မြန်မာနိုင်ငံ တောင်ဘက်ဖျား ဒေသ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ဒေသခံ ပြည်သူတို့၏ အဓိက စီးပွားရေး လုပ်ငန်းဖြစ်သော ရေလုပ်ငန်းမှ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် ဖမ်းယူ၍ ရရှိသော လိပ်ကျောက်ငါးမှ လိပ်ကျောက်ဆူး သည် တိုင်းရင်းဆေး ပညာရှင်များက အမြဲဖော်စပ် အသုံးပြု နေသော ဆီးဆေးနှင့် ဝမ်းနှုတ်ဆေး များ၌ ပါဝင်သည်။

လိပ်ကျောက်ဆူးကို လိပ်ကျောက်ငါး (Stingray) မှရရှိသည်။ လိပ်ကျောက်ငါး သည် Internet မှ အမျိုးအစား (၁၀) မျိုး ရှိကြောင်း တွေ့ရှိရပြီး၊ မြိတ်မြို့၌ အမျိုးအစား (၉) မျိုး တွေ့ရှိရသည်။ ၎င်းတို့မှာ လိပ်ကျောက် ငါးမန်း၊ လိပ်ကျောက် ကျားကြီး၊ လိပ်ကျောက် ပန်းဇင်း၊ လိပ်ကျောက်ကျပ်ပနဲ (ဆူးများ)၊ လိပ်ကျောက် မီးတုံးဖြူ၊ လိပ်ကျောက် မီးတုံးမဲ၊ လိပ်ကျောက် တံခွန်၊ လိပ်ကျောက် အင်ဂျင်ဝိုင်၊ လိပ်ကျောက်နီတို့ ဖြစ်ပါတယ်။

ရေထွက် တိရစ္ဆာန်ထွက် ဆေးဖက်ဝင် လိပ်ကျောက်ဆူး သည် ငါး၏အမြီး ကျောရိုးမှ ရရှိသော ဆူးတောင် (Stingray’s Poisonous Spine) ဖြစ်ပြီး အလွန် ချွန်ထက်သော လွှသွား ပုံသဏ္ဌာန် ရှိပြီး မြိတ်မြို့၌ အရွယ်အစား (၁) လက်မမှ (၁၁) လက်မအထိ အရွယ်အစား ရှိသည်။

လိပ်ကျောက်ဆူး ထုတ်ယူရရှိပုံမှာ လိပ်ကျောက်ငါးကို မြိတ်ခရိုင်အတွင်း ဝါးလတ်၊ ကမ်းနီး ကမ်းဝေး ငါးဖမ်း စက်လှေများမှ ဖမ်းယူရရှိသည်။ လိပ်ကျောက်ငါးသည် ပင်လယ် ရေအောက် ကြမ်းပြင်အထက် (၁) ပေအကွာ၌ နေထိုင်သွားလာ လှုပ်ရှား တက်သော သဘာ၀ရှိသည်။ ငါးဖမ်းပိုက်မှ ဖမ်းယူ ရရှိသော လိပ်ကျောက်ငါးကို လှေပေါ်သို့ ရောက်ရောက်ချင်း ငါးအရှင်ကို အမြီးမှ ကိုင်၍ အမြီး၏ ကျောဘက် အခြမ်း၌ ကပ်နေသော ဆူးကို ဓားဖြင့် ပြောင်းပြန် ဖျင်လိုက်ပါက ဆူးမှာအပြင်သို့ သီးသန့် ထွက်လာသည်။ လှေပေါ် ရောက်ရောက်ချင်း ဆူးဖျင်ခြင်း ပြုလုပ် ရသည်။ လိပ်ကျောက်ဆူး ထိုးမိပါက အလွန် နာကျင်ခြင်း၊ အဆိပ်တက်ခြင်း၊ ကြွက်တက်ခြင်း၊ နှလုံးခုန်မြန်ခြင်း (တစ်မိနစ်လျှင် ၁၀၀-၁၅၀ ကြိမ်) ထိရှိနိုင်ခြင်း ဖြစ်ပါ၍ ထားသိုရာတွင်လည်းကောင်း၊ သယ်ယူရာ၌ လည်းကောင်း အန္တရာယ် ရှိနိုင်ပါ၍ ဂရုပြု လုပ်ရခြင်း ဖြစ်သည်။

လူအား မတော်တဆ ထိုးမိပြီး ဆူးတောင် ဝင်သွားပါက ဘေးမှ ဆူးတောင် အတက်များ ကြောင့် ပြန်ဆွဲထုတ်၍ မရပါ။ အသားကို ဓားနှင့် ခွဲထုတ်၍လည်းကောင်း၊ တဖက် အဖျားသို့ ပြန်ဆွဲ၍ လည်းကောင်း ပြုလုပ်မှသာ ထုတ်ယူ နိုင်သည်။ အသက် ရှုသွင်းချိန်၌ ဆူးထိုးမိလျှင် ပို၍ အဆိပ်တက် တက်ကြောင်း ဒေသခံများက ပြောကြားပြီး (၄) နာရီမှ (၃) နာရီခန့်အထိ အချိန် ကြာမြင့်သည်။ အဆိပ်တက် များပါက နှလုံးကို ထိခိုက်နိုင် ပါ၍ အရေးပေါ် ခွဲစိတ်ရန် လိုအပ် ပါသည်။ ငါးတစ်ကောင်လျှင် ဆူးနှစ်ချောင်း ရှိသည်။ လိပ်ကျောက်ဆူးသည် အလွန် ချွန်ထက်ပြီး လွှသွား ပုံသဏ္ဌာန် ရှိပါ၍ လက်နှက်အဖြစ် အသုံးပြုနိုင်သော ကြောင့်လည်းကောင်း၊ တန်ဖိုးရှိသော ဆေးပစ္စည်း ရှိ၍လည်းကောင်း ဆူးကိုကြိုတင် ထုတ်ယူ သိမ်းဆည်း ရခြင်း ဖြစ်သည်။ ရေလုပ်သား ရေလုပ်ငန်း ပိုင်ရှင်များက သန့်စင် စုဆောင်း ထားပြီး ဈေးကွက်သို့ တင်ပို့ ရောင်းချ ကြသည်။

လိပ်ကျောက်ဆူး များသည် မစင်ကြယ်ပါက အလွန် ညှီနံရပြီး အရောင်ညိုညစ် နေတက်ပါ၍ ရေရှည် ထားသိုရန် လည်းကောင်း၊ ဈေးကွက်သို့ ရောင်းချရာ၌ မျက်နှာပန်း လှစေရန် သန့်စင် ရသည်။ ရှေးဦးစွာ ရေထဲသို့ အဝတ်လျှော်ဆိုဒါ အနည်းငယ်ထည့်ပြီး ရေနွေးကို လောင်းထည့်ပါ။ ထို့နောက် လိပ်ကျောက်ဆူးကို ထည့်ချပြီး တုတ်ဖြင့် မွှေရသည်။ နေ့တစ်ဝက်ခန့်စိမ်ပြီး ရေနွေးနွေး (၃) ကြိမ် လောင်းဆေး ရသည်။ လိပ်ကျောက်ဆူးကို ရေနွေးဖြင့် မသန့်စင်ပါက အဆိပ်ရှိပြီး ရေနွေးဖြင့် ပြုတ်လိုက်ပါက အဆိပ် သေသွားသည်။ ထို့နောက် ခြောက်သွေ့စေရန် နေပူပူ၌ (၃) နာရီလှန်းပြီး သိမ်းဆည်းရသည်။

လိပ်ကျောက်ငါးသည် အရွယ်အစား အမျိုးမျိုး ရှိနိုင်ပြီး (၆) လက်မမှ (၁၀) ပေအထိ ရှိသည်။ အငယ်ဆုံး အရွယ်အစား များကို စင်္ကြာပုံ အဝိုင်းကလေးများ ပုံသဏ္ဌာန် ပြုလုပ်၍ အခြောက် ပြုလုပ်ပြီး ငါးမုန့်ကြော်ကဲ့သို့ ဆီနှင့် ကြော်စား ရသည်။ ငါးအသား အစိုအနေဖြင့် ရောင်းချ ဝယ်ယူ စားသုံးခြင်း၊ ငါးခြောက် ပြုလုပ်၍ ဒေသတွင်း မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများသို့ ဒေသ ထွက်ကုန် အဖြစ် တင်ပို့ ရောင်းချခြင်းဖြင့် ဒေသထွက် စီးပွားရေး လုပ်ငန်းအဖြစ် အလွန် အသုံးဝင်ပါသည်။ ငါးခြောက်ဈေးနှုန်းမှာ မြိတ်မြို့၌ တစ်ပိဿာလျှင် (၇၀၀၀/-) ဈေးနှုန်းရှိပြီး တရုတ်နိုင်ငံမှ စားကုန် အနေဖြင့် ဝယ်ယူကြောင်း သိရှိရသည်။

လိပ်ကျောက်ငါးကျောမှ အရေခွံသည် လက်ကိုင်အိတ်၊ ခါးပတ်၊ ဂျပန်လက်ကိုင်ဓား၊ ဓားရိုး၊ နိုင်ငံခြားဖြစ် ရှုးဖိနပ်၊ တယ်လီဖုန်းအိတ်၊ ဂျာကင်အင်္ကျ ီ၊ဘွတ်ဖိနပ် အဖြစ် အသုံးပြုနိုင်ပြီး ကျောအရေခွံ တစ်ပိဿာလျှင် မြိတ်မြို့၌ (၂) သောင်းခန့် တန်ဖိုးရှိပြီး ယိုးဒယားနိုင်ငံသို့ တင်ပို့ ရောင်းချပါသည်။ လိပ်ကျောက်ငါး၏ အမြီးကို ကျာပွတ် အနေဖြင့် အသုံးပြုပါသည်။ လိပ်ကျောက်ငါး၏ ဝမ်းဗိုက် အရေခွံကို စားသောက်ကုန် တစ်မျိုးအဖြစ် ရောင်းချပါသည်။ တစ်ပိဿာလျှင် (၈၀၀၀/-) ဈေးနှုန်းရှိသည်။ ငါးအလယ်ရိုးကို ဖြုတ်၍ သန့်စင်ပြီးပါက ဆေးဖက်ဝင် အသုံးပြုရန် ဝယ်ယူခဲ့ကြပြီး ယခုအခါ အသုံးနည်းလာ၍ ဝယ်ယူမှု နည်းလာကြောင်း သိရှိရသည်။

ဆေးဘက်ဝင် အသုံးပြုပုံမှာ လိပ်ကျောက်ငါးကို ရေစင်အောင် ဆေးပြီး အပေါက်ဖောက်ထားသော သံပုံး၌ ထည့်၍ မီးအနေတော်ဖြင့် မိနစ် (၃၀) ခန့်ကြာအောင် အပူပေးပါက ပွလာပြီး ထုထောင်း၍ သော်လည်းကောင်း၊ အမှုန့်ကြိတ်၍ သော်လည်းကောင်း အသုံးပြု နိုင်သည်။ မီးဖြင့် အပူမပေးပါက ကြိတ်ချေရာ၌ မာပြီး အရည်၌ ပျော်ဝင်နိုင်မှု မရှိပါ၍ အသုံးပြုရန် မသင့်လျှော်ပါ။ မြိတ်မြို့၌ လိပ်ကျောက်ဆူး တစ်ပိဿာလျှင် ဆူး၏ အရွယ်အစားကို လိုက်၍ ရှစ်သောင်းကျပ်မှ တစ်သိန်းကျပ်အထိ တန်ဖိုးရှိသည်။ Internet ၌ လိပ်ကျောက်ဆူး ၈ လက်မခွဲ အရှည်အရွယ်အစား တစ်ချောင်းလျှင် US $ 39 ရှိကြောင်း သိရှိရသည်။

လိပ်ကျောက်ဆူးကို တိုင်းရင်း ဆေးခန်းသုံး ဆေးအမှတ် (၁၀)၊ ဆီးရွှင် ဝမ်းနှုတ်ဆေး အမှတ် (၁၁) မုတ်ကဲဆေး၊ ဆေးအမှတ် (၂၁) ဆီးဆေးဖြူ၌ အချိုးကျ ပါဝင်သုံးစွဲပါသည်။ တိုင်းရင်းဆေးများ ဖော်စပ်ရာ၌ ဆီးဆေး၊ ဝမ်းနှုတ်ဆေးများ၌ ပါဝင် အသုံးပြု ကြသည်။

ဆေးပစ္စည်းကို အာနိသင်အနေဖြင့် ရသအားဖြင့် အေးငန်၊ ဝိပါက အားဖြင့် အေးငန်၊ ဂုဏ်၊ ဝိရိယ အားဖြင့် သီတ၊ သိနိဒ္ဓ၊ ဂရု၊ မုဒု၊ ကိစ္စအားဖြင့် အပူငြိမ်း၊ လေသည်းခြေနိုင်၊ ဆီးရွှင်စေ၊ ဆီးဝါ ဆီးနီ ပျောက်ကင်းစေ၊ ဆီးကျောက်တည်ခြင်းကို ပျောက်ကင်း စေသည်။ ပဘာ၀ အားဖြင့် ဆီးအိမ်နှင့် ကျောက်ကပ်တွင် တည်နေသော ကျောက်ကို ကြေစေသည်။

Internet မှ တွေ့ရှိချက် အရ တစ်ကမ္ဘာလုံး၌ Sea Food အနေဖြင့် စားသောက်ကုန် ပစ္စည်း၌ နှစ်ခြိုက်စွာ စားသောက် ကြကြောင်း၊ လူသုံးကုန် ပစ္စည်း အနေဖြင့် တန်ဖိုး ကြီးစွာ ဝယ်ယူ အသုံးပြု ကြကြောင်း တွေ့ရှိရသည်။

လိပ်ကျောက်ငါးမှ ဆူးကို ဆေးဖက်ဝင် အဖြစ် ဆီးဆေး၊ ဝမ်းနှုတ်ဆေး အနေဖြင့် လည်းကောင်း၊ လိပ်ကျောက်ငါး အရေခွံကို လူသုံးကုန် ပစ္စည်း အမျိုးမျိုး၌လည်းကောင်း၊ လိပ်ကျောက်ငါး အသားကို စားသောက်ကုန် အနေဖြင့် လည်းကောင်း လူအများ နှစ်ခြိုက်စွာ အသုံးပြု ကြကြောင်း တွေ့ရှိရပါသဖြင့် လိပ်ကျောက်ငါးသည် တစ်ကောင်လုံး အသုံးဝင်သည့် အလွန် အဖိုး ထိုက်တန်သော ငါးဖြစ်ကြောင်း သုံးသပ် သိရှိရသည်။

  • ဒေါ်ဝါဝါ(ခရိုင်တိုင်းရင်းဆေးမှူး) ခရိုင်တိုင်းရင်းဆေးကုဌာန မြိတ်ခရိုင်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 February 2012 တွင် ပြန်စစ်ပြီး။