ရွှေပန်းထိမ် ငွေပန်းထိမ်အစရှိသော လုပ်ငန်းချင်း တူရာအလုပ်ရှင်၊ ကျွမ်းကျင်သူ၊ အလုပ်သမားစသည်တို့သည် မိမိတို့၏ လုပ်ငန်းကိုဖွံ့ဖြိုးစေရန် အလိုငှာစုပေါင်းဖွဲ့စည်းလေ့ရှိကြသည်။ ယင်းသို့ဖွဲ့ စည်းရာ၌ အရင်းမတည်ငွေကို စုပေါင်းဖွဲ့စည်းသော ကုမ္ပဏီဖွဲ့စည်းနည်းမျိုး မဟုတ်ချေ။ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုတို့ကို စုပေါင်းဖွဲ့စည်းသော သဘော ဖြစ်သည်။ ကျွမ်းကျင်မှုကိုဖွဲ့စည်းသည်ဆိုရာ၌ ထုတ်ကုန်ပစ္စည်းများ အဆင့် အတန်းမီစေရန်လည်းကောင်း၊ အဆင့်အတန်းအလိုက် ဈေးနှုန်းမှန်ကို ရစေ ရန်လည်းကောင်း၊ လုပ်ငန်းအလိုက်လုပ်ချိန်နှင့် လခသားနားမျှတစေရန် လည်းကောင်း၊ အလုပ်သမားများ ကြီးပွားချမ်းသာလာစေရန်လည်းကောင်း ရည်စူး၍ဖွဲ့စည်းသည်။ ဤအလားတူအဖွဲ့အစည်းမျိုးသည် မြန်မာတို့၏ ရွှေပန်းထိမ် ငွေပန်းထိမ်လုပ်ငန်းတို့၌ အထင်အရှားထွန်းကားခဲ့ဖူးသည်။ ဤ သဘောမှာ လုပ်ငန်းအားဖြင့် အတူတကွ သဘောတူညှိ၍ ပေါင်းစပ်ထား ခြင်းဖြစ်၍ လုပ်ငန်းဘုံအဖွဲ့ဟု အမည်ပေးသည်။ အဂ‡လိပ်ဘာသာစကားဖြင့် မူကား ဂီးဟုခေါ်သည်။

အဆိုပါအဖွဲ့များသည် ဥရောပတိုက်တွင် ၁၂ ရာစုနှစ်က စတင် ပေါ်ပေါက်လာခဲ့သည်။ ထိုအသင်းအဖွဲ့များကို ရက်ကန်းသည်များက ဦးစွာ ပထမ ဖွဲ့စည်းတည်ထောင်ခဲ့ဟန်တူသည်။ ယင်းတို့၏ အတုကိုယူ၍ နောင် တွင် ရွှေပန်းထိမ်သည်များ၊ လက်စွပ်အိတ်ရက်သမားများ၊ ပေါင်မုန့်ဖုတ် သမားများ၊ ငါးစိမ်းသည် အမဲသည်များ၊ ကုန်းနှီးကကြိုးတန်ဆာ ပြုလုပ်သူ များ၊ ဆေးဆိုးသမားများ စသော ခေတ်အလိုက် ထွန်းကားထင်ရှားကြသော အလုပ်သမားများသည် အချင်းချင်းစုပေါင်းကာ သက်ဆိုင်ရာအသင်းအဖွဲ့များ ကို တည်ထောင်လာကြသည်။ ထိုအဖွဲ့များကို ဒေသန္တရအစိုးရများ၏ ခွင့်ပြု ချက်အရသာလျှင် သာမန်အားဖြင့်ဖွဲ့စည်းတည်ထောင်ကြရ၏။ သို့ရာတွင် ရံဖန်ရံခါဘုရင်၏ ခွင့်ပြုချက်အရ ဖွဲ့စည်းတည်ထောင်သည် လည်းရှိသေး သည်။ ၁၄ ရာစုနှစ်အတွင်းသို့ရောက်လာသည့်အခါ လန်ဒန်မြို့၊ ပါရစ်မြို့ ကဲ့သို့သော မြို့ကြီးများတွင် တစ်မြို့တစ်မြို့လျှင် ထိုသို့သော အဖွဲ့မျိုးပေါင်း ၅ဝ ကျော်စီမျှ ရှိခဲ့ကြ၏။

လုပ်ငန်းဘုံအဖွဲ့များတွင် အသင်းဝင်တစ်ဦးဖြစ်ရန်မှာ ပညာသည် လောင်းတစ်ဦးသည် ဦးစွာအလုပ်သင်ရသည်။ အလုပ်သင်တန်းနှစ်မှာ ယေဘုယျအားဖြင့် ခုနစ်နှစ်ဖြစ်သည်။ ထိုကာလအတွင်းအလုပ်သင်များကို အလုပ်ရှင်ကပညာ သင်ကြားပေးရင်းနှင့် ခိုင်းစေရန်အလို့ငှာ မိဘများသည် အလုပ်သင်မည့်မိမိတို့၏သားကို အလုပ်ရှင်ထံ၌ အပ်နှံစမြဲဖြစ်သည်။ ထို အခါ အလုပ်ရှင်သည် မိမိ၏ တပည့်ဖြစ်လာသူအလုပ်သင်အား မိမိ၏ ဆိုင်နောက်၌ဖြစ်စေ၊ အပေါ်ထပ်၌ဖြစ်စေ မိမိ၏ အိမ်သူအိမ်သားများနှင့် အတူနေထိုင်စေ၍ အစားကျွေးခြင်း၊ အဝတ်ဆင်ခြင်း၊ ပညာပေးခြင်း စသော လုပ်ငန်းတာဝန်တို့ကို ယူလိုက်ရလေသည်။ အလုပ်ရှင်ထံတွင် အလုပ်သင် တန်းချိန်ပြည့်အောင် သင်ကြားလုပ်ကိုင်ပြီးသည့်အခါ အလုပ်သင်သည် နေ့စားလုပ်သား ဘဝသို့ကူးပြောင်းသွား၏။ နေ့စားလုပ်သားဘဝသို့ရောက်ရှိ လာသောအခါ အလုပ်သင်သည် မိမိမသဘောကျနှစ်ခြိုက်ရာ အလုပ်ရှင် တစ်ဦးဦးထံ၌ အခသားနားယူ၍အလုပ်လုပ်နိုင်သော အခွင့်အရေးရရှိလာ သည်။ ထိုသို့ အခြားလူများထံ၌ လူငှားအဖြစ်ဖြင့် လုပ်ကိုင်နေသည်တွင် ရှေ့လာဘ်မြင်ခဲ့သော် ကြိုးစားလုပ်ကိုင်ခြင်း၊ ငွေကြေးစုဆောင်းခြင်း၊ ဆိုင်ခွဲ ဖွင့်လှစ်ခြင်းစသော ဆောင်ရွက်မှုတို့ဖြင့် မိမိ၏ တက်လမ်းကို မိမိဖန်တီး နိုင်ပေသည်။ ဆိုင်ပိုင်ဖြစ်လာသည့်အခါ မိမိ၏လက်အောက်၌ အလုပ်သင် များထားရှိသင်ကြားပေးခြင်း၊ နေ့စားလုပ်သားများငှားရမ်းထားရှိခြင်း စသည် တို့ဖြင့် အလုပ်ရှင်တစ်ဦးဖြစ်လာနိုင်ပြန်သည်။ ထိုအခါ လုပ်ငန်းဘုံအဖွဲ့သို့ အသင်း၏ ရန်ပုံငွေတွင်ပေးသွင်းကာ အသင်းသားဖြစ်လာနိုင်ပေသည်။ အသင်းဝင်ဖြစ်လာလျှင် ထိုအသင်း၏ အစည်းအဝေးများသို့ တက်ရောက်နိုင် ခြင်း၊ ထိုအသင်း၏ အမှုဆောင်အဖြစ်ဝင်ရောက်ဆောင်ရွက်နိုင်ခြင်း၊ ပြော ရေးဆိုခွင့် ရှိခြင်းစသော အခွင့်အရေးများကို ရရှိလာလေသည်။

ရှေးက တည်ထောင်ခဲ့သော လုပ်ငန်းဘုံအဖွဲ့များ၏ ရည်ရွယ်ချက် မှာ အသင်းဝင်များ၏လုပ်ငန်းရပ်များကို စည်းကမ်းသတ်မှတ်ပေးရန်နှင့် ထို လုပ်ငန်းရပ်များကို အသင်းဝင်များကသာ ချုပ်ကိုင်ထားနိုင်ရန်ဖြစ်သည်။ ထို နောက်တွင် အဆိုပါအဖွဲ့များ၏စည်းမျဉ်းတို့မှာ ကျယ်ဝန်းလာခဲ့ကြသည်။ အဖွဲ့ဝင်မဟုတ်သော ပညာသည်တစ်ဦးသည် ထိုအဖွဲ့တည်ရာမြို့နယ်နိမိတ် အတွင်းတွင် သက်ဆိုင်ရာလုပ်ငန်းကို လုပ်ကိုင်ခွင့်မရချေ။ အဖွဲ့ဝင်များ လုပ်ကိုင်ရောင်းချသော ပစ္စည်းဟူသမျှတို့သည် အဖွဲ့ကသတ်မှတ်ပေးသော အမျိုးအစားအတိုင်းသာ ဖြစ်ကြရမည်ဟု ပြဋ္ဌာန်းထား၏။ ပုံစံအားဖြင့်ဆို သော် ရက်ကန်းသည်များ၏ အဖွဲ့စည်းမျဉ်းများအရ စံထား၍အရောင်းအဝယ် ပြုသောအထည်အလိပ်များတွင် တစ်လက်မလျှင် ချည်မျှင် မည်မျှပါရှိရမည် ဟူ၍ ဖြစ်လေသည်။ ထိုမျှမကသေး၊ အလုပ်လုပ်ချိန်တို့ကိုလည်း သတ်မှတ် ၍ပေးထား၏။ အဖွဲ့ဝင်အချင်းချင်း ကူညီရိုင်းပင်းရန်လည်းကောင်း၊ အဖွဲ့ဝင် များ နာဖျားခဲ့သော် စောင့်ရှောက်ကုသပေးရန်လည်းကောင်း၊ နွမ်းပါးဆင်းရဲ သောအဖွဲ့ဝင်များအား ဖေးမထောက်ပံ့ရန်လည်းကောင်း၊ ကွယ်လွန်သူအဖွဲ့ဝင် တို့၏ သမီးသားနှင့် မယားတို့အား ကြည့်ရှုစောင့်ရှောက်ရန်လည်းကောင်း စည်းမျဉ်းများ ပြုလုပ်ထားရှိ၏။ ထိုစည်းမျဉ်းများတွင် ပျော်မှု ရွှင်မှုအတွက် ပင်လျှင် လျာထားချက်များပါရှိလေသည်။ အဖွဲ့ဝင်တို့သည် တစ်နှစ်လျှင် တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ် သုံးကြိမ် စသည်ဖြင့် အခွင့်အခါအားလျော် စွာ စုဝေးရောက်ရှိလာကြပြီးလျှင် ပျော်ပွဲရွှင်ပွဲများကိုပင်လျှင် ကျင်းပပြုလုပ် လေ့ရှိကြသည်။ အဖွဲ့ဝင်တို့သည် သာမန်အားဖြင့် တစ်ရပ်တည်း၌သာ နေထိုင်လေ့ရှိကြသဖြင့် သာမန်နာမှုတို့နှင့် စပ်လျဉ်းသော ဝေယျာဝစ္စများ အတွက် လုပ်ငန်းတူသူများဖွဲ့စည်းထားသည့် ဘုံအဖွဲ့သည် အလွန်အရေးပါ အရာရောက်ပေသည်။

လက်မှု ပညာသည်အဖွဲ့များအပြင် ကုန်သည်အဖွဲ့များလည်းရှိခဲ့ လေသည်။ ကုန်သည်အဖွဲ့များတွင် ရပ်ဝေးရပ်နီးလက်ကား အရောင်းအဝယ် ပြုသော ကုန်သည်ကြီးများပါဝင်ကြသဖြင့် ထိုအဖွဲ့များသည် အထူးတန်ခိုး အင်အားကြီးမားခဲ့ကြလေသည်။ ထိုသို့သောအဖွဲ့များ စုပေါင်းဖွဲ့စည်းထား သည့် ဟန်ဆီအက်တစ်လိခေါ် ဂျာမန်မြို့ပေါင်းစုံ သမဂ္ဂကြီးသည် ၁၄ ရာစု နှစ်လောက်တွင် ဗောလတစ်ပင်လယ်ကမ်းတစ်လျှောက်၌ ရှိသော တိုင်းပြည် များ၌ အတန်ပင်အာဏာစက်လွှမ်းခဲ့၏။ ဥရောပတိုက်တွင် ကုန်သည်အဖွဲ့ များသည်မြို့ကြီးများအုပ်ချုပ်ရေး၌ အထူးဩဇာညောင်းခဲ့ကြသည်။ ကုန်သည် အဖွဲ့များဆောက်လုပ်ထားရှိခဲ့သော ဂီး(လ)ဟောခေါ်အသင်းတိုက်ခန်းမကြီး ဖြစ်သည့် ကြီးကျယ်ထယ်ဝါသောအဆောက်အအုံများကို မြို့ကြီးများစွာတို့ တွင် ယနေ့တိုင် တွေ့မြင်နိုင်ပေသည်။

လုပ်ငန်းဘုံအဖွဲ့များ၏ စည်းမျဉ်းများသည် ရည်ရွယ်ချက်ကောင်း သလောက် တင်းပြည့်ကျပ်ပြည့် အကျိုးသက်ရောက်မှုမဖြစ်သည်ကို နောင် တွင်တွေ့လာလေသည်။ အဖွဲ့များက သတ်မှတ်ပေးလိုက်သော အမျိုးအစား တို့သည် ရံဖန်ရံခါ ရိုးသွားကြပြီးလျှင် ခေတ်မမီဖြစ်လာတတ်ကြသည်။ ထို အခါ သတ်မှတ်ပေးသည့်စည်းမျဉ်းကို တစ်သဝေမတိမ်း လိုက်နာနေပါက လုပ်ငန်းတိုးတက်ရေးကို ထိခိုက်ကာ နစ်နာမှုများ ပေါ်ပေါက်လာတတ် သည်။ ထိုအတွက်များစွာသော လက်မှုပညာသည်လုပ်ငန်းရှင်တို့သည် အဖွဲ့ များကင်းသည့် မြို့များရွာများသို့ ရွှေ့ပြောင်းလုပ်ကိုင်လာကြလေသည်။ သို့ အားဖြင့် လုပ်ဖော်လုပ်ဖက်အသင်းအဖွဲ့များသည် ၁၆ ရာစုနှစ်လောက်တွင် ယိမ်းယိုင်ပျက်ပြားစ ပြုလာကြပြီးလျှင် စက်မှုလုပ်ငန်းအရေးတော်ပုံကြီး ပေါ် ပေါက်လာသည့်အခါ လုံးလုံးလျားလျား တိမ်ကောသွားကြလေတော့သည်။ သို့ရာတွင် လန်ဒန်မြို့၌ ထိုအသင်းအဖွဲ့တို့၏ အကြွင်းအကျန်များကို ယနေ့ တိုင် တွေ့မြင်နိုင်သေးသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)