ဦးလမ်းကျင်ထန် (အင်္ဂလိပ်: Lam Cin Thang) သည် ချင်းလူမျိုး ခရစ်ယာန်ဓမ္မဆရာတစ်ဦး ဖြစ်သည်။ ၁၉၄၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ချင်းပြည်နယ်တီးတိန်မြို့နယ် ထုတ်လှိုင်ရွာတွင် ဖခင် ဦးဆောန်ထောင်း အမိ ဒေါ် မန်ဒိမ်း တို့မှ မွေးဖွားသည်။ သူသည် မြန်မာနိုင်ငံအနှံ့တွင် သာသနာပြုသော ခရစ်ယာန် ဓမ္မအမှုတော်ဆောင် တစ်ပါးဖြစ်သည်။[၁] ယခုလက်ရှိတွင် သံလျင်မြို့၌ရှိသော လူမျိုးတကာ ဓမ္မကျောင်း ၌ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။[၂][၃]

ပညာရေး ပြင်ဆင်ရန်

ထုတ်လှိုင်ရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းပညာသင်ကြားခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် တီးတိန်မြို့ အခြေခံပညာအထက်တန်းကျောင်း မှ ၁၀ တန်းအောင်ပြီး ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွင်ပညာသင်ယူခဲ့ရာ ၁၉၆၈ ခုနှစ်တွင် သမိုင်း အဓိကဘာသာဖြင့် ဘီအေ (BA) ဘွဲ့ ကို ရရှိခဲ့သည်။

၁၉၈၀-၈၃ ခုနှစ်တွင်  အိန္ဒိယ နိုင်ငံ Serampore Senate, Union Bible Seminary တွင် ကျမ်းစာကျောင်း တက်ရောက်ခဲ့ပြီး Bachelor of Divinity (BD) ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် တောင်ကိုးရီးယား နိုင်ငံ ACTS တွင် D.Min အတန်းကို တက်ရောက်ခဲ့သော်လည်း ဘွဲ့မရခင် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ အင်းစိန် မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် (Myanmar Institute of Theology MIT) ၏ UTS/MIT Joint Program တွင် ဆက်လက် ပညာသင်ကြားပြီး ၂၀၀၈ ခုနှစ်တွင် အင်းစိန် မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် (Myanmar Institute of Theology MIT) မှ D.Min ဘွဲ့ကို ဆွတ်ခူး ရရှိခဲ့သည်။[၃]

အလုပ်အကိုင် ပြင်ဆင်ရန်

ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် မှဘွဲ့ရပြီး ၁၉၆၉ မှ ၁၉၇၂ ခုနှစ်များတွင် ချင်းပြည်နယ် ဟရီဖီး ရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းဆရာ (SAT) အလုပ် စတင်လုပ်ကိုင်သည်။ ထို့နောက် ၁၉၇၂-၁၉၇၅ ခုနှစ်များတွင် ချင်းပြည်နယ် ဟားခါးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ ၁၉၇၅ -၁၉၇၈ ခုနှစ်များတွင် ချင်းပြည်နယ် ပလက်ဝမြို့  အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ ၁၉၇၈-၁၉၈၀ ခုနှစ်များတွင် တွန်းဇံမြို့  အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း ကျောင်းဆရာ အဖြစ်ဆက်လက်လုပ်ကိုင်ခဲ့သည်။[၃]

အိမ်ထောင်ရေး ပြင်ဆင်ရန်

၁၉၈၃ ခုနှစ် ဇူလိုင် လ ၂ ရက်နေ့တွင် ဆရာမ တီနာ ညောင်းပေါင် နှင့် ထမ်းမြားမင်္ဂလာ ဆောင်ခဲ့ပြီး သမီးနှစ်ယောက်ထွန်းကားခဲ့သည်။ သမီး နှစ်ယောက်၏ အမည်များမှာ ဒိမ်းဟွေးကျိန် နှင့် မန်စွန်ဟွေး တို့ဖြစ်သည်။

ဘာသာရေး ပြင်ဆင်ရန်

မေလ ၂၈ ရက် ၁၉၆၁ ခုနှစ်တွင် သိက္ခာတော်ရဆရာ အက်ဖ် ငိုခွာကျင် (Rev. Ngo Khua Cin) ထံတွင် နှစ်ခြင်းမင်္ဂလာ ခံယူသည်။ ပလက်ဝမြို့တွင် ကျောင်းအုပ်ဆရာကြီးအဖြစ် အလုပ်လုပ်ကိုင်စဉ် ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ယေရှုခရစ်တော်အား အလုံးစုံသော ကယ်တင်ပိုင်ရှင် အဖြစ်  စိတ်ချခြင်း ကို ခံစားရရှိပြီး ဒုတိယအကြိမ်ခရစ်တော်၌ မွေးဖွားခြင်းကို ရရှိခဲ့သည်။ ကျောင်းအုပ်ဆရာကြီး ဖြစ်သော်လည်း ကျောင်း၏ Asembly hall ကို ခရစ်တော်၏ ကယ်တင်ခြင်းသတင်းစကားဟောပြောသည့် နေရာအဖြစ် အသုံးပြုပြီး ကျောင်းသားကျောင်းသူများကို တရားဟောလေ့ရှိသည်။ ထို့အပြင် ပလက်ဝ နှင့် အနီးအနားရှိ ရွာပေါင်း ၃၁ ရွာ သို့ ကယ်တင်ခြင်းတရား ဟောရန်သွားခဲ့ဖူးသည်။

တွန်းဇံမြို့၌ ကျောင်းဆရာ အလုပ်လုပ်ကိုင်ခဲ့စဉ်တွင်လည်း တွန်းဇံ နှစ်ခြင်းအသင်းတော်နှင့် လက်တွဲပြီး ရိုမင်ကက်သလစ် အသင်းဝင် ကျောင်းသား ကျောင်းသူများကိုလည်း ကယ်တင်ခြင်းတရားကို ဟောပြောခဲ့သဖြင့် ရိုမင်ကက်သလစ် မှ ဘုန်းကြီးများပင် စိုးရိမ်ထိတ်လန့် ခဲ့ရသည် ဟု ဆိုသည်။ တွန်းဇံနယ်တွင်လည်း ရွာပေါင်း ၂၀ ခန့်သို့ သွား၍ ခရစ်တော်၏ ကယ်တင်ခြင်းတရား ကို ဟောပြောခဲ့သည်။

၁၉၈၃ ခုနှစ်တွင် ထုတ်လှိုင် နှစ်ခြင်းအသင်းတော်တွင် အသင်းအုပ်ဆရာအဖြစ် ဘုရားသခင်၏ အမှုတော်ကို စတင် ထမ်းဆောင်ခဲ့ပြီး စီးယင်းနှစ်ခြင်းသာသနာ နယ် (SRBA) နှင့် ယခင် ဇိုမီး နှစ်ခြင်းအသင်းချုပ် (ZBC) ယခု ချင်းနှစ်ခြင်းအသင်းချုပ် (CBC) နှင့် All Nationa Theological Seminary (သံလျင်) တွင် သူ၏ ထမ်းဆောင်ခဲ့ဖူးသော တာဝန် များမှာ အောက်ပါအတိုင်းဖြစ်သည်။[၃]

1983 Associate Pastor Thuklai Baptist Church
1984-86   E&M Director SRBA
1986-89 General Secretary SRBA
1989-90 Field Director Chindwin Mission
1995-2001 AGS SRBA (Part-time)
1992-2001 Senior Pastor YSBC
2000-2009 Principal ANTS (Part time)
2009- Principal ANTS (Full time)

ကိုးကား ပြင်ဆင်ရန်

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်