ကလို့ လိုရန်း

(လိုရန်း၊ ကလို့ မှ ပြန်ညွှန်းထားသည်)

ကလို့လိုရန်း (အင်္ဂလိပ်: Claude Lorrain; ပြင်သစ်: [klod lɔ.ʁɛ̃]; အမည်ရင်း Claude Gellée [ʒəle]၊ c. ၁၆၀၀ – ၂၃ နိုဝင်ဘာ ၁၆၈၂) သည် မြေပြင် ရှုခင်း ပန်းချီကားများ ရေးဆွဲရာတွင် ထင်ရှားသော ပြင်သစ်ပန်းချီဆရာကြီး တစ်ဦးဖြစ်၍ ပြင်သစ်နိုင်ငံ လိုရန်းနယ်ရှာမိန်းအရပ်တွင်ခရစ် ၁၆ဝဝ ပြည့်နှစ်၌ ဖွားမြင်သည်။ သူ၏အမည်ရင်းမှာ ကလို့ဇယ်လေး ဖြစ်သော်လည်း သူ၏ ဇာတိဖြစ်သော လိုရန်းနယ်အမည်ဖြင့် ကလို့လိုရန်း တွင်လေသည်။ ငယ်စဉ်ကပင် ပန်းချီဘက်၌ ဝါသနာထုံခဲ့သည်။

Claude Lorrain
Claude Gellée, le Lorrain, perhaps a self-portrait, after Sandrart. Frontispiece to the Liber Veritatis
မွေးဖွားClaude Gellée
၁၆၀၀ (သို့) ၁၆၀၄/၅
Chamagne, Duchy of Lorraine
ကွယ်လွန်၂၁ နိုဝင်ဘာ (သို့) ၂၃ နိုဝင်ဘာ ၁၆၈၂ (အသက် ၈၂ သို့ ၇၇/၇၈)
Rome, Papal States
ကျော်ကြားမှုအရင်းခံပန်းချီရေးဆွဲခြင်း
နိုင်ငံရေး လှုပ်ရှားမှုBaroque

ဆယ့်နှစ်နှစ်သားအရွယ်တွင် ဗေးဒင်နယ်ဖရိုင်ဗုမြို့ရှိ သူ၏အစ်ကို တစ်ယောက်နှင့် သွားရောက်နေထိုင်ခဲ့ပြီးနောက် ရောမမြို့သို့သွားကာ မြေပြင်ရှုခင်းရေး ပန်းချီကျော် အော်ဂတ်စတင်တာစီထံတွင် နေထိုင်သည်။ ၁၆၂၅ ခုနှစ်တွင် ရောမမြို့မှ ဗင်းနစ် စသည့်အနုပညာထွန်းကားရာ မြို့ကြီးများသို့ လှည့်လည်ကြည့်ရှုပြီးနောက် လိုရန်းသို့ပြန်သည်။ လိုရန်းမြို့စားကြီး၏ လက်သုံးပန်းချီဆရာ ကလို့ဒါရုသေးသည် သူ့အားလက်ထောက်အဖြစ် တစ်နှစ်ခန့်ထားသည်။ ထိုအတွင်း၌ ကလို့လိုရန်းသည် နွန်းစီမြို့ရှိ ကာမီလိုက် ဘုရားဝတ်ကျောင်း၏ အတွင်းမျက်နှာကြက် ပန်းချီကားများကို ရေးဆွဲခဲ့၏။ ၁၆၂၇ ခုနှစ်တွင် ရောမမြို့သို့ပြန်လာကာ ပုပ်ရဟန်းမင်း အဋ္ဌမအာဗန်၏ စောင်မစောင့်ရှောက်ခြင်းကို ခံယူသည်။ ကလို့၏ မြေပြင် ရှုခင်းကားများသည် ဣတလီဆရာတို့၏လက်ရာ အရိပ်အရောင်များမကင်းချေ။ သူသည် ပန်းချီကားများကိုလည်း တစ်ခုနှင့်တစ်ခုမတူစေရန် အထူးလေ့လာပြီးမှ ရေးဆွဲလေ့ရှိသည်။ ၁၆၃၇ ခုနှစ်တွင် သူ၏အမည်သည် ချက်ချင်းထင်ပေါ်ကျော်စောလာသည်။ ထိုအခါ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ရုရှ၊ ဂျာမနီနိုင်ငံများရှိ ပြတိုက်များတွင် သူ၏လက်ရာများကို တွေ့မြင်ကြရလေသည်။ ကလို့သည် အလွန်စေ့စပ်သေချာသည်ဖြစ်၍ အထူးသဖြင့် အလင်းရောင်၏ ပြောင်းလဲပုံကို လေ့လာရေးဆွဲသည်။ သူရေးခြယ်သောရှုခင်းတွင် ပတ်ဝန်းကျင်လောကဓာတ်၏ အခြေအနေကိုပါ တွေ့မြင်နိုင်စေရန် အလင်းရောင်တို့၏ပြုပြင်မှု၊ လေတိုက်ခတ်ခြင်းကြောင့် သဘာဝပြောင်းလဲမှု၊ လှုပ်ရှားမှုများကို စေ့စပ်စွာထည့်သွင်းရေးဆွဲတတ်သည်။ သူ့ခေတ်က ရှုခင်းရေးပန်းချီဆရာတို့သည် ကလို့၏ လက်ရာများကိုမှီရန် အားထုတ်ကြသော်လည်း တု၍ပင်မရနိုင်လောက်အောင် ထူးခြားသော ကလို့၏လက်များကို ချီးကျူးကြရသည်သာဖြစ်၏။


ကလို့သည် နိုင်ငံသမိုင်းနှင့် သက်ဆိုင်သော ရှုခင်းကားများကိုလည်း ရေးဆွဲခဲ့သည်။ ကလို့သည် ၁၆၈၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရောမမြို့၌ ကွယ်လွန်သည်။ သူသည် ပန်းချီကားပေါင်း ၂ဝဝ ကျော်ကို ရေးခြယ် ခဲ့သည်။ သူရေးဆွဲခဲ့သော ကားများမှာ အလွန်တွင်ကျယ်ခဲ့သည်။ သူ၏ ပါရမီရင့်သန်ကြောင်းကိုပြသည့် ပန်းချီကားများကိုလည်း လန်ဒန်မြို့ နေရှင်နယ် ပုံတူပန်းချီပြတိုက်ကြီး၌ လည်းကောင်း၊ ပြင်သစ်နိုင်ငံ လူးဗရနန်းတော် ကြီး၌လည်းကောင်း၊ ရောမမြို့ ဒေါရိယနန်းတော်၌လည်းကောင်း၊ ဗြိတိန်နိုင်ငံရှိ အနုပညာလိုက်စားသူတို့၏ထံ၌လည်းကောင်း တွေ့မြင်နိုင်လေသည်။ ကလို့သည် ပုံထွင်းခြင်းကိုလည်းပြုလုပ်ခဲ့၍ ထိုပုံထွင်းပန်းချီများကို အနုပညာလိုက်စားသူတို့ အထူးပင်ရှာဖွေစုဆောင်းကြသည်။ သူ၏ကလောင်နှင့်ဆွဲသော ပန်းချီကားများကိုလည်း များစွာတန်ဖိုးထားကြလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)