လီဗာပူးမြို့သည် အင်္ဂလန်ပြည် အနောက်မြောက် ဘက်ရှိ ဆိပ်ကမ်းမြို့ကြီးတစ်မြို့ဖြစ်၍ လန်ကရှိုင်ယာနယ်တွင်ပါဝင် သည်။ မာဆီမြစ်ဝအရှေ့မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိကာ အိုင်ရစ်ပင်လယ်မှ သုံးမိုင်ကွာဝေးသည်။ မန်ချက်စတာမြို့နှင့် မိုင် ၃ဝ ကွာဝေး၍ မီးရထား လမ်းအားဖြင့် လန်ဒန်မြို့၏ အနောက်မြောက်ဘက်မိုင် ၂ဝဝ ခန့် အကွာတွင် တည်ရှိသည်။ လီဗာပူးမြို့သည် နယူးယော့မြို့၊ လန်ဒန်မြို့တို့၏နောက် ကမ္ဘာတွင် တတိယလိုက်သော ဆိပ်ကမ်းမြို့ကြီးဖြစ်သည်။ ဗြိတိသျှကျွန်းစု တွင် လန်ဒန်မြို့၏နောက် ဒုတိယပလိုက်သော ဆိပ်ကမ်းမြို့ကြီး ဖြစ်၍ အထူးထင်ရှားအရေးပါသည်။ လီဗာပူးဆိပ်ကမ်းသည် သဘာဝအားဖြင့် ကောင်းမွန်သောဆိပ်ကမ်း မဟုတ်သော်လည်း အမြဲမပြတ် ကောင်းမွန်အောင်ပြုပြင်ထားသောကြောင့် လီဗာပူး ဆိပ်ကမ်းသို့ ကမ္ဘာအရပ်ရပ်မှ သင်္ဘောများသည် ကုန်ပစ္စည်း အမျိုးမျိုး တင်ဆာင်လာကြပေသည်။ သို့ဖြစ်၍ လွန်စည် ကားသော ဆိပ်ကမ်းဖြစ်သည်။ လီဗာပူး ဆိပ်ကမ်းသည် မျက်နှာစာအားဖြင့် ရှစ်မိုင်ခန့်ရှည်သည်။ သင်္ဘောကျင်းမှာ ဧက ၆ဝဝ ခန့် ကျယ်သည်။ မြို့ အကျယ်အဝန်းမှာ ၄၃ စတုရန်းမိုင် ရှိ၏။ ၁၉၆၅ ခုနှစ် ခန့်မှန်း သန်းခေါင်စာရင်းအရ လူဦးရေ ၇၂၂ဝ၁ဝ ယောက်ဖြစ်၍ ယူနိုက်တစ် ကကင်းဒမ်တွင် လူဦးေးရအားဖြင့် စတုတ္ထလိုက်သော မြို့ဖြစ်၏။

ဆိုခဲ့သော ကမ္ဘာအရပ်ရပ်မှ သင်္ဘောတို့ တင်ဆောင်လာသော အဓိကပစ္စည်းများမှာ လီဗာပူးတွင် ချည်ထည်လုပ်ငန်းတွင် အသုံး ပြုသော ဝါ ဖြစ်၏။ တစ်နိုင်ငံလုံးတွင် အသုံးပြုသော ဝါများ အနက် တစ်ဝက်ကို လီဗာပူးဆိပ်ကမ်းမှ တင်သွင်းသည်။ ထို့ပြင် သိုးမွေး၊ နာနတ်လျှော်၊ သား ရေစိမ်း၊ အာဖရိက အနောက်ပိုင်းမှ ဆီထွက်သောအစေ့များ၊ ကောက်နှံများ၊ အစားအသောက်နှင့် အခြားပစ္စည်းများကိုလည်း တင်သွင်းသည်။ ထုတ်ကုန်များမှာ ချည်ထည်၊ စက်ကိရိယာ၊ သိုးမွေးထည်များနှင့် ဓာတ်ဆေးများ ဖြစ်၏၊ ယခင်အခါများက လီဗာပူးမြို့သည် အတ္တလန္တိတ် သမုဒ္ဒရာကို ကူးဖြတ်သော ခရီးသည်များ ဆင်းတက်ရာ ဆိပ်ကမ်းမြို့ဖြစ်သော်လည်း ယခုအခါ ဆောက်သမ္ပတန်မြို့ကို နေရာပေးလိုက်ရပေပြီ။ လီဗာပူးမြို့တွင် ပြုလုပ်သော လုပ်ငန်းတို့မှာ ကုန်ကြမ်းများမှ ကုန်ချောများထုတ်လုပ်သော လုပ်ငန်းများဖြစ်၏။ အရေးပါအရာရောက်သော အထည်လုပ်ငန်းတစ်ခု လီဗာပူးတွင် ရှိသည်။ လီဗာပူးမြို့သည် ဝါများရောင်းဝယ်ရာ၌ မန်ချက်စတာ မြို့ထက်ပင် ပိုမိုတွင်ကျယ်သောကြောင့် ဝါရောင်းဝယ်ရာ အဓိက မြို့ဖြစ်၏။

မာဆီမြို့ကိုဖြတ်၍ ဖောက်လုပ်ထားသော ဥမင်လမ်းတစ်လျှောက်တွင် မီးရထားနှင့် အခြားယာဉ်ရထားများ သွားနိုင်သောကြောင့် ယင်းလမ်းအားဖြင့် ဆင်ခြေဖုံးရပ်ကွက်နှင့် ဆက်သွယ်လျက်ရှိသည်။ ဆင်ခြေဖုံးရပ်ကွက်တွင် စက်မှုလက်မှုလုပ်ငန်းများ၊ ကုန်ချော ထုတ်လုပ်သော လုပ်ငန်းများ ဖွံ့ဖြိုးသည်။

လီဗာပူးမြို့တွင် ထင်ရှားသော အဆေက်အအုံတစ်ခုမှာ ခရစ် ၁၈၅၄ ခုနှစ်က ဖွင့်လှစ်သော စိန်ဂျော့ခန်းမဆောင်ဖြစ်သည်။ အခြားထင်ရှားသော အဆောက်အအုံများမှာ ရေဖျန်းဂိုဏ်းဝင်တို့၏ ကသီဒရယ် ဘုရားရှိခိုးကျောင်း၊ မြို့တော်ခန်းမ၊ ငွေလဲလှယ်ဌာန အစရှိသည်တို့ဖြစ်၏။ ထို့ပြင် လီဗာပူးတက္ကသိုလ်၊ ဂျပန်အနုပညာ ပြတိုက်၊ ဝေါ်ကာအနုပညာပြတိုက် စသည်တို့လည်းရှိ၏။

လီဗာပူးမြို့တည်ရန် ချာတာစာချုပ်ကို ခရစ် ၁၂ဝ၇ ခုနှစ်တွင် ဂျွန်ဘုရင်ထံမှ ရရှိ၍ ၁၂၂၉ ခုနှစ်တွင် မြို့ကို တည်ထောင်ခဲ့သည်။ ၁၆၄၄ ခုနှစ်တွင် လီဗာပူးမြို့ကို ရူးပတ်မင်းသား သိမ်းပိုက်ထားခဲ့ သည်။ သဘေ‡ာကျင်းများ ဆောက်လုပ်မပြီးစီးသည်ကတစ်ကြောင်း၊ ကိုလိုနီနယ်သစ်များ ချဲ့ပြီးချိန်ဖြစ်သည်က တစ်ကြောင်းတို့ကြောင့် အရောင်းအဝယ် ဖွံ့ဖြိုးလာသည်နှင့်အမျှ တစ်မုဟုတ်ချင်း တိုးတက် လာလေသည်။ ထိုအချိန်မှစ၍ မြို့၏အလယ်ပိုင်းကို ပြုပြင်ဘဉ် ဆောက်လုပ်၍ အများပြည်သူတို့ဆိုင်ရာ အဆောက်အအုံကြီးများကို ဆောက်လုပ်ခဲ့လေသည်။ လီဗာပူးမြို့သည် အင်္ဂလိပ်နန်းရင်းဝန် ဝီလျံအီးဝပ် ဂလက်စတုန်၏ ဇာတိချက်ကြွေ မွေးရပ် မြေဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက လီဗာပူးမြို့ရော ဆိပ်ကမ်းပါ ရန်သူနာ ဇီဂျာမန်တို့၏ ဗုံးဒဏ်ကို မရှုမလှခံခဲ့ရလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)