လစ်ဗာဝတ်ပင်များသည် စွတ်စိုထိုင်းမှိုင်းသော ရာသီဥတုကို နှစ်သက်ကြသဖြင့် ချမ်အေးသော တောင်ထိပ်များ၊ စိုစွတ်သော မြေကွက်လပ်များ၊ လောင်းရိပ်ရှိသော နေရာများနှင့် သစ်တုံးများပေါ်တွင် အများအပြား ပေါက်လေ့ရှိကြသည်။ လစ်ဗာဝတ် တစ်ပင်လုံးသည် သစ်ရွက်ကဲ့သို့ ပြားချပ်၍နေပြီးလျှင် ဘေးပတ်လည်တွင် အဝိုက်ဝိုက်ဖြစ်၍ နေသည်။ အပွင့်မပွင်သည့်အပြင် ပင်စည်နှင့်အရွက်ဟူ၍လည်း သီးခြားမရှိချေ။ ထိုသို့ဖြစ်နေသောကြောင့် သစ်ပင် သို့မဟုတ် ကျောက်တုံးတစ်ခုခုတွင် ကပ်၍ ပေါက်ရောက်နိုင်ခြင်းဖြစ်ပေသည်။ လစ်ဗာဝတ်ပင်၏ ပုံသဏ္ဌာန်မှာ လူ၏အသည်းနှင့်တူခြင်းကြောင့် အင်္ဂလိပ်ဘာသာစကားဖြင့် 'လစ်ဗာဝတ် (အသည်းပန်း)' ဟုတွင်ခြင်းဖြစ်ပေသည်။ ကမ္ဘာပေါ်တွင် လစ်ဗာဝတ်ပင် မျိုးစိတ်ပေါင်း ၈ဝဝဝ ကျော်ရှိသည်။ လစ်ဗာဝတ်ပင် အမြောက်အမြားသည် သေးငယ်ကြသည်သဖြင့် လူတို့၏ လျစ်လျူရှုခြင်းကို ခံကြရလေသည်။ အချို့သည် ရေညှိပင်နှင့် တူလှသဖြင့် ရေညှိပင်များဟုပင် မှတ်ထင်တတ်ကြသည်။ အချို့ လစ်ဗာဝတ်အပင်များကမူ ထင်ရှားကြပြီးလျှင် အပေါ်ပိုင်းအရောင်မှာ များသောအားဖြင့် အစိမ်းနုရောင်ဖြစ်သည်။ အောက်ပိုင်းတွင် ကား အဖြူရောင်ဖြစ်၍ ရိုင်ဇွိုက်ခေါ် အမြစ်ငယ် အမွေးနုကလေးများ ရှိသည်။ အစိမ်းရောင်ဖြစ်သော ကျောပိုင်းတွင် အချို့လစ်ဗာဝတ်မျိုး၌ ဂျင်မီ ခေါ် စည်ပိုင်းပုံသဏ္ဌာန် အင်္ဂါကလေးများရှိသည်။ ထိုစည်ပိုင်းပုံ အင်္ဂါကလေး များထဲတွင် ဂျင်မီခေါ် မျိုးစေ့ကလေးများရှိသည်။ ထိုဂျင်မီကလေးများသည် လစ်ဗာဝတ်အပင်သစ်များ ပြန့်ပွားရန်အတွက် မျိုးစေ့ဖြစ်သည်။ အချို့ လစ်ဗာဝတ်များတွင်မူ အပင်၏ ကျောဖက်တွင် ထီးပုံသဏ္ဌာန် အတက်ကလေးများ ထပ်၍ပေါက်သည်။ အတက်ကလေးများအချို့တွင် အမအင်္ဂါရှိ၍ အချို့ တွင် အဖိုအင်္ဂါရှိသည်။ အဖိုနှင့်အမ တွေ့ထိကြခြင်းဖြင့် မျိုးမှုန်များဖြစ်လာသည်။ မျိုးမှုန်များ မြေကြီးပေါ်တွင် ပြန့်ကြဲ၍ အပင်သစ်များ ထပ်၍ ပေါက်လေသည်။ လစ်ဗာဝတ်သည် ဟီပက်တီစီး မျိုးပေါင်းတွင် ပါဝင်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)