လူရှိုင်းလူမျိုး ပြင်ဆင်ရန်

မြန်မာနိုင်ငံ အနောက်မြောက်ဒေသတွင် တည်ရှိသော ချင်းပြည်နယ်၌ ချင်းလူမျိုးတို့အပြင် လူရှိုင်းလူမျိုး (လူရှေလူမျိုးလည်းဟူ၏၊) ဟူ၍ရှိပေသေး၏။ လူရှိုင်းလူမျိုးသည် တိဗက်-မြန်မာအစုတွင် လူရှိုင်း အုပ်စုခွဲ၌ပါဝင်၏။ လူရှိုင်းလူမျိုးတို့၏ ပင်ရင်းဒေသမှာ ချင်းဝိသေသတိုင်း၏ အနောက်မြောက်ပိုင်း၊ အာသံ မဏိပူရနယ်များနှင့် ဆက်စပ်လျက်ရှိသော လူရှိုင်း(လူရှေ) တောင်တန်းဒေသပင်ဖြစ်သည်။ ထိုဒေသများတွင်သာမက မတူပီနှင့် ပလက်ဝနယ် မြောက်ပိုင်းတိုင်အောင် ပျံ့နှံ့နေထိုင် ကြသည်။ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင် ကလေးမြို့နယ် ်အတွင်း၌ ဘာဟန်း ကျေးရွာအပါအဝင် ကျေးရွာ ၁၄ ရွာ ခန့်တွင် နေထိုင်ကြသည်။

အိန္ဒိယနိုင်ငံ အတွင်း၌လည်း လူရှိုင်းလူမျိုးများ နေထိုင ်လျက်ရှိ၏။ လူရှိုင်းလူမျိုးတို့သည် ချင်းဝိသေသတိုင်း အတွင်းရှိ နီးစပ်ရာ အချို့အရပ်များသို့ ပျံ့နှံ့နေထိုင်ကြ သော်လည်း အမျိုးကွဲ အမည်ကွဲဟူ၍ မတွေ့ရပေ။ အိန္ဒိယနိုင်ငံရှိ လူရှိုင်းလူမျိုးဦးရေမှာ ၁၆၃၆ဝဝ ရှိသည်။ မြန်မာ နိုင်ငံတွင် လူရှိုင်း လူဦးရေ ၇ဝဝဝ ခန့် ရှိသည်ဟု ဆို ိုလေသည်။ လူရှိုင်း လူမျိုးများသည် ရှေးအခါကပင် မြန်မာနိုင်ငံတွင်နေထိုင်သော တိုင်းရင်းသား လူမျိုးများဖြစ် ်၏။ ယင်းတို့ မြန်မာနိုင်ငံတွင်းသို့ မည်သည့်အချိန်က ရောက်ရှိလာသည်ဟု မသိရသော်လည်း သက်ကြီး ဝါကြီး အကြီးအကဲများကို မေးမြန်းစုံစမ်းချက်အရ ရှေးအခါက ခန်းပတ်နယ် တမူးဒေသတွင် မြို့ရိုး ခံတပ်သဖွယ်ဆောက်၍ နေထိုင်ကြသည်ဟုဆိုသည်။

လူရှိုင်းလူမျိုးများသည် စစ်သူကြီးမဟာဗန္ဓု၏ မြင်းတပ်တွင် ဝင်ရောက်အမှုထမ်းခဲ့ပြီးလျှင် မြန်မာနယ်များနှင့် ခန်းပတ်ဒေသများတွင် ကာကွယ်စောင့်ရှောက်ပေးသည် ဟုလည်း ဆိုကြလေသည်။ ယင်းတို့နေထိုင်ရာ လူရှိုင်း တောင်တန်းဒေသမှာ မိုင် ၂ဝဝ ခန့် ရှည်လျား၍ မိုင် ၁ဝဝ ခန့် ကျယ်ဝန်းသည်။ ယင်းတို့သည် ကာလ အတန်ကြာမျှ ဝှန်နိုး(ဝှဲလငို) ဟူသောအမည်ဖြင့် ခေါ်တွင်ခြင်းလည်း ခံခဲ့ရ၍ ထို့နောက်မှ လူရှိုင်း ဟူသောအမည်ဖြင့် ပြန်လည်ခေါ်တွင်ခြင်း ခံခဲ့ရ လေသည်။ လူရှိုင်းလူမျိုးများသည် စိုက်ပျိုးလုပ်ကိုင်စားသောက်ကြ၍ လိမ္မော် နှင့် ကာဖီများ တွင်ကျယ်စွာစိုက်ပျိုးနိုင်ကြ သော်လည်း ဈေးကွက်မရှိပေ။ လူများစုသည် ခရစ်ယာန် အယူဝါဒီများဖြစ်၍ အချို့လူနည်းစုများသည် ဗုဒ္ဓဝါဒီနှင့် အစ္စလာမ်အယူဝါဒီများ ဖြစ်ကြသည်။ ၁၈၉၄ ခုနှစ်တွင် လာရောက်အခြေစိုက်ခဲ့သော ခရစ်ယာန်သာသနာပြုအဖွဲ့ များက ရောမအက္ခရာများဖြင့် စာပေတီထွင်ပေးခဲ့ကြ၍ စာတတ်သူဦးရေများသည်။ အထူးသဖြင့် အထက်တန်း ပညာတတ်ပေါများလေသည်။ မြန်မာနိုင်ငံတွင်းရှိ လူရှိုင်းအမျိုးသားတို့မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်တွင် နိုင်ငံခြားသားများအဖြစ် ပေါင်းသင်းဆက်ဆံခြင်း ခံခဲ့ရသည်ဟုဆိုသည်။ ထိုသို့ နိုင်ငံခြားသားများအဖြစ် ဆက်ဆံခြင်းခံခဲ့ရသည်ကို မလိုလားသောကြောင့် မြန်မာပြည် လူရှိုင်းအမျိုးသားအဖွဲ့ ကို တည်ထောင်ပြီးလျှင် ၁၉၆၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရထံ တိုင်းရင်းသားလူမျိုးတစ်ရပ် အနေဖြင့် အသိအမှတ်ပြုရန် တောင်းဆိုခဲ့သည်။ ထိုသို့ တောင်းဆိုခဲ့သည့်အလျောက် ထို ၁၉၆၃ ခုနှစ် လပိုင်းအတွင်းမှာပင် တော်လှန်ရေးအစိုးရက မြန်မာ တိုင်းရင်းသား လူမျိုးများတွင် အပါအဝင်အဖြစ် အသိအမှတ်ပြုခဲ့လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)