လူအိုရုံ ဆိုသည်မှာ အသက်အရွယ် ကြီးရင့်လာ၍ အိုမင်းမစွမ်းတော့သော အဖိုးအို၊ အဖွားအိုများအား ကူညီစောင့်ရှောက်ပေးသော နေရာဖြစ်သည်။ မြန်မာမင်းများ လက်ထက်က လူအိုရုံအစား `သူအိုရုံ´ ဟု ခေါ်တွင်ခဲ့သည်။ ဒေါ်ဦးဇွန်း ခေတ်တွင် `လူအိုရုံ´ ဟုခေါ်တွင်ပြီး ယနေ့ခေတ်တွင် `ဘိုးဘွားရိပ်သာ´ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် လူအိုရုံကို သာလွန်မင်းတရားကြီးလက်ထက်မှာ ကတည်းက ပေါ်ပေါက်ခဲ့သည် ဟုဆိုသည်။ []

ကုန်းဘောင်ခေတ် မင်းတုန်းမင်း သည် ရတနာပုံနေပြည်တော် တည်ဆောက်ပြီး သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်လာသည်။ မင်းတုန်းမင်းသည် ရွှေမြို့တော်အတွင်း လေးမျက်နှာတွင် လူအိုရုံ ဆောက်လုပ်ကာ လူနာ၊ လူအိုတို့ကို နေထိုင်စေသည်။ ထိုသူတို့အတွက် စားဝတ်နေရေး ပြည့်စုံအောင်စီစဉ်ပေးသည်။ လူအိုရုံ တိုက်ဆယ်တိုက်တွင် နေထိုင်သူတို့အား ဆေးဝါးကုသပေးရန် သမားတော်ကြီး သုံးဦးနှင့် အနှိပ်တော်များ ထားပေးသည်။ ဂျာမဏီနိုင်ငံသား ဒေါက်တာမာဖီကို လစာရိက္ခာပေး၍ လူအိုရုံတွင် နေထိုင်သူတို့အား ဆေးဝါးကုသရန်တာဝန်ပေးသည်။ []

သီပေါမင်း ပါတော်မူပြီးနောက်တွင် ရန်ကုန်မြို့၌ ခရစ်ယာန် ဘုန်းကြီးနှင့် သီလရှင်များ တည်ထောင်ထားသော လူအိုရုံတစ်ခု ရှိသည်။ ထိုလူအိုရုံကို ဒေါ်ဦးဇွန်းတွေ့ရှိပြီးနောက် ၁၉၁၅-ခုနှစ်၊ မင်းကွန်းတွင် လူအိုရုံ စတင်တည်ထောင်ခဲ့သည်။ (မင်းကွန်း ဘိုးဘွားရိပ်သာ)၊ ၁၉၂၃-ခုနှစ်တွင် သုဝဏ္ဏဘူမိ ဘိုးဘွားရိပ်သာ၊ သထုံမြို့။ ၁၉၂၉-ခုနှစ်တွင် ပေါင်းတည် ဘိုးဘွားရိပ်သာ၊ ပေါင်းတည်မြို့။ ၁၉၃၃-ခုနှစ်တွင် နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့။ ၁၉၃၇-ခုနှစ်တွင် ပခုက္ကူ ဘိုးဘွားရိပ်သာ၊ ပခုက္ကူမြို့ တို့ကို တည်ထောင်ခဲ့သည်။ []




  1. ရတနာပုံဖိုးမှတ်စု၏ မန္တလေး
  2. ကောင်းထက် ၏ ရတနာပုံရှင်းတမ်း၊ ပထမအကြိမ်(၂၀၀၈)
  3. တက္ကသိုလ်စိန်တင် ၏ ဘွားဦးဇွန်း (၂၀၀၇၊ဒီဇင်ဘာလ)