လချေး

တွင်းထွက်ပစ္စည်းတစ်မျိုး

လချေးသည် တွင်းထွက်ပစ္စည်းတစ်မျိုး ဖြစ်သည်။ ကျောက် များတွင် ဖွဲ့စည်းပါဝင်သဖြင့် နေရာတကာတွင် အနှံ့အပြား တွေ့ရသည်။ ကမ္ဘာပေါ်တွင် လချေးအမျိုးမျိုး ရှိသည့်အနက် မပ်စကိုဗိုက်၊ ဗိုင်အိုတိုက်၊ ဖလော့အိုပိုက်နှင့် လီပစ်အိုလိုက်တို့ မှာ လူသိအများဆုံး ဖြစ်သည်။ လချေးသည် ဓာတ်သဘောအား ဖြင့် အလွန်ရှုပ်ထွေးသောပစ္စည်းဖြစ်သည့်ပြင် နေရာကို လိုက်၍ လည်း တစ်မျိုးနှင့်တစ်မျိုး ကွဲပြားခြားနားလေသည်။ များသော အားဖြင့် လချေးသည် အယ်လကာလီများနှင့် ဗေ့ဆစ် ဟိုက်ဒြို ဂျင်တို့ ရောနှောပါဝင်သော အလှူမီနီယမ်ဆီလီကိတ်ဖြစ်သည်။ တစ်ခါတစ်ရံ သံ၊ ကရိုမီယမ်၊ မန်ဂရိ၊ ဗေရီယမ်တို့ကို လချေး တွင် တွေ့ရ၏။ အချို့လချေးမျိုးတွင် ဖလိုရင်း အမြဲတမ်း ပါရှိ တတ်သည်။ လချေးအမြောက်အမြားထွက်သော ဒေသများမှာ အိန္ဒိယနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဗရာဇီးနိုင်ငံတို့ ဖြစ် သည်။ အိန္ဒိယနိုင်ငံမှ ထွက်သော လချေးကို ဗင်္ဂလားနယ်နှင့် မဒရပ်နယ်များမှ တူးဖော်ရရှိကြ၍ များသောအားဖြင့် ထိုလချေး မှာ မပ်စကိုဗိုက် လချေးမျိုး ဖြစ်သည်။ မပ်စကိုဗိုက် အမျိုး သည် အလွန်ကောင်းသော အလင်းပေါက်ပစ္စည်းဖြစ်၍ မှန်နီး ပါးမျှ ကြည်လင်သည်။ လချေးအမျိုးမျိုး ရှိသည်နှင့်အမျှ အရောင်များလည်း အဝါ၊ အစိမ်း၊ အညို၊ အနီ၊ အမည်း စသည်ဖြင့် အမျိုးမျိုးရှိသည်။

လချေးသည် အလင်းပေါက်ပစ္စည်းဖြစ်၏။ မီးနှင့်အပူချိန် ရုတ်တရက် ပြောင်းလဲခြင်းတို့ကို ခံနိုင်ရည် ရှိသဖြင့် မီးဖို ပြတင်းများတွင် တပ်ဆင်ရန်၎င်း၊ စက်မီးဖိုများ၌ ကြည့်ပေါက် များ ပြုလုပ်ရန်၎င်း၊ ဓာတ်မီးပြောင်းများ ပြုလုပ်ရန်၎င်း အသုံး ပြုသည်။ ရှေးအခါက အိမ်ပြတင်းပေါက်များနှင့် အချို့ စစ် သင်္ဘောတို့၏ လေဝင်ပေါက်များတွင် မှန်အစား လချေးကို တပ်ဆင်သုံးစွဲခဲ့လေသည်။ လျှပ်စစ်ဓာတ်လိုက် အလွန်ညံ့ဖျင်း သော ပစ္စည်းဖြစ်၍ ယခုအခါ လျှပ်စစ်လုပ်ငန်းတွင် လျှပ်စစ် ဓာတ်ကာများ ပြုလုပ်ရာ၌ အများဆုံး အသုံးပြုကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)