လီယိုပို ဘုရင်များ
လီယိုပို ဘုရင်များ
ပြင်ဆင်ရန်လီယိုပိုဟူသော အမည်ကိုခံယူကာ ဘယ်လ်ဂျီယမ်နိုင်ငံကို ဘုရင်သုံးပါး အုပ်စိုးသွားလေသည်။ ပထမ လီယိုပိုဘုရင်(ခရစ် ၁၇၉ဝ-၁၈၆၅) သည် ခရစ် ၁၇၉ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဂျာမနီပြည်၊ ကိုးဗတ်မြို့၌ ဖွားမြင်သည်။ ဂျာမန်နယ်တစ်ခုဖြစ်သော ဆက်ဆီကိုးဗတ်ဂိုတာနယ်စား မင်းသားကြီး ဖရန်းစစ်ဖရက်ဒရစ်၏ သားတော်အငယ်ဖြစ်သည်။ လီယိုပိုသည်ငယ်စဉ်က ရုရှစစ်တပ်တွင် စစ်မှုထမ်းရွက်ပြီးလျှင် ၁၈၁၄ ခုနှစ်၌ နပိုလီယန်နှင့်တိုက်သော စစ်ပွဲများတွင် ပါဝင်ခဲ့သည်။ ဤစစ်ပွဲများမှ ပြန်လာပြီးသည့်နောက် ခရစ် ၁၈၁၆ ခုနှစ်တွင် အင်္ဂလန်ပြည့်ရှင် စတုတ္ထဂျော့ ဘုရင်၏တစ်ဦးတည်းသော သမီးတော်ဖြစ်၍ ထီးမွေနန်းလျာဆက်ခံရမည့် ရှားလော့မင်းသမီးနှင့် စုလျားရစ်ပတ် ထမ်းမြားလက်ထပ်သည်။
သို့သော် နောက်တစ်နှစ်တွင် မင်းသမီးရော သားတော်ကလေးပါကွယ်လွန်သွားလေသည်။ ကြင်ယာတော် ကွယ်လွန်ပြီးသည့်နောက် ၁၈၃ဝ ပြည့်နှစ်တိုင်အောင်အင်္ဂလန်ပြည်တွင် ပင်နေထိုင်သည်။ စတုတ္ထဂျော့ဘုရင်၏ ညီတော်တစ်ပါးဖြစ်၍ ရှာလော့မင်းသမီး၏ ဦးလေးတော်ဖြစ်သူ အက်ဒွပ်မင်းသားနှင့်လီယိုပို၏ အစ်မတော်တို့ ထိမ်းမြားလက်ထပ်ရာတွင် ဖွားမြင်လာသူမှာနောင်သော် အင်္ဂလန်ပြည့်ရှင် ဘုရင်မဖြစ်လာမည့် ဝိတိုရိယမင်းသမီးပင်ဖြစ်၏။ သို့ဖြစ်၍ လီယိုပိုမင်းသားသည် ဝိတိုရိယဘုရင်မ၏ ဦးလေးတော် ဖြစ်၏။ ဝိတိုရိယမင်းသမီး၏ ခမည်းတော်နတ်ရွာစံပြီးသည့်နောက်ပိုင်းတွင် လီယိုပိုသည် တူမတော်အား နည်းပေးလမ်းညွှန်ပြုကာ စောင့်ရှောက်သည်။
ဝိတိုရိယမင်းသမီး ဘုရင်မဖြစ်လာပြီးသည့် နောက်ပိုင်းတွင်လည်း ဆက်လက်၍ နည်းပေးလမ်းညွှန် ပြုခဲ့လေသည်။ ထို့ကြောင့်လည်း ငယ်ရွယ်နုပျိုသော ဝိတိုရိယဘုရင်မ၏ ယုံကြည်အားထားခြင်းကိုခံရ၍ တစ်သက်ပတ်လုံး ဘုရင်မ၏ အကြံပေး ပုဂ္ဂိုလ်ဖြစ်ခဲ့လေသည်။ သူ၏အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့ပေသည်။ သူ၏ အကြံပေးဆောင်ရွက်မှုကြောင့်ပင် တူမတော် ဘုရင်မ နှင့် တူတော် အဲလဗတ်မင်းသားတို့ စုလျားရစ်ပတ်လက်ထပ် ခဲ့ကြပေသည်။
ဤသို့အားဖြင့်လည်း ဝိတိုရိယဘုရင်မ၏ နှစ်ထပ်ကွမ်းဦးလေးတော် ဖြစ်လာခဲ့လေသည်။ လီယိုပိုသည် ၁၈၃ဝ ပြည့်နှစ်တွင် ဂရိနိုင်ငံ၏ ဘုရင်အဖြစ်တင်မြှောက်ခြင်းခံရသော်လည်း ထီးနန်းကို လက်မခံပေ။ ၁၈၃၁ ခုနှစ်တွင် ဘယ်လ်ဂျီယမ်လူမျိုးတို့က လွတ်လပ်ခါစ ဘယ်လ်ဂျီယမ်နိုင်ငံ၏ ပထမဆုံး ဘုရင်အဖြစ်တင်မြှောက်သည်။ လီယိုပိုဘုရင်သည် ၁၈၃၂ ခုနှစ်တွင်ပြင်သစ်ဘုရင် လူဝီဖိလစ်၏ သမီးတော် လူဝီစီမင်းသမီးနှင့် လက်ထပ်ခဲ့ရာသားတော် နှစ်ပါးဖွားမြင်သည်။
လီယိုပိုသည် ခက်ခဲသော အချိန်ကာလ၊ မငြိမ်မသက်ရှိသောအခြေအနေကြားမှပင် အမြော်အမြင်ကျယ်ကျယ်နှင့် အောင်မြင်စွာ
စိုးမိုးအုပ်ချုပ်သွားလေသည်။ သူ၏ လက်ထက်တွင်ဘယ်လ်ဂျီယမ်နိုင်ငံသည် အလွန်ကြီးပွား ထွန်းကားခဲ့၏။ လီယိုပို
ဘုရင်သည် နိုင်ငံခြားရေးရာ၌ ကျွမ်းကျင်သူတစ်ဦးဖြစ်၍ ဥရောပတိုက်ရှိ အခြားပြည့်ရှင်များ၊ အထူးသဖြင့် ဝိတိုရိယ
ဘုရင်မ၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားပေသည်။ ပထမ လီယိုပိုဘုရင်သည်ခရစ် ၁၈၆၅ ခုနှစ်၊ဒီဇင်ဘာလ ၁ဝ
ရက်နေ့တွင် ကွယ်လွန်သည်။
ဒုတိယ လီယိုပိုဘုရင်(ခရစ် ၁၈၃၅ - ၁၉ဝ၉)သည်ကား ပထမ လီယိုပိုဘုရင်၏ သားတော်ဖြစ်၍ ၁၈၃၅ ခုနှစ်၊ ဧပြီလ ၉ ရက် နေ့တွင်ဗရပ်ဆဲမြို့ဖွားမြင်သည်။ ၁၈၆၅ ခုနှစ်၌ ဖခင်၏ရိုက်ရာကို ဆက်ခံသည်။ သူသည် ဘဏ္ဍာရေးရာ၌လည်းကောင်း၊ နိုင်ငံရေးရာ၌လည်းကောင်း ပါးနပ်လိမ္မာသူတစ်ဦးဖြစ်၍ ဆောင်ရွက်တိုင်းလည်း အောင်မြင်သည်ကများ၏။ သို့ဖြင့်သူ၏လက်ထက်တွင် ဘယ်လ်ဂျီယမ်နိုင်ငံသည် အလွန်ဝပြော စည်ပင်ခဲ့လေသည်။
ဒုတိယ လီယိုပို ဘုရင်လက်ထက်တွင် ဘယ်လ်ဂျီယန် ကွန်ဂိုနယ်ကထူထောင်ကာ ကိုလိုနီ ချဲ့ထွင်ခဲ့လေသည်။ အာဖရိကတိုက်၌ ကွန်ဂိုမြစ်ဝှမ်းကို ဦးစွာ စူးစမ်းရှာဖွေ တွေ့ရှိခဲ့သည့် ဟင်နရီမော်တန် စတန်လေအား ဒုတိယလီယိုပိုဘုရင်သည် ကြေးငွေအထောက်အပံ့ပေးကာ သူ၏ သီးသန့်ဘဏ္ဍာငွေဖြင့် ထိုလွတ် လပ်သော ကွန်ဂိုနယ်ကြီးကို ထူထောင်စေခဲ့လေသည်။
ထိုနယ်ကြီးကို သူ၏ကိုယ်ပိုင်နယ်မြေအဖြစ် ထားရှိအုပ်ချုပ်ခဲ့ရာ အကျိုးအမြတ် များစွာခံစားရသည်။ သို့ရာတွင် ကွန်ဂိုတိုင်းရင်းသားများအား မတရားညှဉ်းပန်းနှိပ်စက်သည်ဟူသော စွပ်စွဲချက်ကြောင့် ၁၉ဝ၄ ခုနှစ်၌ ကမ္ဘာပေါ်ရှိ နိုင်ငံကြီးများ ပါဝင် ဆောင်ရွက်သော စုံစမ်းရေးအဖွဲ့တစ်ခုက သွားရောက် စုံစမ်းခဲ့သည်။ ဘယ်လ်ဂျီယန်ကွန်ဂိုနယ်ကြီးသည် ၁၉ဝ၈ ခုနှစ်တွင် ဒုတိယ လီယိုပိုဘုရင် တစ်ဦးတည်းပိုင် နယ်မြေအဖြစ်မှ ဘယ်လ်ဂျီယန် အစိုးရပိုင်အဖြစ်သို့ ရောက်ရှိလက်ပြောင်း သွားလေသည်။ ဒုတိယ လီယိုပိုဘုရင်သည် ၁၉ဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကွယ်လွန်သည်။
သူ၏ တစ်ဦးတည်းသောသားတော်သည် ၁၈၆၉ ခုနှစ်တွင် ကွယ်လွန်သဖြင့်တူတော်ဖြစ်သူ အဲလဗတ်မင်းသားကထီးနန်းကို ဆက်ခံသည်။ တတိယ လီယိုပိုဘုရင်သည် အဲလဗတ်ဘုရင် (၁၈၇၅ - ၁၉၃၄)၏ သားတော်ဖြစ်၍ ၁၉ဝ၁ ခုနှစ်၊ နိုဝင် ဘာလ ၁ ရက်နေ့တွင်ဖွားမြင်သည်။ ခမည်းတော်၏ရိုက်ရာကို ၁၉၃၄ ခုနှစ်တွင်ဆက်ခံရသည်။ တတိယလီယိုပိုဘုရင်သည် ဆွီဒင်နိုင်ငံမှ အာစထရစ်မင်းသမီးနှင့် ထိမ်းမြားသည်။ ထိုမင်း သမီးသည် ၁၉၃၅ ခုနှစ်၌ ဆွစ်ဇာလန်နိုင်ငံတွင် မော်တော်ကားမှောက်၍ ကွယ်လွန်သွားသည်။ တတိယ လီယိုပိုဘုရင်သည် ဦးစွာ၌ တိုင်းသူပြည်သားတို့၏ ချစ်ခင်မှုကို ခံယူရရှိသော်လည်း ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ပွားလာသည်တွင် တိုင်းသူပြည်သားတို့က အယုံအကြည်ကင်းလာလေသည်။ ၁၉၃၉ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် ဂျာမနီနိုင်ငံနှင့် တဖက်မှ ပြင်သစ်၊ ဂရိတ် ဗြိတိန်နိုင်ငံတို့ စစ်ဖြစ်တော့မည်ကဲ့သို့ရှိချိန်တွင် တတိယ လီယိုပိုဘုရင်သည် နယ်သာလန်နိုင်ငံမှ ဝီလယ်မင်းနားဘုရင်မ နှင့်အတူ ကြားဝင်ဖြန်ဖြေမည်ဟု ပြောဆိုခဲ့သည်။ သို့သော် ဂျာမန်ခေါင်းဆောင် အဲဒေါ့ဟစ်တလာက လက်မခံပေ။ ဘယ်လဂျီယမ်နိုင်ငံကို ဂျာမန်တို့ ချဉ်းနင်းဝင်ရောက်ပြီး နောက်တစ်နေ့ ဖြစ်သော ၁၉၄ဝ ပြည့်နှစ်၊ မေလ ၁၁ ရက်နေ့တွင် လီယိုပိုဘုရင် သည် ဘယ်လ်ဂျီယန်တပ်များကို ဦးစီးခေါင်းဆောင်ပြုသည်။ သူ၏တပ်များ သည် ရန်သူနှင့် အင်အားချင်းမမျှရကား မေလ၂၈ ရက်နေ့တွင် လက်နက်ချ အညံ့ခံလိုက်ရသည်။
လီယိုပိုဘုရင်သည် မိမိ၏အစိုးရနှင့်အတူ တိမ်းရှောင် ထွက်ပြေးခြင်းမပြုပေ။ ဂျာမန်တို့က မိမိတို့နှင့် ပူးပေါင်းဆောင်ရွက် ရေးအတွက် ကြိုးစားသော်လည်း တတိယ လီယိုပိုသည် မည်သည့်ကိစ္စတွင်မျှ ပါဝင်လုပ်ကိုင်ခြင်းမပြုဘဲ ဘရပ်ဆဲလ်မြို့ အနီးရှိ လေကင်မြို့တွင် အကျဉ်းသားသဖွယ် နေထိုင်ခဲ့ရသည်။ ၁၉၄၁ ခုနှစ်တွင် ဗဲလဂျီယမ်အမျိုးသမီး အရပ်သူတစ်ဦးနှင့် ထိမ်းမြားလက်ထပ်သည်။ ၁၉၄၄ ခုနှစ်၌ နော်မန်ဒီတွင် မဟာမိတ်တို့ တက်ရောက်လာသောအခါ ဂျာမန်တို့က လီယိုပိုအား ဂျာမနီသို့ပို့လိုက်သည်။ ၁၉၄၅ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်အမေရိကန် စစ်တပ်များကြောင့် လီယိုပိုဘုရင် လွတ်မြောက်လာသည်။ ထိုအတောအတွင်း ၁၉၄၄ ခုနှစ်၊ စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ဘယ်လ်ဂျီယမ်တိုင်းသူပြည် သားတို့က လီယိုပို၏ညီတော် ချားမင်းသားအား ရင်ခွင်ပိုက် အဖြစ် တင်မြှောက်ထားလေသည်။
တတိယလီယိုပိုဘုရင် ဘယ်လဂျီယမ်နိုင်ငံသို့ ပြန်လာမည့်အရေးကို ဘယ်လ်ဂျီယမ်အစိုးရက လီယိုပိုသည် ဟစ်တလာနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ သည်ဟု အကြောင်းပြလျက် ကန့်ကွက်ခဲ့လေသည်။ ထို့ကြောင့် လီယိုပို၏ စစ်အတွင်းပြုမူဆောင်ရွက်ချက်များကို ကော်မရှင်တစ်ခု ဖွဲ့စည်းစစ်ဆေးစေခဲ့ရာတွင် ထိုအဖွဲ့က လီယိုပို၏ ပြုမူဆောင်ရွက်ချက်များသည် မှန်ကန်ကြောင်း အစီရင်ခံစာတင်သည်။ လီယိုပိုကလည်း မိမိ ဂုဏ်သိက္ခာ အစွန်းအထင်းမရှိကြောင်း တိုင်းသိပြည်သိ ကြေညာပြီးမှသာလျှင် မိမိ၏ တာဝန်ဝတ္တရားများကို ပြန်လည်ထမ်းဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့လေသည်။ လီယိုပိုဘုရင်သည် ၁၉၅ဝ ပြည့်နှစ်တွင် ဘယ်လ်ဂျီယမ်နိုင်ငံသို့ ပြန်လည်နန်းစံသည်။ သို့သော် လူထုက အကြည်ညိုကင်းလာ၍ လီယိုပိုအားနန်းစွန့်ရန်တောင်းဆိုသည်။ ထို့ကြောင့် တတိယ လီယိုပိုအား နန်းစွန့်ရန်တောင်းဆိုသည်။ ထို့ကြောင့် တတိယ လီယိုပို ဘုရင်သည် ၁၉၅၁ ခုနှစ်၊ဩဂုတ်လတွင် ထီးနန်းကို စွန့်လွှတ်၍ သားတော်ဗက်ဒွှင်အား အရိုက်အရာကို ဆက်ခံစေသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)