လဲ့လဲ့မော်

တနင်္သာရီတိုင်း ဝန်ကြီးချုပ်​ဟောင်း

ဒေါက်တာလဲ့လဲ့မော် သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူမသည် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ခန့်အပ်သော အမျိုးသမီး ဝန်ကြီးချုပ်နှစ်ဦးအနက် တစ်ဦးအပါအဝင် ဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်းတွင် အဂတိလိုက်စားမှုဖြင့် အရေးယူခံရသည်။၂၀၂၀ ခုနှစ် မေလ ၂၂ရက်တွင် တနင်္သာရီတိုင်းတရားလွှတ်တော်က ထောင်နှစ် ၃၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။[၁] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၇ရက်  (အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ်) တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည်။[၂]

ဒေါ်လဲ့လဲမော်
နိုင်ငံလူမျိုးမြန်မာနိုင်ငံမြန်မာနိုင်ငံ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရာဇဝတ်မှုအဂတိလိုက်စားမှု
ရာဇဝတ်ပြစ်ဒဏ်ထောင်ဒဏ် နှစ် ၃၀
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်
တာဝန်သက်တမ်း
မတ် ၃၀၊ ၂၀၁၆ (၂၀၁၆-၀၃-၃၀) – မတ် ၁၁၊ ၂၀၁၉
ခန့်အပ်သူမြန်မာနိုင်ငံ၏ သမ္မတ
သမ္မတဦးထင်ကျော်
ဦးဝင်းမြင့်
ယခင်လူဦးမြတ်ကို
ဆက်ခံသူဦးမြင့်​မောင် (ယာယီ)
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်သရက်ချောင်းမြို့နယ်
ကိုယ်ရေး အချက်အလက်များ
အစိုးရအဖွဲ့တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

အစောပိုင်းဘဝ ပြင်ဆင်ရန်

ဒေါ်လဲ့လဲ့မော်သည် ကရင်-ဗမာ လူမျိုးတစ်ဦးဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် ဖြစ်သည်။ သူမသည် ကျေးရွာများတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို ၂၅ နှစ်ကျော် လုပ်ကိုင်ခဲ့သော ဆရာဝန်တစ်ဦး ဖြစ်သည်။[၃]

နိုင်ငံရေး လုပ်ဆောင်ခြင်း ပြင်ဆင်ရန်

၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ပြီးမကြာမီ ပါတီ၏ ဗဟိုအမှုဆောင်ကော်မတီဝင် ဖြစ်လာခဲ့သည်။ သရက်ချောင်းမြို့နယ်အတွက် လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ခံရပြီးနောက် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် မြေယာအငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။[၄] သူအား ဝန်ကြီးချုပ်အဖြစ် လွှတ်တော်မှ မကြေညာမီ တစ်ရက်အလိုတွင်မှ သိရှိခဲ့ရခြင်းကြောင့် သူအား ရွေးချယ်ခန့်အပ်ခြင်းအား အံ့အားသင့်မိသည်ဟု သူက ဆိုသည်။[၄]

အရေးယူခံရခြင်း ပြင်ဆင်ရန်

သူမ၏ ပြဿနာများအစသည် ၂၀၁၈ ခုနှစ်က ထားဝယ်လေဆိပ် ခြုံနွယ်များရှင်းလင်းရန် ကျပ်သိန်း ၄၀၀၀ ကျော်အသုံးပြုမှုမှ စတင်ခဲ့သည်။

၂၀၁၉ ခုနှစ် မတ်လ၁၀ ရက်နေ့ညပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ကြေညာခဲ့သည်။

သူ့အား အဂတိလိုက်စားမှုများကျူးလွန်ကြောင်း တိုင်ကြားမှုများရှိခဲ့၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ၂၀၁၉ ဖေဖော်ဝါရီ ၄ ရက်မှ မတ်လ ၆ ရက်နေ့ထိ နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့များ၌ စုံစမ်းဆေးစစ်မှုများ ပြုလုပ်ခဲ့သည်။ စုံစမ်းစစ်ရေး အဖွဲ့၏ စစ်ဆေး ဖော်ထုတ်ချက်များတွင် ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည် ရာထူးတာဝန်ကို အလွဲသုံး စားပြုခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်မှု မရှိခြင်း၊ တံစိုးလက်ဆောင် အဖြစ် ရယူကာ GGS ကုမ္ပဏီကို လုပ်ပိုင်ခွင့်များစွာ ချပေးခဲ့ခြင်းတို့ ပါဝင်သည်။ ၂၀၁၇ ဇူလိုင် ၁ ရက်မှ စ၍ စစ်ဆေးသည့် အချိန်အထိ သဘာဝဓာတ်ငွေ့ဖိုး ကျပ်သန်း (၈၀၀၀) ကျော် GGS ကုမ္ပဏီဘက်မှ ပေးချေရန် ပျက်ကွက်နေခြင်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ စိုက်ထုတ် ကျခံခဲ့ရသဖြင့် နိုင်ငံတော် ဘဏ္ဍာငွေများ ထိခိုက်နစ်နာ ဆုံးရှုံးမှု ရှိကြောင်း ပေါ်ပေါက်မှုအပေါ် ယင်း လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် တိုင်းဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီ မှ ဦးသိန်းထွေးနှင့် ဦးအောင်မြတ် တို့သည် အဂတိလိုက်စားမှုဖြင့် ငြိစွန်းကြောင်း တွေ့ရှိရသည်ဟု လည်းပါရှိခဲ့သည်။ ထိုကဲ့သို့ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ စစ်ဆေး တွေ့ရှိချက်များအရ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ လည်းကောင်း၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း သီးခြား ပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲ၍ အရေးယူဆောင်ရွက်ရန် ထားဝယ်မြို့၊ မြို့မရဲစခန်း၌ ၂၀၁၉ မတ်လ ၁၀ ရက်တွင် ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သူနှင့် ပတ်သက်သည့် တိုင်ကြားစာကို မြိတ်နှင့် ထားဝယ် ဒေသခံ ၁၀၀ ကျော် လက်မှတ် ရေးထိုးကာ ဇန်နဝါရီ နောက်ဆုံးပတ် အတွင်းက သီခြားစီ တိုင်ကြားခဲ့ကြပြီး တိုင်းလွှတ်တော်၏ စိစစ်တွေ့ရှိမှုများ ပါရှိသော အစီရင်ခံစာ တစ်စောင်ကိုလည်း တိုင်းလွှတ်တော် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ် ၁၄ ဦးက လက်မှတ်ရေးထိုး၍ နိုင်ငံတော် သမ္မတ အပါအဝင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD ဗဟို အလုပ်မှုဆောင် အဖွဲ့ထံ ပေးပို့ခဲ့သည်။

၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ အတွင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၃ ရက်ကြာ သွားရောက် ခဲ့သော တနင်္သာရီခရီးစဉ် အတွင်း မြိတ်၊ ကော့သောင်း၊ ထားဝယ်တို့မှ ဒေသခံ လူထုများနှင့် တွေဆုံပွဲများ ပြုလုပ်ခဲ့ပြီး ယင်း ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုမှုများနှင့် အတူ ဒေသခံ တချို့က တိုင်း အစိုးရ အဖွဲ့၏ အားနည်းချက်များအား ဆန္ဒထုတ်ဖော်မှုများလည်း ရှိခဲ့သည်။

ကော့သောင်းမြို့သို့ ခရီးစဉ်သွားနေစဉ်အတွင်းတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်၍ သူမကို မတ်လ ၁၀ ရက်နေ့က ကော့သောင်းမြို့နယ်၊ မြို့မရဲစခန်း၊ ရဲရိပ်သာတွင် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည်။ ထို့နောက် မတ်လ ၁၁ ရက်နေ့တွင် ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ လေကြောင်းခရီးဖြင့် ပို့ဆောင်ကာ ထားဝယ်အကျဉ်းထောင်သို့ ဆက်လက်ပို့ဆောင်ခဲ့သည်။[၅]

၂၀၂၀ ပြည့်နှစ် မေလ ၂၂ ရက်နေ့တွင် ဒေါက်တာလဲ့လဲ့မော်အား စုစုပေါင်း အမှု လေးမှုအတွက် အမှုလေးခုအနက် တတိယနှင့် စတုတ္ထ အမှုတို့ကို တစ်ပေါင်းတည်းကျခံရန် အမိန့်ချလိုက်သဖြင့် အမှု လေးခုပေါင်း စုစုပေါင်း ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံခဲ့ရသည်။ ပထမ အမှု လမ်းဦးသို့ ဘဏ္ဍာငွေ တစ်လုံးတစ်ခဲတည်းချပေးမှုနှင့် ခြံစည်းရိုးကာရံမှု၊ ဒုတိယ အမှု လေယာဉ်ကွင်း ခြုံရှင်းသည့် အမှု နှင့် တတိယ အမှု GGS သဘာဝဓာတ်ငွေ့ အကြွေး ကိစ္စ နှင့် စတုတ္ထအမှု သရက်ချောင်း အိမ်ခြံနှင့် GGS တင်ဒါ ကိစ္စ တို့ ဖြစ်သည်။[၆]

ကိုးကား ပြင်ဆင်ရန်

  1. တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ထောင်နှစ် ၃၀ ချMyanmar Now (၂၂ မေ ၂၀၂၀)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. စစ်ကောင်စီလွတ်ငြိမ်းမှာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်၊ ဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးတို့ ပါဝင် (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. "Tenasserim Chief Minister Lei Lei Maw: ‘We Will Rebuild Our Country’" (in en-US)၊ The Irrawaddy၊ 2016-03-29။ 
  4. ၄.၀ ၄.၁ "Meet your chief ministers" (in en)၊ The Myanmar Times။ 11 January 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 9 October 2017။ 
  5. "တနင်္သာရီ ဝန်ကြီးချုပ် အပါအဝင် ၄ ဦးအား ရမန်ယူပြီး ထားဝယ် အကျဉ်းထောင် ပို့မည်"၊ ဧရာဝတီသတင်း 
  6. ဇော်မင်းနိုင်၊ ဖြိုးဇင် (ထားဝယ်) (၂၂ မေ ၂၀၂၀)။ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အမှုလေးမှုအတွက် ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့ပြီး အမှုမှ သက်သေခံပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းEleven Media Group။ ၂၃ မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။