လောင်းဗတ် လူမျိုးတို့သည်ကား ခရစ် ၅၆၈ ခုနှစ်ခန့်က ဥရောပတိုက် အီတလီပြည်တွင်းသို့ ပိုးမြစ်ဝှမ်းမြောက်ဘက် အရပ်မှ နောက်ဆုံးချင်းနင်းဝင်ရောက်လာသော ဂျာမန်အနွယ် လူရိုင်းများ ဖြစ်သည်။ ထိုသို့ ဝင်ရောက်လာသော အချိန်မှာဧကရာဇ် ဂျပ်စတင်းနီးယန်း သည် အရှေ့ဂေါ့သလူမျိုးတို့အား နှင်ထုတ်ပြီးနောက် ၁၅ နှစ်အတွင်း ဖြစ် လေသည်။ အီတလီကျွန်းဆွယ်ရှိ ရောမမြို့တော်ကဲ့သို့ အခိုင်အခန့်ကာကွယ် ထားသော မြို့များမှအပ အခြားမြို့ရွာတို့သည် လောင်းဗတ်တို့လက်တွင်းသို့ ကျရောက်ခဲ့လေသည်။ သို့သော် လောင်းဗတ်လူမျိုးတို့သည် မိမိတို့သိမ်းပိုက် ထားသောဒေသများကို တစ်အုပ်တစ်ချုပ်တည်းအေက်တွင် အညီအညွတ် ထိန်းသိမ်း၍ မထားနိုင်သဖြင့် အီတလီကျွန်းဆွယ်တွင် သူတစ်လူ ငါတစ် မင်းနှင့် နယ်စားချင်းအပြိုင်အဆိုင်အုပ်စိုးလျက်ရှိလေသည်။ လောင်းဗတ်လူမျိုးတို့သည် ပိုးမြစ်ဝှမ်းကို နှစ်ပေါင်း၂ဝဝ ကျော်မျှ သိမ်းပိုက်အုပ်စိုးထားလေသည်။ သို့သော် ၇၇၃ ခုနှစ်တွင် ဖရန့်နိုင်ငံဘုရင် ရှားလမိန်းသည် ပုပ်ရဟန်းမင်း၏ တောင်းဆိုချက်အရ လောင်းဗတ်နယ်ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လေသည်။ ၈ဝဝ ပြည့်နှစ်တွင် ပုပ်ရဟန်းမင်း သည် ရှားလမိန်းအား ရောမဧကရာဇ်အဖြစ် ဘိသိက်မြှောက်လေသည်။ ရှားလမိန်းသည် လောင်းဗတ်သံသရဖူကိုဆောင်းလျက် ဘိသိက်ခံလေသည်။ ထိုသံသရဖူတွင် ရွှေသားအောက်၌ သံခွေတစ်ခုရှိ၏။ ထိုသံခွေသည် ခရစ် တော်ကို လက်ဝါးကပ်တိုင်၌ တင်ရိုက်ခဲ့စဉ်က အသုံးပြုခဲ့သော သံမှို တစ်ချောင်းဖြင့် ပြုလုပ်ထားသည်ဟုဆို၏။ ထိုကြောင့် သံသရဖူဟုတွင် လေသည်။


ရှားလမိန်း၏ နိုင်ငံတော်ကြီး ယိုယွင်းပျက်စီးပြီးသည့် နောက် တွင် လောင်းဗတ်လူမျိုးတို့သည် အီတလီကျွန်းဆွယ်ရှိ အခြားသောလူမျိုး များနှင့် တဖြည်းဖြည်း သွေးနှောသွားလေသည်။ သို့ရာတွင် အီတလီ ကျွန်းဆွယ်မြောက်ပိုင်းတွင် မြေဩဇာထက်သန်သော ပိုးမြစ်ဝှမ်းကိုမူကား လောင်းဗတ်လူမျိုးကိုအစွဲပြု၍ လောင်ဗာဒီအရပ်ဟု ယနေ့တိုင် ခေါ်တွင် လျက်ရှိသည်။ ယင်းကဲ့သို့ တောင်ပိုင်းလက်တင်လူမျိုးနှင့် မြောက်ပိုင်းတျူ တန်လူမျိုးတို့ သွေးနှောရောစပ်၍ ပေါ်ပေါက်လာသော လူမျိုးသစ်သည် လုံးလဝီရိယရှိသော လူမျိုးဖြစ်သဖြင့် ၁၃ ရာစုနှစ်မှ ၁၆ ရာစုနှစ်တိုင် စီးပွားအရှာကောင်းသော ကုန်သည်ကြီးများနှင့်ငွေချေးစားသူများအဖြစ်ဖြင့် သမိုင်းတွင်ထင်ရှားလေသည်။ ထိုသူတို့သည် လန်ဒန်မြို့သို့လည်းကောင်း၊ ဥရောပတိုက်ရှိ မြို့ကြီးများသို့လည်းကောင်း အမြောက်အမြား သွားရောက် နေထိုင်ကြလေ၏။ သို့ဖြစ်၍ အဲ့လပတောင်တန်းမြောက်ဘက်တွင် အီတာလျံ လူမျိုးများကို လောင်းဗတ်အမည်ဖြင့် မှည့်ခေါ်ကြလေသည်။ နောက်ဆုံး၌ မြန်မာနိုင်ငံတွင် ချစ်တီးယားလူမျိုးဆိုလျှင် ငွေချေးစားသူများဟု အသိ အမှတ်ပြုထားကြသည့်နည်းတူ ထိုအခါကလည်း ငွေချေးစားသူများကို လောင်းဗတ်လူမျိုးဟူ၍ အသိအမှတ်ပြုခေါ်ဝေါ်ကြလေသည်။ လန်ဒန်မြို့တွင် ထိုငွေချေးစားသူများ နေထိုင်ခဲ့ဘူးသောလမ်းကို လောင်းဗတ်လမ်းဟူ၍ပင် အမည်မှည့်ထားကြလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)