လောကဝစနံ မှန်မမှန် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

ပါပကိန်း (၈) ခုနှစ်များတွင် များသောအားဖြင့် တိုင်းပြည်နို်င်ငံ ဆူပူတတ်ကြောင်းများကို မိမိသာလျှင် ရာဇဝင်စသည်များတွင် တွေ့ကြုံဖူးသည်မဟုတ်၊ နတ်စက်ရောင်ဆရာတော် နှင့် ဇာဂရုပုဏ္ဏားများလည်း အယူအဆ ရှိကြ၏။ သို့သော် လောကဝေါဟာရများသည် မှန်သည်လည်း ရှိသကဲ့သို့ မမှန်သည်လည်း ရှိ၏။ ထို့ကြောင့် ဧကန်အမှန် မမှတ်ယူကြရန် ဖွဲ့ဆိုထားသည်။

လောကဝစနံ မှန်မမှန် ပြင်ဆင်ရန်

သက္ကရာဇ်မှာ အသစ်တခါပြုတာက၊ ရှစ်ခုအပျက်ဆိုးမို့၊ သူခိုးရန်ဓားပြတွေနှင့်၊ မိုးကပင်ခေါင်ချင်ခေါင်တတ်တဲ့၊ မင်းစိုးတောင် အသစ်ပြောင်းလို့၊ ရှစ်ပေါင်းတွေကြုံလို့ တွေ့လှူပေါ့၊ အောက်မေ့လို့ စိတ်မလုံ။

ခြောက်နှစ်ခြောက် တောက်လျှောက်ကယ်မကြာပ၊ နောက်တခါရောက်လာမည့်ရှစ်ကတော့၊ ဘာဖြစ်မည်မဆိုအုံးနိုင်ဘု၊ ဂြိုဟ်သုဉ်း ပုံ စတုဝေါ တဲ့၊ လူ့ဝေါဟာ ကောဇာနှင့်ချင့်လိုက်လျှင်၊ ပါပပြောင်းပြန်မှောက်လို့၊ ပစောက်ဂငယ်ဖြစ်တယ်၊ ကိန်းရှစ်ခုကြုံ။

ဓာတ်တွက်ပုံတဘောင်နှင့်၊ နတ်စက်ရောင် ဇာဂရုတို့၊ ရှစ်ခုသို့လိုဆိုပေထင့်၊ သီဟိုဠ်မှာသာသနာပွားစေဘို့၊ သိကြားပင်စေကာပန်လို့၊ ဘုရားရှင်အရဟံ၊ နိဗ္ဗာန်ယာ ရိပ်တဲ့၊ ဗျာဒိတ်တော် မြွက်ဖော်ဟောတော့၊ ယက္ခော ကုဝဏ္ဏ နှင့်၊ ဝိဇယရာဇာ တို့၊ သာသနာပြုစဉ်က၊ အပါးမှာသိကြားလာလို့ ရှုခိုက်မို့၊ ဘီလူးစုပြေးကြကုန်၊ ရှေးကပုံရှိရင်း။

နရာနံ သတ္တဝါများမှာတော့၊ နာဖျားပုံဥပ္ပဒ္ဒဝေါ ငဲ့ပြင်၊ ငတ်သောအစာနှင့် ကပ်ရောဂါ ဖြစ်သူဖြစ်လို့၊ မင်းသစ်ပင် လဲလျှင်လဲတတ်ကဲ့၊ အမြဲပင် မယူပါနှင့်၊ လောကဝစနံ မို့၊ နသစ္စံ မသေချာဘု၊ မမှန်ရာ မှန်ရာနှစ်ကွဲမို့၊ ကံမွဲသူ ရုပ်နာမ်ပြောင်းလို့၊ ကံကောင်းသူ စည်းစိမ်တိုးကြလိမ့်၊ ဘုရားသာသနာ၊ သိကြား၍ စိုးခိုက်မို့၊ နှစ်အလို ရှစ်ဆိုတဲ့အမျိုးရယ်က၊ တိုင်းပြည်တွေ၊ လှိုင်းသဝေထိုးလို့ရယ်၊ ဆိုးတတ်ဘိခြင်း။

ခက်ဆစ် ပြင်ဆင်ရန်

၁။ ဂြိုဟ်သုဉ်း = ဂြိုဟ်များသုဉ်းသည့်တွက်ကိန်း။

၂။ စတုဝေါ = ပါပဂြိုဟ်လေးလုံးသုဉ်းသည့်ကိန်း။

၃။ ဆာယာ = အရိပ်။

၄။ ယက္ခော = ဘီလူး။

၅။ ကုဝဏ္ဏ = နတ်ဘီလူး။

၆။ ဝိဇယရာဇာ = ဝိဇယမင်းသား။

၇။ နရာနံ = လူအပေါင်း။

၈။ ဥပ္ပဒ္ဒဝေါ = ဘေးရန်။

၉။ လောကဝစနံ = လောကလူတို့ပြောကြသည့်စကား။

၁၀။ နသစ္စံ = မမှန်။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။