လယ်စာပင် သို့မဟုတ် လှည်းစာ[၁] လယ်စာပင်သည် ပျဉ်းမပင်ကဲ့သို့ပင် လစ်သရာ စီအီးမျိုးရင်းတွင် ပါဝင်၍ ယင်း၏ရုက္ခဗေဒအမည်မှာ လေဂျာစထရီမီယာ တိုမင်တိုဆာ(Lagerstroemia tomentosa)ဖြစ်သည်။ လယ်စာပင်၏ မူလပေါက်ရာအရပ်မှာ မြန်မာ နိုင်ငံကဲ့သို့ ပူ၍စိုစွတ်သော ဒေသများဖြစ်ရာ ထိုမှတစ်ဆင့် အခြားတိုင်း ပြည်များသို့ ယူဆောင်စိုက်ပျိုးကြသည်။ လယ်စာပင်ကို ပျဉ်းမဖြူပင်ဟု လည်း အချို့ကခေါ်ကြသည်။ သို့သော် ပျဉ်းမပင်လောက် မမြင့်ပေ၊ မကြီး မငယ်အရွယ်တော်အပင်မျိုးဖြစ်၍ လှပသည်။ ပင်စည်သည် ရှည်လျားဖြောင့် မတ်၍ လုံးပတ်ငါးပေမှ ရှစ်ပေအထိရှိသည်။ ဖြူသောပန်းပွင့်အခိုင်ကြီးများ သည် အကိုင်းရင်းမှထောင်၍ ထွက်လာကြရာ ကြည့်၍အလွန်လှပေသည်။ တစ်နှစ်လျှင် ဧပြီလနှင့် အောက်တိုဘာလအတွင်း နှစ်ကြိမ်ပွင့်ကြသည်။ လယ်စာပင်ကို တနင်္သာရီတိုင်းမှ ပဲခူးတိုင်း ရိုးမတောင်တန်းတစ် လျှောက်တွင်ရှိသော သစ်တောများ၌ မြောက်ဘက်မန္တလေးမြို့ အနီးတိုင် အောင် တွေ့နိုင်သည်။ လယ်စာပင်၌ အနှစ်သားမရှိ၊ သင်းသတ်၍ မရနိုင် ချေ။ အပင်မည်မျှပင်ကြီးစေကာမူ အတွင်း၌ ခေါင်းပွကြီးဖြစ်သည်။ အပင် ကို ခုတ်လှဲနေစဉ်ဖြစ်စေ၊ ခုတ်လှဲပြီးသည့်အခါ၌ဖြစ်စေ သစ်သားမှာ အလွန် ကွဲအက်လွယ်သည်။ လယ်စာပင်သားသည် ညိုညစ်ညစ်အရောင်ရှိ၍ အသင့် အတင့်မာသည်။ အသားသေလွယ်၍ ဆေးအရောင်တင်ခံသည်။ လယ်စာ သားသည် လေးကိုင်းများ၊ လှံရိုးများလုပ်ရန်နှင့် လှေများ၊ လှည်းဘီးများ ပြုလုပ်ရန် အသုံးကျသည်။ အိမ်ထောင်ပစ္စည်းများ ပြုလုပ်ရန်လည်း သင့် လျော်သော သစ်သားဖြစ်သည်။ ရှမ်းပြည်မြောက်ပိုင်းရှိ ဘော်တွင်း၌ ယာယီ အဆောက်အအုံများကို လယ်စာသားဖြင့် ဆောက်လုပ်ကြသည်။ အတော်အသင့်အိမ်များ ဆောက်လုပ်ရာ၌ ထုပ်၊ လျောက်၊ ဒိုင်း၊ မြှား၊ ရက်မနှင့် ထရံကာရန် နှောသားကို အသုံးချနိုင်သည့် နည်းတူ၊ လယ် စာသားကိုလည်း အသုံးပြုနိုင်သည်။ လယ်စာသားမီးသွေးသည် အိမ်သုံး အတွက် အကောင်းဆုံး မီးသွေးတစ်မျိုး ဖြစ်ပေသည်။ လယ်စာပင်မှ သစ် သားကို အသားသေအောင် အမိုးသာရှိ၍ အကာအရံမရှိသော တင်းကုပ်တွင်း ၌ စုပုံထားရသည်။ လယ်စာပင်များကို တောင်ငူနယ်နှင့် ပျဉ်းမနားနယ်ရှိ သစ်တော များ၌လည်း တွေ့နိုင်သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. လှည်းစာ[လင့်ခ်သေ] (KML DICTIONARY). Retrieved 26 November 2019.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)