လျှော်တေသင်္ကန်းဟူသည်မှာ "ဖြူဆံမြက်"ကို အမျှင်အမျှင်ဆုတ်၍ ဆက်စပ်ထုံးဖွဲ့ကာ ဝတ်ရုံစရာ ပြုလုပ်အပ်သော သင်္ကန်းပင်ဖြစ်သည်။ (ဤကား အဋ္ဌသာလိနီ အဋ္ဌကထာ၌ လာသောအတိုင်း ဆိုခြင်းဖြစ်သည်။)

ကဗျာ့ပါရဂူ ဖြစ်တော်မူသော အရှင်မဟာသီလဝံသကမူကား ဆုတောင်းခဏ်းပျို့ ပိုဒ်ရေ(၈၃)၌-

ချုပ်တွဲချောမော၊
ဖြူဆံကြောတိ၊
ကုန်းစောလည်းတိမ်၊
ကျစ်ကာလိမ်သည်၊
မွေ့သိမ်တေဆန်း၊
လျှော်နားစွန်းကို၊
သင်္ကန်းသင်းပိုင်၊
မှတ်၍ကိုင်ပြီး-

ဟူ၍ စပ်ဆိုသည်။ ဤလင်္ကာအရ ဖြူဆံမြက်တို့ကို အမျှင်အမျှင်ဆုတ်၍ ဆက်စပ်ထားရုံမျှ ကိစ္စမပြီးသေး၊ ချောမော သိမ်မွေ့အောင် ထုတေ၍ ပေးရသေးသည်။ သို့ဖြစ်၍ “လျှော်တေ”ဟု ခေါ်ကြောင်းကို ပြဆို၏။

ထိုလျှော်တေသင်္ကန်းကို ပါဠိလို ဝါကစီရဟူ၍၎င်း, ဝက္ကလဟူ၍၎င်း တိရီဋကဟူ၍၎င်း ခေါ်ဆို၏။ ထိုတွင်-[]

ဖြူဆံမြက်သင်္ကန်း

ပြင်ဆင်ရန်

ဝါကစီရသဒ္ဒါ ဟောအပ်သော သင်္ကန်းမှာ အဋ္ဌသာလိနီအဋ္ဌကထာ ဖွင့်သည့်အတိုင်း ဖြူဆံမြက်တို့ကို ပြုလုပ်၍ရသော သင်္ကန်းဖြစ်၍ တိုက်ရိုက် မြန်မာပြန်ဆိုလျှင် “ဖြူဆံမြက်သင်္ကန်း”ဟူ၍ ပြန်ဆိုရမည်ကဲ့သို့ ရှိ၏။ သို့သော် ရှေးဆရာကျော်များ မပြန်ဆိုခဲ့ကြ၊ “လျှော်တေသင်္ကန်း”ဟူ၍သာ ပြန်ဆိုတော်မူခဲ့ကြသည်။

ဝက္ကလနှင့် တိရီဋကဟူသော အမည်နှစ်ခုသည် သစ်ခွံမှရသော လျှော်ဖြင့် ပြုအပ်သော သင်္ကန်းဖြစ်၏၊ ဝက္ကလပုဒ်၌ ဝက္ကသဒ္ဒါသည် သစ်ခွံကိုဟော၏၊ သစ်ခွံဆိုသော်လည်း အပြင်မှ ထူထဲသောအခွံကို မယူရ၊ အတွင်းမှ အသားကို ဖုံးလွှမ်းသော အခွံပါး(လျှော်)ကိုသာ ယူရမည်။ ထိုလျှော်တို့ကို ခွါယူ ချုပ်စပ်ပြီးလျှင် နူးညံ့အောင် ထုတေထားသည့်အတွက် လျှော်တေသင်္ကန်း ခေါ်သည်ဟု မှတ်ယူရာ၏။ ဝါကစီရပုဒ် အရ “ဖြူဆံမြက်သင်္ကန်း”ဟု အဓိပ္ပါယ်ရှိသော်လည်း ဖြူဆံမြက်ကို ပြုလုပ်သည်ထက် သစ်ပင်မှ လျှော်တို့ကိုယူ၍ ပြုလုပ်သည်က များသောကြောင့် “ဖြူဆံမြက်သင်္ကန်း”ဟု မထင်ရှားပဲ လျှော်တေသင်္ကန်း ဟူ၍သာ ထင်ရှားတော့သည်။ ထိုကြောင့်ပင် ဆုတောင်းခဏ်းပျို့ ပိုဒ်ရေ (၉၁)၌-

တလ္လညှီငှေါက်၊ လူနံ့ဖျောက်၍၊ သစ်ခေါက်လည်းဝတ်၊ လဲချွတ်လူမွေး၊ လူ့ညစ်ကြေးကို၊ လျှော်ဆေးမူထား၊ လူ့ဝတ်စားလည်း၊ ငါ့အား ပယ်ရပြီးသတည်း–

ဟု သစ်ခေါက် လျှော်တေကိုပင် စပ်ဆိုတော်မူသည်။[]

လျှော်တေသင်္ကန်း၏ ဂုဏ်ကျေးဇူး (၁၂)ပါးကား

ပြင်ဆင်ရန်
  1. အဖိုးနည်း၍ ကောင်းမွန်ပြီးလျှင် ရှင်ရသေ့တို့နှင့် အပ်စပ်ခြင်းသည် ဂုဏ်ကျေးဇူးတပါး၊
  2. မိမိလက်ဖြင့် ပြုလုပ်နိုင်ခြင်းသည် ဂုဏ်ကျေးဇူးတပါး၊
  3. သုံးဆောင်ရာမှာ ဖြည်းဖြည်းသာ ညစ်နွမ်း၍ လျှော်သောအခါ ကိစ္စကျယ်ဝန်းမှု မရှိခြင်းသည် ဂုဏ်ကျေးဇူးတပါး၊
  4. သုံးဆောင်သဖြင့် ဆွေးသွားသော်လည်း ချုပ်စပ် ဖာထေးနေဖွယ်မရှိ စွန့်ပစ်လိုက်ရုံသာ ဖြစ်ခြင်းသည် ဂုဏ်ကျေးဇူးကပါး၊
  5. တဖန် အသစ်ရအောင် ရှာသောအခါ အလွယ်တကူရအောင် ပြုလုပ်နိုင်ခြင်းသည် ဂုဏ်ကျေးဇူးတပါး၊
  6. ရှင်ရသေ့အဖြစ်နှင့် လျောက်ပတ် သင့်လျော်ခြင်းသည် ဂုဏ်ကျေးဇူးတပါး၊
  7. ရန်သူလူဆိုးတို့၏ အသုံးအဆောင် မဟုတ်ခြင်းသည် ဂုဏ်ကျေးဇူးတပါး၊
  8. သုံးဆောင်သောသူမှာ တန်းဆာဆင်ရာ မရောက်ခြင်းသည် ဂုဏ်ကျေးဇူးတပါး၊
  9. ဝတ်ရုံဆောင်ယူရာ၌ ပေါ့ပါးခြင်းသည် ဂုဏ်ကျေးဇူးတပါး၊
  10. သင်္ကန်းပစ္စည်း၌ အလိုနည်းခြင်းသည် ဂုဏ်ကျေးဇူးတပါး၊
  11. လျှော်ကို ထုလျှင် တေလျှင်ပင် လျှော်တေသင်္ကန်း ဖြစ်နိုင်သဖြင့် လျှော်တေသင်္ကန်း ဖြစ်ပေါ်စေခြင်း၌ တရားနှင့်ညီ၍ အပြစ်မရှိခြင်းသည် ဂုဏ်ကျေးဇူးတပါး၊
  12. လျှော်တေသင်္ကန်း ပျောက်ဆုံး ပျက်စီးသွားသော်လည်း ငဲ့ကွက်နှမြော နေဘို့ မရှိခြင်းသည် ဂုဏ်ကျေးဇူးတပါး-

ဤ (၁၂)ပါးတို့ပင်တည်း။ ဆုတောင်းခဏ်း ပိုဒ်ရေ (၈၄)၌ အဓိပ္ပါယ် အကျယ်ပါသည်။[]

  1. ၁.၀ ၁.၁ ၁.၂ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်