လတ်စပါပင်ဆိုသည်မှာ ဗတ်တားကပ်မျိုးရင်းဝင် ဒယ် လဖင်နီယမ်ခေါ် အပွင့်အုပ်စုကို ခေါ်ခြင်းဖြစ်သည်။ ဥယျာဉ်စိုက်ပျိုးသူများ က နှစ်ကြာခံပင်မျိုးကို ဒယ်လဖင်နီယမ်ဟုခေါ်ကြ၍ တစ်နှစ်ခံပင်မျိုးကိုမူ များသောအားဖြင့် လတ်စပါဟုခေါ်ကြသည်။ လတ်စပါပင်သည် ကမ္ဘာလုံး ခြမ်းနှစ်ခုလုံးတွင် အေးသောဒေသများ၌ ပေါက်ရောက်လေသည်။ လတ်စပါး (မိုးစွေငှက်၏အတက်) ဆိုသောအမည်သည် အပွင့်တိုင်၏ အပေါ်ဘက်ရှိ ပွင့်ဖတ်သည် ကြက်တက်ကဲ့သို့ ကောက်နေခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ် သည်။ အခြားပွင်ဖတ်ငါးဖတ်ကမူ အတူတကွ ထွက်ပေါ်နေကြလေသည်။ ထိုပွင့်ဖတ်တို့သည်လည်း ပုံသဏ္ဌာန်များတွင် မညီညာကြချေ။ သိရသမျှသော လတ်စပါပင်မျိုးတစ်ရာခန့်အနက် အငယ်ဆုံးသည် တစ်ပေခန့်သာရှိ၍ အချို့ကမူ ငါးပေမှ ခုနစ်ပေအထိ ရှိကြလေသည်။ ပန်း ပွင့်များ၏ အရောင်မှာ အပြာ၊ အဖြူ သို့မဟုတ် ပန်းရောင်ဖြစ်နိုင်သည်။ ဥရောပတိုက် လတ်စပါပင်တစ်မျိုးကို ဆေးဝါးဘက်တွင် အသုံးပြုနိုင်၍ လတ်စပါပင်မှ အဆိပ်ဖြစ်သည်ကိုလည်း တွေ့ရသည်။ သိုးများသည် လတ် စပါပင်ကိုစားခြင်းကြောင့် အဆိပ်မသင့်ကြချေ။ မြင်းများတွင်မူ အနည်းငယ် အဆိပ်ဖြစ်တတ်သည်။


လတ်စပါပင်မျိုး အမြောက်အမြားကို အလှစိုက်လေ့ရှိကြသည်။ ယင်းတို့ကို ဂရုတစ်စိုက် ပြုပြင်ပေးရန် မလိုချေ။ မည်သည့်မြေမျိုး၌မဆို စိုက်ပျိုးနိုင်သည်။ လတ်စပါပင် အကောင်းဆုံးပေါက်ရောက်သည့် နေရာမှာ လေအများအပြားရရှိသော နေရာမျိုးဖြစ်သည်။ များသောအားဖြင့် လတ်စပါ ပင်ကို အစေ့မှစိုက်ယူလေ့ရှိသည်။ အချို့ လတ်စပါပင်မျိုးက နွေရာသီ နောက်ကျကျ သို့မဟုတ် ဆောင်းကူးရာသီ စောစောပိုင်းတွင် တစ်ကြိမ် ထပ်၍ပွင့်လေသည်။ လတ်စပါပင်သည် ရနန်ကျူလေးစီအီး မျိုးရင်းတွင် ပါဝင်သော ဒယ်လဖင်နီယမ်မျိုးစုဝင် ဖြစ်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)