လျှပ်စစ်ဖြင့် ဓာတ်ခွဲခြင်း

လျှပ်စစ်ဖြင့် ဓာတ်ခွဲခြင်း ပြင်ဆင်ရန်

ဒြဗ်ပေါင်းထဲသို့ အထူးသဖြင့် ပျော်ဝင်ရည်ထဲသို့ လျှပ်စစ်ဓာတ်ကို လွှတ်၍ ဓာတ်ခွဲလိုက် ခြင်းကို လျှပ်စစ်ဖြင့် ဓာတ်ခွဲခြင်း (အီလက်ထရိုလစ်ဆစ်; Electrolysis) ဟုခေါ်၏။ ဓာတ်ခွဲပုံကို ပုံစံပြရသော် ကော့ပါးဆာလဖိတ် (Cu SO4) ကို ရေတွင် ပျော်ဝင်စေသောအခါ လျှပ်စစ် အဖိုဓာတ်ကို ဆောင်သော ကော့ပါးအိုင်းယွန်း (Cu2+) များနှင့် လျှပ်စစ်အမဓာတ်ကို ဆောင်သော ဆာလဖိတ် အိုင်းယွန်း(SO42-) များအဖြစ်သို့ အစည်းကွဲထွက်သွားသည်။ ဤသို့ အစည်းကွဲထွက်ခြင်းသည် လျှပ်စစ်ဓာတ်ကို ကော့ပါးဆာလဖိတ် ပျော်ဝင်ရည်ထဲသို့ မလွှတ်မီ အချိန် တွင်ဖြစ်၏။ လျှပ်စစ်ဓာတ်ကို လွှတ်လိုက်သည်နှင့် တပြိုင် နက် လျှပ်စစ်ဓာတ်သည် အန်နုတ်ခေါ် ဓာတ်ဖိုတိုင်မှ ပျော် ဝင်ရည်ထဲသို့ ဝင်၍ ထိုပျော်ဝင်ရည်ကို ဖြတ်သွားပြီးလျှင် ကက်သုတ်ခေါ် ဓာတ်မတိုင်မှ ထွက်သွားလေသည်။ ထိုအခါ ကော့ပါးအိုင်းယွန်း (Cu2+) များသည် ကက်သုတ်ဓာတ်မ တိုင်ရှိရာသို့၎င်း၊ ဆာလဖိတ် အိုင်းယွန်း (SO42-) များက အန်နုတ်ဓာတ်ဖိုတိုင် ရှိရာသို့၎င်း အသီးအသီး အစည်း ကွဲ၍ ကူးသွားကြသည်။ မကြာမီအတွင်း ကော့ပါးအိုင်း ယွန်း (Cu2+) များသည် သာမန်ကြေးနီအဖြစ်ဖြင့် ကက်သုတ် ဓာတ်မတိုင်တွင် စု၍ တည်နေ၏။ ထိုနည်းအတူ ဆာလဖိတ်အိုင်းယွန်း (SO42-) များကလည်း အန်နုတ်ဓာတ်ဖို တိုင်တွင် လွတ်ထွက်၍ ရေနှင့် ဓာတ်ပေါင်းပြီးလျှင် ဆာလ ဖျူရစ်အက်ဆစ် ပျော်ဝင်ရည်ဖြစ်လာ၏။ ထို့နောက် အောက် ဆီဂျင်ဓာတ်ငွေ့သည် အန်နုတ်ဓာတ်ဖိုတိုင်မှ ထွက်လာ၏။ ဆာလဖျူရစ် အက်ဆစ် ရပုံနှင့် အောက်ဆီဂျင်ဓာတ်ငွေ့ ထွက်လာပုံမှာ ဤသို့တည်း

2SO42- + 2 H2O ® 2H2SO4 + O2

(ဆာလဖိတ်) + (ရေ) ® (ဆာလဖျူရစ်အက်ဆစ်)+(အောက်ဆီဂျင်)

အကယ်၍ ကော့ပါးဆာလဖိတ် (Cu SO4) ပျော်ဝင် ရည်ထဲသို့ ကြေးနီဓာတ်လိုက်တိုင်နှစ်ခုကို အသုံးပြု၍ လျှပ်စစ်ဓာတ်လွှတ်ပြီး ဓာတ်ခွဲလိုက်သောအခါ ယင်း ကဲ့သို့ပင် ကြေးနီသတ္တုသည် ကက်သုတ် ဓာတ်မ တိုင်တွင် စု၍ တည်နေမည်ဖြစ်၏။ သို့သော် ကြေးနီ ဖြင့် ပြုလုပ်ထားသော အန်နုတ် ဓာတ်ဖိုတိုင်ရှိရာသို့ ရောက်လာသည့် ဆာလဖိတ်ရက်ဒီကယ် (SO42-) ခေါ် အတွဲသည် ကြေးနီနှင့် ဓာတ်ပေါင်းမိပြန်သဖြင့် ကော့ ပါးဆာလဖိတ် (Cu SO4) ပင် ပြန်၍ဖြစ်၏။ ထို့ကြောင့် ကော့ပါးဆာလဖိတ်ပျော်ဝင်ရည်၏ တန်ခိုးအာနိသင်သည် လျော့မသွားပဲ ယခင်ကကဲ့သို့ တည်မြဲလျက်ရှိပေသည်။

ရေကိုလျှပ်စစ်ဖြင့် ဓာတ်ခွဲခြင်း ပြင်ဆင်ရန်

လျှပ်စစ်ဖြင့် ဓာတ်ခွဲမည့် ရေထဲသို့ ဆာလဖျူရစ် အက်ဆစ်ရည် အနည်းငယ် ထည့်၍ ရောလိုက်သည့်အခါ အချဉ်ဓာတ် အနည်းငယ် ပေါက်လာသည်။ လျှပ်စစ်ဓာတ်ကို ရေထဲသို့ မလွှတ်မီပင် ဆာလဖျူရစ်အက်ဆစ် ပျော်ဝင်ရည်သည် ဟိုက်ဒြိုဂျင် အိုင်းယွန်း (H+) များနှင့် ဆာလဖိတ်အိုင်းယွန်း (SO42-)များ အဖြစ်သို့ အစည်းကွဲထွက်လျက်ရှိ၏။ ကွဲထွက်ပုံမှာ ဤသို့ဖြစ်၏။

H2SO4 ® 2H + + SO42-

လျှပ်စစ်ဓာတ်ကို လွှတ်လိုက်သောအခါ အထက်တွင် ပြခဲ့သည့် အတိုင်း လျှပ်စစ်ဓာတ်သည် ဓာတ်ဖိုတိုင်မှ ရေထဲသို့ဝင်၍ ထိုရေကို ဖြတ်သွားပြီးလျှင် ဓာတ်မတိုင်မှ ထွက်သွားလေသည်။ ဤသို့လျှင် လျှပ်စစ်ဓာတ်စီးကြောင်းသည် ဓာတ်ဖိုတိုင်မှ ဓာတ်မတိုင်သို့ စီးလျက် ရှိသည်။ လျှပ်စစ်ဓာတ်လွှတ်လိုက်သည် နှင့်တပြိုင်နက် လျှပ်စစ်အဖိုဓာတ်ကိုဆောင်သော ဟိုက်ဒြိုဂျင် အိုင်းယွန်းများသည် ကက်သုတ်ဓာတ်မတိုင်ရှိရာသို့ ရောက်လာကြ၍ ဟိုက်ဒြိုဂျင် အက်တမ်အဖြစ် လွတ်ထွက်ကုန်ကြ၏။ ဟိုက်ဒြိုဂျင် အက်တမ် နှစ်ခုတိုင်းသည် ပေါင်းစပ်ကြ၍ ဟိုက်ဒြိုဂျင်မော်လီကျူများဖြစ်လာကုန်ကြ၏။ ယင်းသို့ ဖြစ်ရကား ဟိုက်ဒြိုဂျင်ဓာတ်ငွေ့သည် ကက်သုတ်ဓာတ်မ တိုင်မှ ထွက်ပေါ်လျှက်ရှတော့၏။ ဆာလဖိတ်အိုင်းယွန်း (SO42-) တို့သည်လည်း အန်နုတ်ဓာတ်ဖိုတိုင်ရှိရာသို့ ရောက်ရှိလာကြပြီးလျှင် ထိုနေရာ၌ပင် လွတ်ထွက်ကုန်ကြ၏။ ယင်းသို့ လွတ်ထွက်သဖြင့် သာမန်ဆာလဖိတ်ရက်ဒီကယ် များအဖြစ်သို့ ရောက်လာကြပြီးလျှင် ရေမော်လီကျူးတို့နှင့် တွေ့၍ ဓာတ်ပေါင်းစပ်ကြသဖြင့် ဆာလဖျူရစ်အက်ဆစ် ရည်ဖြစ်ပြန်၏။ ယင်းသို့ ဆာလဖျူရစ်အက်ဆစ် (2H2SO4 ) ရရှိရာတွင် အောက်ဆီဂျင်ဓာတ်ငွေ့သည် အန်နုတ်ဓာတ်ဖို တိုင်မှ ထွက်ပေါ်လာ၏။ အောက်ဆီဂျင်ဓာတ်ငွေ့ ထွက်ပေါ် လာပုံမှာ ဤသို့ဖြစ်၏။

2SO42- + 2 H2O ® 2H2SO4 + O2
(ဆာလဖိတ်) + (ရေ) ®(ဆာလဖျူရစ်အက်ဆစ်) +(အောက်ဆီဂျင်)
ဤသို့လျှင် ရေကို လျှပ်စစ်ဖြင့် ဓာတ်ခွဲလိုက်သည့်အခါ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့သည် ကက်သုတ်ဓာတ်မတိုင်မှ ထွက်လာ ၍ အောက်ဆီဂျင်ဓာတ်ငွေ့သည် အန်နုတ်ဓာတ်ဖိုတိုင်မှ ထွက်လာလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)