လူ-နာရီ
လူ-နာရီ သို့မဟုတ် မဲန်-အာဝါ (man-hour) ဆိုသည်မှာ ပုံမှန် အလုပ်သမားတစ်ယောက် တစ်နာရီ အလုပ်လုပ်လျှင် ပြီးမြောက်သည့် အလုပ်ပမာဏကို ဆိုလိုခြင်းဖြစ်သည်။[၁][၂] အလုပ်တစ်ခုကို ပြီးမြောက်ရန် လိုအပ်သည့် အပြတ်အတောက်မရှိသော လုပ်အားစုစုပေါင်းကို ခန့်မှန်းတွက်ချက်ရာတွင် အသုံးပြုသည့် အတိုင်းအတာတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် ကောလိပ် သုတေသနစာစောင်တစ်ခုကို ပြီးမြောက်အောင်မြင်ရန် သုတေသနပြုခြင်းနှင့် ရေးသားခြင်းတို့ အပါအဝင် စုစုပေါင်း လုပ်အား ၈၀ လူ-နာရီ (man-hour) လိုအပ်သည်ဟု ခန့်မှန်းခြင်းမျိုး ဖြစ်သည်။ မိသားစုစုံညီ စားသောက်ပွဲတစ်ခုအတွက် အစမှအဆုံး ပြင်ဆင်မှုကို ပြီးမြောက်ရန် ၁၀ လူ-နာရီ လိုအပ်သည်ဟု မှန်းဆခြင်းမျိုးတွင်လည်း အသုံးပြုနိုင်သည်။
လူ-နာရီစုစုပေါင်း တွက်ချက်ရာ၌ အနားယူမှုအတိုများ၊ စားသောက်ချိန်များ၊ အပေါ့အလေးသွားခြင်းများစသည့် အလုပ်သမားများ လိုအပ်သော အလုပ်ခေတ္တရပ်ချိန်တိုများကို ထည့်သွင်းခြင်း ပြုလေ့မရှိပေ။ မန်နေဂျာများက လူ-နာရီများကို အရင်တွက်ချက်၍၊ အလုပ်ခေတ္တရပ်ချိန်တိုများ စုစုပေါင်းကို ပေါင်းထည့်ခြင်းဖြင့် အလုပ်တစ်ခုကို လုံးဝပြီးမြောက်အောင်မြင်ရန် အမှန်တကယ်လိုအပ်သော အချိန်ကို ခန့်မှန်းလေ့ရှိကြသည်။ ထို့ကြောင့်လည်း ကောလိပ် သုတေသနစာစောင်တစ်ခုကို ၂၀ လူ-နာရီ ကြာမည်ဟု ခန့်မှန်းရာတွင်၊ စတင်ချိန်မှ ဆက်တိုက် နာရီ ၂၀ အကြာတွင် ပြီးစီးမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ၎င်း၏ ပြီးစီးမှုနှုန်းမှာ အခြားဘာသာရပ်များ အတွက် အသုံးချရသည့် အချိန်များ၊ စားသောက်ခြင်း အိပ်စက်ခြင်းစသော လူတို့၏ နေ့တဓူဝလုပ်ငန်းစဉ်များက ကြားဖြတ်ဝင်ရောက်မှုအပေါ် မူတည်သေးပေသည်။
ဆင်တူသော အတိုင်းအတာယူနစ်များ
ပြင်ဆင်ရန်လူ-ရက် သို့မဟုတ် မဲန်-ဒေး (man-day)၊ လူ-ပတ် သို့မဟုတ် မဲန်-ဝိ(ခ်) (man-week)၊ လူ-လ သို့မဟုတ် မဲန်-မန်းသ် (man-month)၊ လူ-နှစ် သို့မဟုတ် မဲန်-ရီးယား (man-year)[၃][၄] တို့ကိုလည်း ကြီးမားသော စီမံကိန်း ပရောဂျက်တို့တွင် သုံးလေ့ရှိသည်။ လူ-နာရီ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် အလားတူပင် ပုံမှန် အလုပ်သမားတစ်ယောက် တစ်ရက် အလုပ်လုပ်လျှင် ပြီးမြောက်သည့် အလုပ်ပမာဏကို လူ-ရက် (man-day) ဟူ၍ လည်းကောင်း၊ တစ်ပတ်ဆိုလျှင် လူ-ပတ် (man-week) ဟူ၍ လည်းကောင်း၊ တစ်လဆိုလျှင် လူ-လ (man-month) ဟူ၍ လည်းကောင်း၊ တစ်နှစ်ဆိုလျှင် လူ-နှစ် (man-year) ဟူ၍ လည်းကောင်း ဆိုလိုခြင်းဖြစ်သည်။ သို့သော်လည်း တစ်ရက်၊ တစ်ပတ်၊ တစ်လ၊ တစ်နှစ်တွင် အလုပ်သမားတစ်ဦး မည်မျှနာရီ အလုပ်လုပ်သည်မှာ နိုင်ငံ၏ အလုပ်ခွင် ယဉ်ကျေးမှုစံအပေါ်တွင် လည်းကောင်း၊ စီးပွားရေးအပေါ်တွင် လည်းကောင်း မှီတည်ပြီး ပြောင်းလဲတတ်ပေသသည်။ ၂၀၀၇-ခုနှစ် အိုအီးစီဒီ (OECD) နိုင်ငံများမှ စာရင်းအရ အလုပ်သမားတစ်ဦး ယေဘုယျ တစ်နှစ်အတွင်း အလုပ်လုပ်သော နာရီပေါင်းမှာ အနိမ့်ဆုံး ၁၃၈၉ နာရီ (နယ်သာလန်နိုင်ငံ)နှင့် အများဆုံး ၂၃၁၆ နာရီ (တောင်ကိုရီးယား)အတွင်း ကွာခြားမှုရှိပေသည်။[၅]
ကိုးကား
ပြင်ဆင်ရန်- ↑ Definition from the Merriam-Webster Online Dictionary။ 3 November 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2020 တွင် ပြန်စစ်ပြီး။
- ↑ Person-hour definition - Dictionary။ MSN။ 1 November 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2020 တွင် ပြန်စစ်ပြီး။
- ↑ Infoplease.com
- ↑ SFAF.org။ 11 August 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2020 တွင် ပြန်စစ်ပြီး။
- ↑ OECD Employment Outlook 2009, Tackling The Jobs Crisis (PDF)။ Secretary-General of the Organisation for Economic Co-operation and Development။ 2009။ p. 269။ ISBN 978-92-64-06791-2။ 2016-12-20 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ 2009-09-22 တွင် ပြန်စစ်ပြီး။
Swivel.com also publishes the Official data up to 2005 in spreadsheet format.