ပရဟိတ လုပ်ငန်း ပြင်ဆင်ရန်

အများကောင်းကျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ ဆောင်ရွက်သမျှ လူမှုဝန်ထမ်းလုပ်ငန်းမည်၏။ ရေငတ်သူကို ရေကြည်တစ်ပေါက် ပေးကမ်းမှုမှစ၍ အသင်းအပင်းဖွဲ့ကာ ဒုက္ခသည်အများကို စောင့်ရှောက်အားပေးမှု အထိ ကူညီထောက်ပံ့မှု အားလုံးသည် လူမှုဝန်ထမ်းလုပ်ငန်း ဖြစ်သည်။

လူမှုဝန်ထမ်း ပြင်ဆင်ရန်

လူမှုဝန်ထမ်းဟူသော စကားတွင် ကမ္ဘာနှင့်အဝှန်းဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်း လုပ်ငန်းများ အကျုံးဝင်သည်။ အများကောင်းကျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ ဆေင်ရွက်သမျှ လုပ်ငန်းသည် လူမှုဝန်ထမ်း လုပ်ငန်းမည်၏။ ထိုလုပ်ငန်းမျိုးမှာ မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းက ရှိခဲ့သော်လည်း အမည်သီးခြားပေးပြီး အသင်းဖွဲ့ကာဆောင်ရွက်ခြင်း မရှိခဲ့ပေ။ ယခုအခါ ကမ္ဘာတွင် သိပ္ပံပညာအရင်းခံ၍ စက်မှုလက်မှုပညာများ တိုးတက်ထွန်းကားလာ၏။ စက်မှုလက်မှု ထွန်းကားသည့် ဒေသတိုင်းတွင် လူဦးရေလည်း တိုးတက်များပြားလာ၏။ လူဦးရေ များပြားလာသည်နှင့်အမျှ ရောဂါဘေး၊ မီးဘေးစသော ပြဿနာတို့သည်လည်း ပေါ်ပေါက်လာတော့၏။ လူမျိုးတည်တံ့မှုအတွက် လူအို လူနာစောင့်ရှောက်ရေး၊ ပညာရေး၊ စီးပွားရေး စသည်တို့လည်း ပေါ်ပေါက် လာပြန်သည်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် ရေဘေး၊ ငတ်မွတ်ခြင်းဘေး၊မြေငလျင်ဘေး စသည်တို့ ကြုံကြိုက်သည့်အခါ၌၎င်း၊ ခိုးသား၊ ဓားပြ၊ သူပုန်၊ စစ် စသည်တို့ တိုက်ခိုက်သည့် အခါ၎င်း၊ ဒုက္ခသည်များ အရေးပေါ်ပေါက်လာသည့် အခါ၌၎င်း၊ ကူညီစောင့်ရှောက်မှု ယိုင်းပင်းမှုသာ မရှိခဲ့လျှင် ကမ္ဘာတွင် နေပျော်ဖွယ်ရှိတော့မည်မဟုတ်ရကား လူမှုဝန်ထမ်းလုပ်ငန်းသည် အသေးအဖွဲ့မှစ၍ တစ်နိုင်ငံလုံး စုပေါင်းဆောင်ရွက်သညအထိ လိုအပ်သောလုပ်ငန်းကြီးတစ်ရပ် ဖြစ်ပေသည်။

အမေရိကန်၊ အင်္ဂလန်၊ အိန္ဒိယစသော နိုင်ငံတို့တွင် လူမှုဝန်ထမ်း လုပ်ငန်းကို ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စာရိတ္တ ပြုပြင်ရေး စသည်ဖြင့် အပိုင်းပိုင်းခွဲ၍ တိုးတက်အောင် ဆောင်ရွက်နေကြသည့်နည်းတူ မြန်မာနိုင်ငံ၌လည်း တိုင်းပြည်လူထုအား ကူညီထောက်ပံ့ ကာကွယ်စောင့်ရှောက်မှုအတွက် လူမှုဝန်ထမ်းဌာနတစ်ခုကို နိုင်ငံအစိုးရတို့က ၁၉၅၃ ခုနှစ်တွင် စတင် တည်ထောင် ဖွင့်လှစ်ခဲ့သည်။ ထိုအချိန်မှစ၍ လူမှုဝန်ထမ်းဌာနသည် လူမှုရေးပြဿနာများကို ဖြေရှင်းရုံသာမက နိုင်ငံတွင်းရှိ တိုင်းရင်းသားတိုင်း သာယာဝပြောစွာ နေထိုင်နိုင်ရန်လည်း စိုင်းပြင်လျက်ရှိသည်။ နိုင်ငံအစိုးရတို့သည် တိုင်းပြည်တွင်းရှိ ကလေးသူငယ်တိုင်း၏ စားဝတ်နေ ရေး ပြည့်စုံလုံခြုံမှုကို လိုလားသည့်ပြင် သာယာပျော်ရွှင်မှုကိုလည်း ဖန်တီး ပေးရန် ရည်ရွယ်လျက်ရှိသည်၊ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် နေ့ကလေးထိန်းဌာနများ၊ မူလန်းကြိုကျောင်းများ၊ ကလေးပြုစုရေးဌာနများ၊ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးဂေဟာများ၊ လေလွင့်နေသောကလေးများ စောင့်ရှောက်ရေးဂေဟာများ၊ မျက်မမြင်၊ နားမကြား၊ ဆွံအသော ကလေး ဂေဟာများ ဖွင့်လှစ်၍ စောင့်ရှောက ်ပေးလျက်ရှိသည်။ မိခင်များမကျန်းမာမှု၊ စီးပွားရေးချို့တဲ့မှု၊ ကိုယ်ခွဲမရှိ၍ အိမ် ထောင်မှုဆောင်ရွက်ရာတွင် ပင်ပန်းမှု စသည်တို့ကြောင့် ကလေးသူငယ်၏ ဘဝတွင် မပြည့်စုံနိုင်ဘဲရှိရာ ထိုချွတ်ယွင်းမှုများကို ဖြည့်စွက်သည့် အနေဖြင့် နေ့ကလေးထိန်း ဌာနများကို ဖွင့်လှစ်ခဲ့သည်။ ထိုဌာနများမှ ကလေးများအား ကျန်းမာရေး၊ ပညာရေး၊ စာရိတ္တကောင်းမွန်ရေး၊ ပျော်ရွှင်ရေးများရရှိစေရန် တစ်နေ့တာလုံး ကြည့်ရှုထိန်းသိမ်းပေးသည်။ အချို့ ကလေးများမှာ မိဘနှစ်ဦးစလုံး အနိစ္စရောက်၍ လည်းကောင်း၊ မိဘများကစွန့်ပစ်၍လည်းကောင်း၊ အမိ သို့မဟုတ် အဘ တစ်ဦးဦးသေဆုံး၍လည်း ကောင်း၊ ပြင်းထန်စွာ မကျန်းမာ၍လည်းကောင်း မိခင်၏ပိုက်ထွေးမွေးမြူမှုကို အလျှဉ်းမခံရသဖြင့် နိုင်ငံအစိုးရက ကလေးပြုစုရေးဌာနကို တည်ထောင်ထား သည်၊ အချို့ကလေးများအား အစဉ်စောင့်ရှောက်ထားသည်။ ဆွေမျိုးဉာတိ လုံးဝမရှိသော ကလေးများကို မွေးစားမည့် မိဘများအားအမွေစား အမွေခံအဖြစ် မွေးစားခွင့်ပေးသေးသည်။ မိဘမဲ့ကလေးများအား စေတနာ့ဝန်ထမ်းဂေဟာများက စောင့်ရှောက်ထားသည်။ စေတနာ့ဝန်ထမ်း စောင့်ရှောက် ်ထားသော မိဘမဲ့ကလေးများ တိုင်းပြည်တွင် ထောင်သောင်းမက အမြောက်အမြားရှိသည့်အနက် အချို့တို့ကို မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ (မြန်မာနိုင်ငံလုံးဆိုင်ရာ ပရဟိတသံဃအဖွဲ့ချုပ်) ကသော်လည်းကောင်၊ နိုင်ငံခြားသား ခရစ်ယာန် သာသနာပြု အသင်းအဖွဲ့များကသော်လည်းကောင်း၊ ကျန်အချို့တို့ကို စေတနာ့ဝန်ထမ်း အသင်းအဖွဲ့များကသော် ်လည်းကောင်း တာဝန်ယူ၍ ထိန်းသိမ်းစောင့်ရှောက်လျက် ်ရှိရာ နိုင်ငံအစိုးရကလည်း ငွေကြေးထောက်ပံ့သည်။ အခြေအနေ အတည်တကျမရှိ၊ အိုးအိမ်ကင်းမဲ့၊ လမ်းကြီးလမ်ငယ်များ၌ လေလွင့်နေသော ကလေး များအားလည်း စေတနာ့ဝန်ထမ်း စောင့်ရှောက်ရေး ဂေဟာများတွင်ထိန်းသိမ်း၍ ယင်းတို့၏ ကျန်းမာရေး၊ အသက်မွေးဝမ်း ကျောင်းပညာ ရရှိရေးနှင့် စာရိတ္တ ကောင်းမွန်ရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံအစိုးရကလည်း နှစ်စဉ် ငွေကြေးထောက်ပံ့သည်။ မျက်မမြင်၊ နားမကြား၊ ဆွံ့အသော ကလေးများအာ လူတန်းစေ့ နေထိုင်နိုင်ရန် စေတနာ့ဝန်ထမ်း အဖွဲ့များက အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရေး ကျောင်းများ ဖွင့်လှစ်၍ သင်ကြားခဲ့ရာ မျက်မမြင်ဂေဟာများ ရန်ကုန်မြို့နှင့် ပခုက္ကူမြို့ (ပြည်ထောင်စုမြန်မာနိုင်ငံလုံး ဆိုင်ရာ မျက်မမြင်ဒုက္ခသည်များအား ကယ်တင်စောင့်ရှောက် ပညာသင်ကြားရေးအဖွဲ့ကျောင်းကြီး) တို့တွင်ရှိ၍ နားမကြားဆွံ့အဂေဟာမှာ ရန်ကုန်တွင်ရှိသည်။ နိုင်ငံ အစိုးရက ထိုစေတနာ့ဝန်ထမ်းအဖွဲ့များ ကြာရှည် ထမ်းဆောင်းနိုင်ရန် ထောက်ပံ့ကြေးများ ပေးလျက်ရှိသည်။ မိခင်နှင့်ကလေးများ စောင့်ရှောက်ရေးလုပ်ငန်းသည်လည်း အထူးလိုအပ်သော လူမှုဝန်ထမ်းလုပ်ငန်းတစ်ရပ်ဖြစ်သည်။

ယခုလက်ရှိ မိခင်နှင့်ကလေးများ စောင့်ရှောက်ရေး လုပ်ငန်းများကို စေတနာ့ဝန်ထမ်း အသင်းအဖွဲ့ များက များသောအားဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထိုအသင်းအဖွဲ့များက မိခင်နှင့်ကလေးများအတွက် ဆေးပေးရုံများဖွင့်လှစ်၍ ကလေးကိစ္စမှန်သမျှ၊ မမွေးမီနှင့် မွေးပြီးအချိန်ကာလအတွင်း အလုံးစုံ စောင့်ရှောက်ပြုစုပေးသည်။ မိခင်များကိုလည်း ကိုယ်ဝန်ဆောင်နည်းနှင့် ကလေးမွေးမြူနည်း ညွှန်ကြား၍ ကျန်းမာရေးစစ်ဆေးပေးသည်။ ပြည့်တန်ဆာပပျောက်ရေး အက်ဥပဒေအရ ဖမ်းဆီးအပြစ်ပေးခြင်း ခံရသော အမျိုးသမီးများအား စေတနာ့ဝန်ထမ်းအဖွဲ့ဂေဟာများတွင် စောင့်ရှောက်ထား၍ အသက်မွေးဝမ်းကျောင်း ပညာရပ်ဖြစ်သော ဇာထိုး၊ ပန်းထိုး၊ အချုပ်အလုပ်၊ ရက်ကန်း စသည့်ပညာရပ်များကို သင်ကြားပေးသည်။ နိုင်ငံအစိုးရက တစ်ဦးလျှင် လစဉ်ကျပ် ၃ဝ ထောက်ပံ့သည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးအစိုးရ တက်လာပြီးနောက် ယင်း၏လူမှုရေးဝါဒအရ ကလေးသူငယ်စောင့်ရှောက်ရေး လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ကလေးသူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော မြန်မာ့ဆိုရှယ်လစ် သားသမီးကောင်းများဖြစ်စေရန်နှင့် ယင်းတို့၏ ဘဝအာမခံချက် ရရှိစေရန်အတွက် ယခင်က စေတနာ့ဝန်ထမ်း လူမှုရေးအသင်းအဖွဲ့များက ဖွင်လှစ် ်ထားသော ကမ္ဘာအေးလူငယ်ဂေဟာနှင့် ဂျူးဗမ်းလမ်းရှိ အမျိုးသမီးကလေးများဂေဟာတို့ကို ၁၉၆၂ ခုနှစ်၊ ဒီဇင် ဘာလ ၁ ရက်နေ့တွင်လည်းကောင်း၊ အင်းယား လေလွင့်ကလေးများဂေဟာကို ၁၉၆၃ ခုနှစ်၊ ဧပြီလ ၁ဝ ရက်နေ့တွင်လည်းကောင်း လွှဲပြောင်းလက်ခံယူပြီးလျှင် တော်လှန်ရေးအစိုးရ လူမှုဝန်ထမ်းဌာနက တိုက်ရိုက်အုပ် ချုပ်လျက်ရှိသည်။

ကမ္ဘာအေးလူငယ်ဂေဟာကို ကမ္ဘာအေးလူငယ်သင်တန်းကျောင်း၊ အင်းယား လေလွင့်ကလေးများဂေဟာကို အင်းယား လူငယ်သင်တန်းကျောင်း၊ ဂျူးဗမ်း အမျိုးသမီးကလေးများ ဂေဟာကို အမျိုးသမီးကလေးများ သင်တန်း ကျောင်းဟူ၍ အမည်သစ်အသီးအသီးပေးခဲ့သည်။ ထို့ပြင် မန္တလေးမြို့နှင့် မော်လမြိုင်မြို့တို့တွင်လည်း လူငယ်သင်တန်း ကျောင်းများ ၁၉၆၃ ခုနှစ်တွင် ဖွင့်လှစ်ပေးခဲ့သည်။

မူလတန်းကြိုကျောင်းကို ရန်ကုန်မြို့တွင် ၁၉၆၆ ခုနှစ်၊ နိုဝင် ဘာလ ၁ ရက်နေ့က ဦးစွာဖွင့်လှစ်ခဲ့၍၊ ယခုအခါ ရန်ကုန်မြို့တွင် လေး ကျောင်း၊ မန္တလေး၊ ဖားအံ၊ တောင်ကြီး၊ မြစ်ကြီးနားနှင့် လွိုင်ကော်မြို့ များတွင် တစ်ကျောင်းစီ ဖွင့်ထားသည်။ အင်္ဂလီကန်အသင်းတော်က ဖွင့်လှစ်ထားသော ကြည့်မြင်တိုင် စိန်မိုက်ကယ် မျက်မမြင်ကျောင်းကိုလည်း ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် လွှဲပြောင်းလက်ခံယူပြီးလျှင် လူမှုဝန်ထမ်းဌာနက တိုက်ရိုက် အုပ်ချုပ်လျက်ရှိ၏။

စေတနာ့ဝန်ထမ်းအဖွဲ့မျးက ဖွင့်လှစ်ထားသော အစိုးရအထောက် အပံ့ခံ မိဘမဲ့ဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ မျက်မမြင်ကျောင်း၊ ဆွံ့အနားမကြားကျောင်းများ လိုက်နာရန်စည်းမျဉ်းများ၊ ယင်းတို့အတွက် ထောက် ပံ့မှုများ လျှောက်ထားနည်းများကိုလည်း စနစ်တကျ ရေးဆွဲသတ်မှတ်ပေးသည်။ စားစရိတ်၊ အဝတ်စရိတ် ်များလည်းတိုး မြှင့်ပေးသည်။ အဆောက်အအုံပြင်ရန်၊ အသစ်တိုးချဲ့ဆောက်လုပ်ရန်၊ အသက်မွေးဝမ်းကျောင်း ပညာ သင်ကြားရန် ပစ္စည်းကိရိယာများဝယ်ယူရန် ထောက်ပံ့ငွေများ ထုတ်ပေးသည်။ ထိုအထောက်ပံ့ခံ စေတနာ့ဝန်ထမ်း ဂေဟာများကို လူမှုဝန်ထမ်းဌာနမှသတ်မှတ်သော အဆင့်အတန်းသို့ရောက်ရှိအောင် ဆောင်ရွက်နိုင်ရန် ထို ဂေဟာများရှိ ဂေဟာမှူးများကိုလည်း သင်တန်းပေးသည်။ သားထောက်သမီးခံမရှိသဖြင့် မှီခိုအားထားရာမဲ့သော မရှိဆင်းရဲသည့် အသက် ၆ဝ ကျော် အဘိုးအို၊ အဘွားအိုများကို စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များက ရိပ်သာများတည်ထောင်ကာ ပြုစုစေင့်ရှောက်ထားသည်။ ယင်းဘိုးဘွားရိပ်သာများကို ရန်ကုန်(နှင်းဆီကုန်း ဘိုးဘွားရိပ်သာ)၊ မော်လမြိုင်၊ မင်းကွန်း၊ ပေါင်းတည်၊ သထုံ၊ ဖြူးနှင့် ပခုက္ကူ စသည့်မြို့များတွင် ဖွဲ့စည်း ဖွင့်လှစ်ထားရှိရာ အစိုးရကလည်း အားပေးကူညီလျက် ်ရှိသည်။ အနာကြီး (ကုဋ္ဌနူနာ)ရောဂါသည်များ အတွက်လည်း နိုင်ငံခြားသား ခရစ်ယာန် သာသနာပြု အသင်းအဖွဲ့များက အနာကြီးရောဂါကုဆေးရုံများကို ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်မြို့များတွင် တည်ထောင်ဖွင့်လှစ်ကာ ပြုစုစောင့် ရှောက်ခဲ့၏။

ယခုအခါ ရန်ကုန်မြို့၊ ဟံသာဝတီလမ်းရှိ ဗရင်ဂျီသာသနာအဖွဲ့ပိုင် အနာကြီးရောဂါကု ဆေးရုံကို၎င်း၊ မန္တလေးမြို့ရှိ စိန်ဂျွန်းအနာကြီး ရောဂါကုရိပ်သာနှင့် ဝက်စလီယန်သာသနာပြုအဖွဲ့ပိုင် အနာကြီးရောဂါကုဆေးရုံတို့ကို၎င်း ကျန်းမာရေးဌာနမှလွှဲယူ၍ အနာကြီးရောဂါကု အထူးဆေးရုံများအဖြစ် ဖွင့်လှစ်ထားလေသည်။ လူမှုဝန်ထမ်းလုပ်ငန်းကား များပြားလှပေသည်။ စေတနာရှင် အသီးအသီးတို့ မိမိတို့နှစ်သက်ရာ လူမှုဝန်ထမ်းလုပ်ငန်းများကို အဖွဲ့အသင်းများ တည်ထောင်ကာ ဆောင်ရွက်လျက်ရှိကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)