လဗင်ဒါပင်
Lavender | |
---|---|
![]() | |
Lavender flowers with bracts | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Asterids |
မျိုးစဉ်: | Lamiales |
မျိုးရင်း: | Lamiaceae |
မျိုးရင်းသေး: | Nepetoideae |
မျိုးဇာတ်: | Ocimeae |
မျိုးစု: | Lavandula L. |
Type species | |
en:Lavandula spica | |
Synonyms[၁] | |
|
လဗင်ဒါပင်သည် လာဗီအားတီ မျိုးရင်းတွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ လဗင်ဒူလာဗီရာ ဖြစ်သည်။ လဗင်ဒါပင်သည် ချုံပင်ငယ်မျိုး ဖြစ်၍ အပွင့်နှင့် အရွက်များတွင် မွှေးကြိုင်သော အနံ့များ ရှိကြသည်။ ယင်း၏ မူလပေါက်ရာ အရပ်များမှာ မြေထဲပင်လယ်ဒေသများနှင့် အာရှ တိုက် အနောက်တောင်ဘက်ရှိ တိုင်းပြည်များ ဖြစ်ကြသည်။ ထိုဒေသများတွင် အလေ့ကျပေါက်၍ မျိုးစိတ်ပေါင်း ၂ဝ ခန့်ရှိသည်။
လဗင်ဒါပင်၏ အရွက်များသည် သေးသွယ်ရှည်လျား၍ အပင်ရင်းနားတွင် စု၍ထွက်ကြသည်။ အပင်၏အမြင့်မှာ ၁၈ လက်မ ကျော်ကျော်လောက်သာ ရှိသော်လည်း အရွက်များ အကြားမှ ထိုးထွက်လာသော အပွင့်တံများသည် နောက်ထပ် ၁၈ လက်မခန့် ရှည်သောကြောင့် အပွင့်နှင့်တကွ တစ်ပင်လုံး၏ အမြင့်မှာ သုံးပေနှင့် လေးပေ အကြားတွင် ရှိသည်။ ခရမ်းနု ရောင် အသွေးရှိသော အပွင့်များသည် ပွင့်တံတလျှောက် ပတ်၍ ပွင့်ကြသည်။ အပွင့်များတွင် လွင့်ပြယ်လွယ်သော အဆီတစ်မျိုး ပါရှိရာ အပွင့်များကို ရေနှင့် ပေါင်းခံ၍ ထိုအဆီကို ထုတ်ယူကြသည်။ ထိုအဆီအတွက် လဗင်ဒါပင်များကို စိုက်ပျိုးကြသည်။ လဗင်ဒါအဆီများကို အဓိကအားဖြင့် ရေမွှေး၊ ပေါင်ဒါ၊ ဆပ်ပြာမွှေးလုပ်ငန်းများတွင် အသုံးပြုကြသည်။ အားဆေး၊ အစာကြေ ဆေးများတွင်လည်း ဘယဆေးအဖြစ်ဖြင့် အသုံးပြုကြသည်။ လဗင်ဒါပွင့်နှင့် ပွင့်တံများကို နေပူသည့်အခါတွင် ဆွတ်ခူးရသည်။ သို့မှသာ ထိုအပွင့်များ ခြောက်သွားသည့်အခါ အမွှေးနံ့သာလုံးလုံး ရရှိနိုင်သည်၊ အဝတ်အစားများကို ဗီရိုများ၊ သေတ္တာများတွင် ထည့်၍ သိမ်းဆည်းရာ၌ လဗင်ဒါပန်းပွင့် အခြောက်များကိုပါ ထည့်၍ ထားတတ်ကြသည်။ သို့ဖြင့် အဝတ်အထည်များတွင် လဗင်ဒါပန်းနံ့ မွှေးနေပြီးလျှင် ပိုးဟတ်၊ ခြစသော ပိုးကောင်များ၏ ဘေးမှလည်း ကင်းလွတ်သည်။
ဆိုင်ကြီးများတွင် ရောင်းချလျက်ရှိသော လဗင်ဒါရေမွှေး မှာ လဗင်ဒါဆီနှင့် အရက်ပျံ ရောစပ်ထားခြင်း ဖြစ်သည်။ လဗင်ဒါပင်များသည် နေရောင်ကောင်းစွာရရှိ၍ ခြောက်သွေ့ ကြေမွသော မြေများတွင် ကောင်းစွာ ဖြစ်ထွန်းသည်။ စိုက်ပျိုးရန် အကောင်းဆုံးနည်းမှာ တစ်နှစ်သားအပင်များမှ အကိုင်းများကို ဖြတ်၍ ပြန်စိုက်ခြင်းပင် ဖြစ်လေသည်။[၂]
ကိုးကားပြင်ဆင်
- ↑ World Checklist of Selected Plant Families: Royal Botanic Gardens, Kew။ kew.org။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)