လောကသာရ
လောကသာရ ကဗျာကို ကန်တော်မင်းကျောင်းဆရာတော် ရေးသားခဲ့သည်။ ပျို့ကဗျာ အမျိုးအစား ဖြစ်သည်။ အပြည့်အစုံကို လောကသာရ ဆုံးမစာပျို့ တွင့် ကြည့်ရှုနိုင်သည်။
၁။ ပညာမျက်စိ၊ မြင်မရှိ၍၊
မသိတရား၊ အယူမှားလျက်၊
စီးပွားမမြော်၊ ကျိုးမပေါ်သား၊
သူတော်မဟုတ်၊
ယုတ်သည်စရိုက်၊ လူသူမိုက်ကို၊
မကြိုက်မချစ်၊ ရန်သူစစ်သို့၊
မနှစ်သက်ဘဲ၊ ဝေးစွာရှဲ၍၊
အမြဲခွာရှင်း၊ ဖဲကြဉ်မင်း။
၂။ ကြောင်းပါးခရီး၊ လမ်းအနီး၌၊
ပင်ထီးပညောင်၊ မြစ်တထောင်နှင့်၊
မြားမြောင်ခက်လက်၊ ရွက်လည်းစိပ်စိပ်၊
စေ့စေ့သိပ်လျက်၊
ရိပ်လည်းမြိုင်မြိုင်၊ လေမနိုင်လျှင်၊
ပြွတ်ခိုင်သီးမှည့်၊ အပြည့်ကျေးငှက်၊
စားလျက်သောင်းသဲ၊ မှီဝဲလူဗိုလ်၊
ရိပ်ခိုအများ၊ ခရီးသွားတို့၊
နေနားပျော်ရွှင်၊ ထိုသစ်ပင်ကား၊
ဝင်လာသသူ၊ ခပ်သိမ်းလူကို၊
ဆာပူငြိမ်းအောင်၊ စီးပွားဆောင်သို့၊
လူ့ဘောင်ကောင်းကြွယ်၊ လူကုံကယ်လည်း
ထိုနှယ်လည်းကောင်း၊ ဖြစ်တုံရှောင်း၍၊
မျိုးပေါင်းဆွေပါး၊ လူအများကို၊
သနားကြင်နာ၊ စီးပွားရှာ၍၊
မေတ္တာမကင်း၊ မစခြင်းဖြင့်၊
ထံရင်းမှီကိုးကွယ်စေမင်း။
ခက်ဆစ်
၁။စရိုက် = အမူအကျင့်။
၂။ ရှဲ = ရှောင်တိမ်းသည်။
၃။ ဖဲကြဥ် = ရှောင်တိမ်းသည်။
၄။ ကြောင်း = ခရီးလမ်း။
၅။ ပင်ထီး = အထီးတည်းသောအပင်၊တစ်ပင်တည်း။
၆။ ပညောင် = ပြည်ညောင်ပင်။ဗောဓိညောင်ရွက်နှင့်တူသောအရွက်ရှိ၍အကိုင်းမှတွဲလျားကျသောမြစ်ပျဥ်းအများရှိသည့်ညောင်ပင်တစ်မျိုး။
၇။ သောင်းသဲ = ဆူဆူညံညံ။
၈။ မှီဝဲ = ဆည်းကပ်သည်။
၉။ လူဗိုလ် = လူအများ။
၁၀။ ဆာပူ = ပူအိုက်ခြင်း၊ပူလောင်ခြင်း။
၁၁။ ကောင်းကြွယ် = ကြွယ်ဝချမ်းသာသည်။
၁၂။ ကုံကယ် = ပြည့်စုံသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာကဗျာလက်ရွေးစင် − အဋ္ဌမတန်း။