီ၊ ဂျပန် စသော မဟာမိတ် ၈ နိုင်ငံတို့မှ သံတမန်တို့သည် သံတမန်ရိပ်သာတွင် ၅၅ ရက်ကြာ ပုန်းအောင်နေထိုင်ခဲ့ရသည်။ ထို သံတမန်များနှင့် မိသားစုများအားလည်းကောင်း၊ ကျန်အရပ်သားများအားလည်းကောင်း ကယ်တင်ရန်အကြောင်းပြ၍ မဟာမိတ် ၈ နိုင်ငံတို့မှ စစ်တပ်များစေလွှတ်ကာ တိုက်ခိုက်ခဲ့သည်။ သို့သော် ထိုစစ်တပ်များမရောက်လာမီ ဇွန်လ၊ ၁၈ ရက်နေ့တွင် မိဖုရားကြီး ရှီစီးမှ နိုင်ငံခြားသားများအား သတ်ရန်အမိန့်ပေးခဲ့သဖြင့် သံတမန်များနှင့် မိသားစုဝင်များပါ သတ်ဖြတ်ခံရသည်။

ဩဂုတ်လတွင် နိုင်ငံစုံတပ်ဖွဲ့များ ဘေကျင်းမြို့တော်ကို သိမ်းပိုက်နိုင်ခဲ့သဖြင့် လက်သီးသူပုန်ထမှုကို ထိန်းချုပ်နှိမ်နှင်းနိုင်သည့် အပြင် မန်ချူးအစိုးရထံမှလည်း စစ်လျှော်ကြေးငွေ စုစုပေါင်း ပေါင် ၆၇ သန်းကို နှစ်ကာလ ၃၉ နှစ်အတွင်း အပြေအလည်ပေးဆပ်စေသည့် boxer protocol သဘောတူညီချက်ကိုပါ အရယူခဲ့ကြသည်။