အလိုက်သင့် လက်ချထားဟန် ဖြစ်သည်။ မခို့တရို့ ဟန်ဟုလည်း ခေါ်သင့်သည်။

လက်ကို ကိုယ်၏ ဘေးတွင် ခပ်ခွါခွါ ခပ်လျော့လျော့ ဆန့်ချထားသော မခို့တရို့ ပုံမျိုး ဖြစ်သည်း၊ လက်ဝါးကိုလည်း အတွင်းဘက်လှည့်ကာ ဘာမျှမကိုင်ထားပဲ အလိုက်သင့် ဖြန့်ချထားသော ပုံဟန်ဖြစ်သည်။ အမျိုးသမီး ရုပ်တု ဆင်းတုများတွင် အများဆုံး တွေ့ရပါသည်။

ပုံစံအားဖြင့် ပုဂံနန်းတွင်းသူ အပျိုတော်များ၏ ရုပ်ပုံများ၌ လောလဟတ္ထပုံကို တွေ့ရတတ်သည်။ (၃၇)မင်း နတ်ရုပ်ပုံများတွင်လည်း ဤ ဟန်ပန်မျိုးကို တွေ့ရှိနိုင်ပါသည်။

ပဲခူးမြို့ကျိုက်ပွန်ဘုရားမှ ရပ်တော်မူ ရုပ်ပွားတော်များကို၎င်း, ပုဂံမြို့ အာနန္ဒာဘုရားတွင်းရှိ ဗုဒ္ဓဝင် ရုပ်ပွားတော်များအနက် မယ်တော်မာယာ ရပ်နေပုံနှင့် သိဒ္ဓတ္ထကုမာရ ရုပ်နေပုံများတွင် လောလဟတ္ထပုံကို တွေ့ရသည်။

သိင်္ဂါရရသ, သန္တရသများကို ပေါ်လွင်စေသည်။

သန္တုဋ္ဌီ စ မင်္ဂလာ, ဂါရဝ နိဝါတ မင်္ဂလာများကို ဖော်ဆောင် ရည်ညွှန်းသည်။ မေတ္တာပါရမီ စခန်းသို့ ညွှန်ပြထားပါသည်။

လောလဟတ္ထပုံများကို အနုပီယ ကိစ္စများ ဆောင်ရွက်ရာ၌၎င်း မေတ္တာဘာဝနာစီးဖြန်းသောအခါ အထောက်အကူဖြစ်ရန် ရည်သန်၍၎င်း သူတပါးအား မေတ္တာဓာတ် စေလွှတ်သောအခါ ၌၎င်း အောင်မြင်စေနိုင်သည်ဟု ယုံကြည်ထားကြလေသည်။ ပညာလောကတွင် သူတပါးကို စွဲမက်စေနိုင်သော သတ္တိထူးကို ရစေနိုင်သည့် မုဒြာဟတ္တပုံ ဖြစ်ကြောင်းဖြင့် မှတ်ချက်ရေးသားထားပါသည်။ [၁][၂] [၂]

ကိုးကား ပြင်ဆင်ရန်

  1. LOLA HASTA Icons in Bronze, p.27
  2. ၂.၀ ၂.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ