လူဝင်စားဟူ၍ လောက၌ ပြောရိုးဆိုရိုးရှိကြ၏။ ဝင်စားခြင်း အကြောင်းသည် ဗုဒ္ဓဘာသာ တရားတော်တွင် သက်ဝင်ခြင်း ရှိပါသလား -

ဖြေ။ လူဝင်စားဟူသည် အသီးအခြား တပါးတမျိုး မဟုတ်။ လူ့ဘဝသို့ ရောက်လာကြသူ အပေါင်းတို့တွင် ရှေးဘဝကို ပြန်၍သိနိုင်သူ အနည်းငယ်မျှသာ ရှိကြ၏။ ထိုသူတို့ကို လူဝင်စားဟူ၍ ခေါ်ကြ၏။ ထိုသူကို ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ ဇာတိဿရ ပုဂ္ဂိုလ်ဟူ၍ ခေါ်၏။ ရှေးဘဝကို ပြန်၍အောက်မေ့နိုင်သောသူ၊ သိနိုင်သောသူ ဟု ဆိုလိုသည်။

ရှေးဘဝကို ပြန်၍ မသိနိုင်ခြင်း၊ သိနိုင်ခြင်း အကြောင်းကား -

(၁) လူ့ဘဝ၌ နေ့ရက်ရှည်ကြာ အနာရောဂါ နှိပ်စက် ညှဉ်းပန်းစိတ်အား ကုန်ခန်း၍ သေရခြင်းတပါး။

(၂) နောက်ဘဝ၌ ဂဗ္ဘသေယျကမျိုး ဖြစ်၍ အလွန်သေးငယ်လှသော ကာလလရေကြည် အစတည်လျက် နေ့ရှည်ရက်များ ဖြေးနှေးစွာ ကြီးပွားရသဖြင့် စိတ်အားသေးနုတ် မှေးတုတ် မိန်းမော၍ နေရခြင်းတပါး။

ဤအကြောင်းနှစ်ပါးနှင့် တွေ့ကြုံ၍ လာကြကုန်သော သူတို့သည် ရှေးဘဝကို မေ့ကြကုန်၏။

ထိုမှတပါး -

(၁) အလွန်ငယ်ကလေးက သေခဲ့ကြသောသူ၊ အလွန်အိုမင်းထိုင်းမှိုင်းလှမှ သေခဲ့ကြသောသူ၊ ယစ်မျိုး ကြူးလှသော သူတို့သည် ၎င်း၊

(၂) နောက်ဘဝ၌ အမိသည် ရောဂါသည်မ ဖြစ်ခဲ့သော် ၎င်း၊

(၃) အလုပ်ကြမ်း၊ အကိုင်ကြမ်း လုပ်ကိုင်ရသူ ဖြစ်ခဲ့သော် ၎င်း၊

(၄) ကိုယ်ဝန်ဆောင်မှု၌ အလိမ္မာမရှိသူ ဖြစ်ခဲ့သော် ၎င်း၊

(၅) အစောင့်အစည်းမရှိသူ ဖြစ်ခဲ့သော် ၎င်း၊

အမိဝမ်းတွင်း၌ သူငယ်သည် အလွန်ထိတ်လန့်ချောက်ချားခြင်း များသဖြင့်လည်း ရှေးဘဝကို မေ့ကြကုန်၏။

(ဤကား ရှေးဘဝကို ပြန်၍ မသိနိုင်ခြင်း အကြောင်းတည်း။)

(၁) ဤလူ့ဘဝ၌ သေလွန်၍ ဥပပတ်နတ်ဘဝ၊ ဗြဟ္မာဘဝသို့ ရောက်ကြသောသူ၊ ငရဲဘဝ ပြိတ္တာဘဝသို့ ရောက်ကြသော သူတို့သည် ရှေးဘဝကို သိနိုင်ကြကုန်၏။

(၂) ဤလူ့ဘဝ၌ အားရှိတုန်းအခါမှာ လက်နက်ဘေး၊ ကပ်၊ ဥပါဒ်ဘေး နှင့် ရုတ်တရက် သေဆုံးကြကုန်၍ နောက်ဘဝ၌ အနာရောဂါကင်း၍ သန့်ရှင်းငြိမ်သက်သော အမိဝမ်း၌ ဖြစ်ရသော သူများသည် ရှေးဘဝကို သိတတ်ကြ၏။

(၃) ရှေးဘဝကို ပြန်၍ သိရလို၏ - ဟု ကုသိုလ်ကောင်းမှုပြု၍ ဆုတောင်းပတ္ထနာပြုခဲ့သော သူများသည်လည်း ရှေးဘဝကို ပြန်၍ သိတတ်ကြ၏။

(၄) ပုဗ္ဗေနိဝါသ အဘိညာဏ်ကို ရကြကုန်သော ရသေ့တို့သည် လည်းကောင်း၊ ဘုရား၊ ပစ္စေကဗုဒ္ဓါ ရဟန္တာတို့သည်လည်းကောင်း ရှေးဘဝကို သိတတ်ကြကုန်၏။

(ဤကား ရှေးဘဝကို ပြန်၍ သိနိုင်ခြင်း အကြောင်းတည်း။)

လူဝင်စားအကြောင်းကတော့ လယ်တီဆရာတော်ဘုရားရဲ့ ဒီအချက်တွေနဲ့တင်ပြည့်စုံလောက်ပါပြီ။ မဟာစည်ဆရာတော်ကြီးဖြေထားတာတွေရှိပါသေးတယ် အတူတူလိုပါပဲ။

ကိုထွဋ်ထိပ် ပြောတာ အဘိဓမ္မာနည်းအရ နာမ်၊ရုပ် ချုပ်ခြင်း ဘဝကူးပြောင်းခြင်း သဘောအရ မှန်ပါတယ်။ ဒါပေမယ့် ဥပါဒါန ပစ္စယာဥပါဒါန်(စွဲလမ်းခြင်း် ဟူသော အကြောင်းတရားကြောင့်- ဘဝေါ

၁။ ကမ္မဘဝ ၂။ ဥပပတ္တိဘဝ ဟူသော အားထုတ်ပြုပြင်ခြင်း အကျိုးဖြစ်သော ဘဝတရား ၂ ပါးဖြစ်သည် လို့ ပဋိစ္စသမုပ္ပါဒ် တရား မှာ ဆိုထားတော့ နောက်ဘဝကူးဖို့ အချက်ထဲမှာ ဥပါဒါန်ကလဲ သိပ်ကို အရေးပါနေတာပါပဲ။

၁။ ကာမုပါဒါန်- ကာမဂုဏ်၌စွဲလန်းခြင်း။ မျက်စိအကြိုက်၊နားအကြိုက်၊ ကိုယ်အကြိုက် ပြင်းစွာဆွဲယူတတ်သလို၊ ကိုယ်ကြိုက်တာကို ဖျက်ဆီးခံရရင်လဲ ပြင်းစွာနာကြည်းစွာ မှတ်ထားတတ်တာ ကာမုပါဒါန်ရဲ့ သဘောပါပဲ။

၂။ ဒိဋ္ဌုပါဒါန်- သီလဗ္ဗတုပါဒါန် နဲ့ အတ္တဝါဒုပါဒါန် ကလွဲရင် ကျန်တဲ့ မှားယွင်းသော ဒိဌိ များကို ပြင်းစွာ စွဲလမ်းခြင်း။

၃။ သီလဗ္ဗတုပါဒါန်-ခွေး၊ နွားစသည်တို့၏ မှားယွင်းသော ဝတ အလေ့အကျင့်ဖြင့် ကိလေသာမှ၊ သံသရာမှ စင်ကြယ်၏ဟုစွဲလမ်းခြင်း

၄။ အတ္တဝါဒုပါဒါန် -( က) ဖန်ဆင်းရှင် ပရမအတ္တ၊ (ခ) အဖန်ဆင်းခံရသော ဇီဝအတ္တ စသဖြင့် အတ္တဝါဒကို လက်ခံယုံကြည်ပြီး၊ ခန္ဓငါးပါး၌ အတ္တဟု စွဲလမ်းခြင်း တို့ဖြစ်ကြပါတယ်။

ဒီဘဝ လက်မောင်းမှာ ဒဏ်ရာရှိရင် နောက်ဘဝ လက်မောင်းမှာ အမှတ်ပါတယ်လို့ ယူဆကြပါတယ်၊…..ဆိုတာကို လက်တွေ့အားဖြင့် ဖားအောက်တောရမှာ ကျင့်ကြံနေတဲ့ ယောဂီတွေကတော့ ပြီးခဲ့တဲ့ ကပ်လျက်ဘဝမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ လက်ရှိဘဝမှာ ရှိနေတဲ့ အမှတ်၊ အမာရွတ်၊ဒဏ်ရာ များကို တိုက်ဆိုင်စစ်ဆေးပြီး ယုံကြည်လက်ခံကြပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရသလဲဆိုရင် အပေါ်မှာ ပြထားတဲ့ ဥပဒါန်တွေ ကြောင့်ပဲ ဖြစ်ပါ တယ်။ ဒီဖြစ်စဉ်တွေဟာ ဘယ် ဥပါဒါန်ကြောင့် ဖြစ်တာလဲဆိုတာကို ဖားအောက်ဆရာတော်ကြီးက ဝိပသနာ ဉာဏ်နဲ့ ရှာခိုင်းပါတယ်။ ဥပါဒါန်တစ်ပါးခြင်းကို ဝိပသနာ ဉာဏ်တင်ပြီး ရှုမှတ်စေတဲ့အခါ ဒီဖြစ်ရပ်တွေဟာ ကာမုပါဒါန်ကြောင့်လို့ သိသာထင်ရှားစေပါတယ်။ ကာမုပါဒါန်ဟာ တဏှာကြောင့်လို့ သိသာစေပြီး၊ အခြား (၃)ခုကတော့ မိစာဒိဌိ ကြောင့်လို့ ဆိုပါတယ်။

ဒီဥပါဒါန်တွေကြောင့်ပဲ လူသေရင် လူပဲဖြစ်နိုင်တယ် လို့ ယူဆခဲ့ကြပါတယ်။

သေခါနီး နောက်ဆုံးအချိန်မှာ သူရသွားတဲ့ ဒဏ်ရာကို ပြင်းစွာစွဲလမ်းပြီး သေခဲ့ရင် နောက်လားရာဘဝမှာ ဒီဒဏ်ရာဟာ သင်္ကေတ တစ်ခုခု အနေနဲ့ ပါလာနိုင်ပါတယ်။ ကာမုပါဒါန်ကြောင့်ပါပဲ။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ(သင်္ခါရ) ဆိုတဲ့ ပြီးခဲ့တဲ့ ဘဝမှအကြောင်းတွေနဲ့ လက်ရှိဘဝ မိခင်ဆီမှ ရနေသော အာဟာရ ပေါင်းစပ်မိတဲ့အခါ နောက်ဘဝကို ရောက်လာတယ်။ နောက်တစ်ဖန်ဆက်စပ်ခြင်း ပဋိသန္ဓေ တည်လာပြီး၊ ဘဝအသစ်၊ ခန္ဓာအသစ်ရလာပေမယ့် ပြီးခဲ့တဲ့ သေခါနီးက စိတ်မှာဆွဲခဲ့တဲ့ အရာက နောက်ဘဝမှာ ဒီလို အမှတ်သင်္ကေတ တွေအဖြစ်ပါလာနိုင်တယ် ဆိုပါတယ်။

ဝါခင်းကုန်း ဆရာတော် ဦတိက္ခ ဟောတဲ့ ဘဝပြဿနာ ဆိုတဲ့ တရားမှာ ဆရာတော်ရဲ့ သူငယ်ချင်း ဘုန်းတော်ကြီး တစ်ပါးက အရင်ဘဝကိုမှတ်မိတယ်။ ဇာတိဿရ ဉာဏ်ရတယ် (လူဝင်စားဆိုပါတော့ ) ။ အရင်ဘဝက မိန်းကလေး (၂၂) နှစ်အရွယ် သေခါနီးမှာ သူ့ဆံပင်ကို ဖြတ်ပြီး သေပြီထင်လို့ သူ့ခြေမတွေကိုပူးပြီး ဆံပင်နဲ့ ခြည်နှောင်ကြတယ်။ ဆံပင်ကိုဖြတ်တဲ့အချိန်ရယ်၊ ချည်တဲ့ အချိန်တွေရယ်မှာ သူ့ ဝင်လေ၊ထွက်လေချုပ်နေပြီး၊ နာမ်တရားက လုံးလုံးကြီး မချုပ်သေးဘူး လို့ ဆိုပါတယ် ။ ဒါကြောင့် စုတိမတိုင်ခင် မနောဒွါရမှာ သူအရမ်းမြတ်နိုးတဲ့ဆံပင်ကို ဆွဲပြီး သေတယ်။ ဒီဘဝ ယောက်ျားလေး (ဆရာတော်လောင် မွေးလာတော့ ကလေးရဲ့ ခြေမ နှစ်ခုကို ပူးပြီး ဆံပင်တွေ ချည်လျှက်ပါလာတယ်။

တကယ်တော့ ဟိုရုပ်နာမ်အဟောင်းက မီးရှို့ သဂြိ င်ု္လ်ပြီးပြီ။ ဒီဆံပင်အဟောင်းလဲ ရုပ်နဲ့အတူ မီးထဲပါသွားပြီ။ ဒါပေမယ့် တဏှာ၊ ဥပါဒါန်၊ ကံ ရဲ့ စွမ်းအားကဖြစ်တဲ့ ကိုယ့်ခန္ဓာကို ဆွဲတဲ့ ကာမုပါဒါန်ကတော့ ဒီဘဝမှာ ဒီလိုပါလာတဲ့အထိဖြစ်နိုင်တဲ့ သတ္တိရှိတယ် လို့ ဆရာတော်ကရှင်းပြပါတယ်။

ကျွန်တော်မှာလဲဇာတိသရ ဉာဏ်ရတဲ့ ညီတစ်ဝမ်းကွဲ နှစ်ယောက်ရှိတယ် ။ အကြီးကောင်က အရင်ဘဝက သိုင်းဆရာ လို့ပြောတယ်။ ဓားမြတွေကို ခုခံရင်း ရွာမှာ ခေါင်းဆောင်ဖြစ်လာတယ်။ နောက်တော့ ဓားမြတွေက သူ့မိန်းမကို ပြန်ပေးဆွဲပြီး သူနဲ့ ပြန်လဲခိုင်းတယ်။ သူ့ကိုလဲ ဖမ်းမိရော၊ ခြေ၊လက် အားလုံးကို ရိုက်ချိုးလိုက်တယ်။ ပြီးတော့ ကြိုးတုတ်၊ အိတ်ထဲထည့်ပြီး မြစ်ရေထဲမျှောလိုက်တယ်။ သူမြစ်မှာ အရိုက်ခံရတဲ့ နာကျင်မှု ဒဏ်တွေ၊ရေမွန်းမှုတွေ နဲ့ သေခဲ့တယ်။ ဒီဘဝ ညီလေးကိုယ်မှာ ကြိုးတုတ်ထားတဲ့ ဒဏ်ရာတွေ ပါလာတယ် ။ တစ်ကိုယ်လုံးမှာ၊ ခြေ၊လက်တွေ ကျိုးပြီးသား ဖြစ်နေတယ်။ အဆစ်တွေက ငေါထွက်နေတယ်။ မြစ်ရေ အရမ်းကြောက်တယ် ။ ရွာမှာ နေပြီး ရေမကူးတတ်ဘူး။ အိတ်နဲ့စွပ်တာမျိုးကို ကြောက်တယ်။ လက်တွေမသန်ပေမယ့် ငယ်ငယ်ကတည်းက ဒါး၊ လှံတွေ နဲ့ပဲ ကစားချင်တယ်။

နောက်တစ်ယောက်က သူ့ညီ အရင်းပဲ ။ သူကတော့ ပုသိမ်နားက ကြိမ်နီဆိုတဲ့ ရွာက ကရင်တော်လှန်ရေးခေါင်းဆောင် ဗိုလ်မော်လင်း လို့ ဆိုတယ်။ သူ့အသက် ၂-နှစ်လောက်မှာ သူ့အကြောင်းကို အသေးစိတ်ပြန်ပြောပြတယ်။ အားလုံးအတိအကျရှိတယ်။ သူ့ရွာကို သွားကြည့်တော့ လဲ အကုန်မှန်နေတယ်။ သူက မြန်မာအစိုးရ တပ်ကပစ်လိုက်တဲ့ ကျည်ဆန် (၂) ချက်ထိပြီး တိုက်ပွဲမှာသေတယ်။ ကျည်ထိတဲ့ နေရာတွေမှာ အမှတ် (၂ )ခုရှိနေတုန်းပဲ။ ပိုပြီးထူးဆန်းတာရှိသေးတယ်။ အဲဒီကြိမ်နီရွာကို ရောက်တော့ နောက် ၄-နှစ်သားအရွယ် ကလေးတစ်ယောက်က သူ့ကို ဗိုလ်ကြီးလို့ ခေါ်တယ်။ သူတို့ချင်း မှတ်မိနေကြတယ်။ ဗိုလ်မော်လင်းအိမ်က အကူရဲဘော်တဲ့ ။ သူတို့ကိုယ်တိုင်ပဲ ပြန်ရှင်းပြတယ်။ ဒီရဲဘော်နဲ့ အတူ ထွက်ပြေးတဲ့ သူ့မိန်းမ နဲ့ ကလေး ၂- ယောက်အကြောင်းကို ဗိုလ်မော်လင်းဖြစ်ခဲ့တဲ့ ကျွန်တော့်ညီက အဲဒီကလေးကို မှတ်မှတ်ရရပြန်မေးတယ်။ ရဲဘော်လေး (အဲဒီကလေ က သူလဲ ဒဏ်ရာရပြီး မသေခင် နောက်ဆုံးမြင်လိုက်ရတဲ့ ဘယ်ဘက်ကို ပြေးကြတယ်၊ ဘယ်နှစ်ယောက်ပါတယ် အထိတော့ပြောပြနိုင်တယ်။ အခုတော့ အဲဒီမိန်းမ ဘယ်မှာ ဆိုတာ မသိကြဘူး။ တစ်ရွာလုံးက တော့ ဗိုလ်မော်လင်းကို သိကြတယ်။ ညီလေးတွေပြောတာ စုံစမ်းကြည့်တော့လဲ တိုက်ပွဲဖြစ်တဲ့ ခုနှစ်၊ ဗိုလ်မော်လင်းသမိုင်း စသည် အကုန်မှန်နေတယ်။

ဒါကြောင့် ကိုထွဋ်ထိပ် ပြောတဲ့ ဒီအချက်ဟာ ဥပါဒါန် (ကာမုပါဒါန်) ကြောင့် ဖြစ်ပြီး၊ ရုပ်ချုပ်မီးရှို့ သဂြိုဟ်ပြီးပေမယ့် နောက်ဘဝအထိ အမှတ်အသားတွေ ပါလာ ကူးစက်တတ်ကြောင်း ကျွန်တော် မှတ်သားမိပါတယ်။

ဒီမေးခွန်း ပုံစံအတိုင်းအတိအကျ တရားနာယူချင်ရင်တော့ ဝါခင်းကုန်း ဆရာတော် ဦတိက္ခ ဟောတဲ့ ဘဝပြဿနာ ဆိုတဲ့ တရား (http://www.dhammadownload.com/Bhaddanta%20Tate%20Kha%20Video.htm) မှာ နာယူနိုင်ပါတယ် ။

စာအုပ်ကတော့ ဖားအောက်ဆရာတော် နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်များ အတွဲ ၃-၄ ရဲ့ ဥပါဒါန ပစ္စယာ ဘဝေါ အပိုင်းနဲ့ ဥပါဒါန် (၄)မျိုး အကျယ်ရှင်းတမ်းတွေမှာ ဖတ်ကြည့်နိုင်ပါတယ်။ ပိဋကတ်တော်မှာ ဒီဘဝကူးခြင်းဆိုင်ရာ သုတ်တော်တွေ (ဥပမာ- သုတ္တန် ပိဋက၊ မဇ္ဈိမ နိကယ်၊ မဇ္ဈိမ ပဏ္ဏာသ ပါဠိတော်၊ တေဝိဇ္ဇ ဝစ္ဆသုတ် စသည် ) တော်တော် များများ ရှာလို့ တွေ့ပါတယ်။ ဒါပေမယ့် ဆရာတော်တွေ ဟောပြော၊ရေးသားထားတာတွေကတော့ အဲဒီသုတ်တွေရဲ့ အကျယ် အဋ္ဌကထာတွေပဲ ဖြစ်နေပါတယ်