လောကမာရ်အောင်ဆုတောင်းပြည့်စေတီတော်

လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်သည် ကချင်ပြည်နယ်မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၌ ကိန်းဝပ်တော်မူလျက်ရှိသည်။ ဉာဏ်တော် ၇၅' ၁၀" မြင့်ပြီး ရှေးအကျဆုံး စေတီတော်မြတ်ကြီး ဖြစ်သည်။ သက္ကရာဇ် ၄၅၄-ခုနှစ်တွင် နန်းစံတော်မူသော အလောင်းစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်ရင်းဖြင့် နန့်စန်ချောင်းဝ၏ တောင်ဘက်၊ ဧရာဝတီမြစ်၏ အနောက်ဘက်၊ ကမ်းသာယာကုန်းရွာ၏ မြောက်ဘက် (ယခုစေတီတော်မြတ် ကိန်းဝပ်ရာနေရာ)၌ မဇ္ဈိမဒေသမှ ပင့်ဆောင်ခဲ့သော မြတ်စွာဘုရား၏ သရီရဓာတ်တော်ကို ဌာပနာ၍ စေတီတော်မြတ်ကို တည်ထားခဲ့ခြင်းဖြစ်သည်။

ကုန်းဘောင်ဆက် ဆင်ဖြူရှင် မင်းတရားလက်ထက် ၁၁၂၅-ခုနှစ်တွင် ဗိုလ်မှူး လက်ဝဲဝင်းတော်မှူးသည် ရန်သူတို့အားနှိမ်နင်းရန် စစ်ချီလာစဉ် သာယာကုန်းရွာတွင် တပ်စခန်းချခဲ့သည်။ ထိုသို့ စခန်းချစဉ် အလောင်းစည်သူမင်း တည်ထားခဲ့သော လောကမာရ်အောင် ဆုတောင်းပြည့် စေတီတော်ဘုရားအား ဖူးတွေ့ရ၍ ပြုပြင်မွန်းမံ့ခဲ့သည်။

၁၂၉၄-ခုနှစ်တွင် ဧရာဝတီမြစ်၏ ကုန်းမြေဒေသကို ရေတိုက်စားမှုကြောင့် ပြိုကျလုဖြစ်၍ ဆရာတော် ဦးဣဿရနှင့် ခတ်ချိုဆရာတော် ဦးဉာဏတို့က ကြီးမှူး၍ စေတီတော်၌ ဌာပနာထားသော ဓာတ်တော် မွေတော်တို့ကို တူးဖော်၍ ဧရာဝတီမြစ်မှ အလံ ၅၀ ခန့် အကွာအရပ်သို့ ရွှေ့ပြောင်း၍ စေတီတော်မြတ် အသစ်ကို ပြန်လည်တည်ထားခဲ့သည်။

ဒုတိယ ကမ္ဘာစစ်ဒဏ်ကြောင့် ပြိုပျက်မြေခခဲ့ပြီး ချုံနွယ်တို့ ဖုံးလွှမ်းခဲ့သော်လည်း ညဉ့်အခါများတွင် သရီရဓာတ်တော်များ ကွန့်မြူးသည်ကို ဖူးတွေ့ကြရသဖြင့် ဝန်းသိုဆရာတော် ဦးစန္ဒိမာနှင့် တပည့် ဆရာတော် ဦးသောဘဏတို့ ကြီးမှူး၍ စေတီတော်မြတ်၌ ဌာပနာထားသော ဓာတ်တော်၊ မွေတော် ရုပ်ပွားတော်များကို တူးဖော်၍ ၁၃၁၆-ခုနှစ်တွင် တတိယအကြိမ် ထပ်မံမွမ်းမံ တည်ထားခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြတ်မင်းလှိုင် (ဇန်နဝါရီ ၂၀၀၃)။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ။ ပထမတွဲ။