လွန်ဆွဲခြင်း
မြန်မာနိုင်ငံ၌ မည်သည့်အချိန်ကစ၍ လွန်ဆွဲခဲ့ကြ သည် ဆိုသည်ကိအတိအကျမပြောနိုင်ချေ။ အဘယ်ကြောင့် လွန်ဆွဲကြ သည်ဆိုသည်ကိုလည်း သေချာစွာမပြောနိုင်ချေ။ သို့သော် အတော် ရှေးကျ ကျကပင် လွန်ဆွဲခဲ့ကြသည်ဟု ယူဆရပေသည်။
အထူးသဖြင့် မိုးခေါင်နေသောအခါများတွင် မန္တလေးမြို့ကဲ့သို့ သော အထက်မြန်မာနိုင်ငံရှိ မြို့ရွာများ၌ လွန်ဆွဲလေ့ရှိကြသည်ကိုတွေ့ရ သည်။ လွန်ဆွဲလျှင်မိုးရွာသည်ဟု ယုံကြည်ကြပုံလည်းရသည်။ လွန်ဆွဲကြ သောအခါတွင် တစ်ခါတစ်ရံ၌အရပ်တွင်းရှိလူများ(ယောက်ျား နှင့် မိန်းမ များ)ချည်းသာ မဟုတ်ဘဲ တစ်ရပ်နှင့်တစ်ရပ် ချိန်း၍ဆွဲလေ့ရှိကြသည်။ အကြီးအကျယ် လွန်ဆွဲကြသောအခါတွင် အလယ်၌ လွန်ခေါင်း လုပ်သူတစ်ဦး ထားလေ့ရှိကြသည်။ ထိုလွန်ခေါင်းလုပ်သူ၏ အဆုံးအဖြတ် ကို လွန်ဆွဲသူများကနာခံကြရသည်။ အရပ်နှစ်ရပ် ချိန်း၍ လွန်ဆွဲသောအခါ တွင် ထိုအရပ်နှစ်ရပ်မှ လွန်ဆွဲရန်ရောက်လာကြသူများ (ယောက်ျားရော မိန်းမများပါ)စုံလောက်သောအခါတွင် လွန်ခေါင်းက လွန်ဆွဲခြင်းစရန် အမိန့် ပေးလိုက်သောအခါ အရပ်နှစ်ရပ်မှလူများသည် တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင်ရပ်ကြကာ ကြိုးကိုကိုင်ကြလေသည်။ အဆင်သင့်ဖြစ်ပြီဟု လွန်ခေါင်းလုပ်သူက ယုံကြည်သောအခါ သူကဆွဲဟု အမိန့်ပေးလိုက်သည် နှင့် တစ်ပြိုင်နက် တစ်ဖက်နှင့်တစ်ဖက် အနိုင်မခံအရှုံးမပေးလိုသော ဇွဲဖြင့် အားအင်ရှိသမျှ ဆွဲကြလေသည်။ ရှုံးမည်ဟု ထင်သောဖက်မှ လူအချို့က အနီးတွင်ရပ်၍ ကြည့်နေကြသူများအား သူတို့၏ဖက်မှဝင်၍ကူဆွဲပေးရန် တောင်းပန်တတ်ကြသည်။ ထိုအခါ အချို့ကဝင်၍ကူကာ ဆွဲပေးလေ့ရှိကြ သည်။ အချို့ကမူ ရယ်မောကာသာဆက်၍ ကြည့်နေတတ်ကြသည်။ ရှုံးသွား သောအခါတွင် လွန်ဆွဲသူများက လွန်ကြိုးကိုလွှတ်လိုက်ကြပြီးလျှင် ဒိုးပတ် ကိုလွယ်သူကလွယ်၍ လင်းကွင်းကိုကိုင်သူကကိုင်ပြီးလျှင် လွန်ခေါင်းရှိရာသို့ ထဘီကျွတ်၍ လွှတ်လိုက်တာ၊နိုင်တယ်လို့ထင်သမား စသော သံချပ်များ ထိုးကာ သီချင်းများကိုသီဆိုတီးမှုတ်ကာက၍လာကြသူ ကလာကြ၊ လက်ခုပ် တီးသူကတီးကြ၍ တစ်ဖက်သားမခံချင်အောင် ပြုလေ့ရှိကြသည်။ နိုင်သည့် ဘက်မှလည်း သူတို့အားအင်တောင့်တင်း၍ လိမ္မာပါးနပ်သောကြောင့်သာ လျှင် နိုင်ခြင်းဖြစ်ကြောင်းကို သံချပ်ထိုးကာ သီချင်းများသီဆိုကခုန်လေ့ရှိကြ လေသည်။
ထိုသို့ လွန်ဆွဲကြခြင်းသည် တစ်ရက်တည်းနှင့် ပြီးခဲ၍ ရက် အတော်ကြာသည်အထိ ဆက်၍ဆွဲလေ့ရှိကြသည်။ ထိုသို့လွန်ဆွဲကြသော အခါ တွင် မိုးရွာသည်နှင့် ကြုံကြိုက်တတ်သည်။
အချို့မြန်မာများက လွန်ဆွဲခြင်းသည် အပျော်သက်သက်သာ ပြု လုပ်သည် ဟု ဆိုကြသော်လည်း အချို့ကမူ မိုးခေါင်ကျော်စွာနတ်နှင့် ဆက်သွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟုဆိုကြသည်။ အနောက်နိုင်ငံများတွင် လွန်ဆွဲခြင်းမှာ အသင်းအဖွဲ့အလိုက် အား စမ်းခြင်းမျိုးဖြစ်သည်။ ဤကဲ့သို့သော အားစမ်းပွဲမျိုးသည် အတော်ရှေးကျ သည့်အချိန်ကပင် စတင ်ပေါ်ပေါက်ခဲ့၍ ထိုစဉ်အခါက ကောက်သီးကောက်နှံ ဖွံ့ဖြိုးရေးအတွက် ပြုလုပ်သည့် အခမ်းအနားနှင့် ဆက်သွယ်နေကြသည်ဟု လည်း ယူဆခဲ့ သည်။
ရှေးအခါကပင် ကောက်သီးကောက်နှံဖွံ့ဖြိုးရေးအတွက် စောင့် ရှောက်မစမည့်အရှင်သခင်၏ အထိမ်းအမှတ်ဖြစ်သောကောက်ရိုးကြိုးက လည်းကောင်း၊ ကောက်ရိတ်သိမ်းပွဲမှ နောက်ဆုံးကောက်လှိုင်းကို လည်းကောင်း လုယက်ယူငင်ရသည့် အလေ့အထလည်းရှိခဲ့သည်။ ထိုကဲ့သို့ လုယက်ယူငင် ရာတွင် တစ်ရွာနှင့်တစ်ရွာ ပြိုင်ဆိုင်ခြင်းများ လည်းရှိခဲ့၍ ကောက်ရိုးကြိုးကို ဖြစ်စေ၊ သို့မဟုတ် ကောက်လှိုင်းကိုဖြစ်စေ ရသည့်ဖက်တွင် ကောက်သီးနှံ ဖွံ့ဖြိုးမည်ဟုလည်း ယုံကြည်ခဲ့လေသည်။
ယခုအခါတွင် လွန်ဆွဲခြင်းမှာ အားကစားပြိုင်ပွဲတွင် ပါဝင်လေ့ရှိ သည့် အားကစားအစီအစဉ်တစ်ရပ် ဖြစ်နေလေပြီ။ ထိုသို့ လွန်ဆွဲသည့် အခါ အသင်းအဖွဲ့နှစ်ခုကျစီ ယှဉ်ပြိုင်ရသည်ဖြစ်၍ တစ်ဖက်လျှင် လူရှစ်ယောက်စီ ပါဝင်ရသည်။ ဆွဲရမည့်လွန်ကြိုးသည် အလုံးလေးလက်မ ထက်မသေးဘဲ ၃၅ ပေထက်လည်းမတိုရပေ။ ကြိုး၏အလယ်ဗဟိုတွင် အမှတ်အသားတစ်ခု ပြု လုပ်ထားရ၍ ထိုအမှတ်အသား၏တစ်ဖက် တစ်ချက်တွင်လည်း ခြောက်ပေခန့် စီခြား၍ အမှတ်အသားတစ်ခုစီ ပြုလုပ်ထားရလေသည်။ မြေပေါ်တွင်လည်းအလားတူပင်မှတ်သားထားရ၏။ ကြိုးပေါ်ရှိ ဗဟိုအမှတ်အသားကိုမြေပေါ်ရှိ ဗဟိုအမှတ်အသားပေါ်တွင် တည့်တည့်ရှိနေစေပြီးမှ စတင်လွန်ဆွဲရသည်။
ထိုသို့ဆွဲသောအခါ အခြားတစ်ဖက်တွင်ရှိသော ဗဟိုမှ ခြောက်ပေကွာအမှတ် အသားသည် မိမိဘက်မှ မြေပေါ်တွင် သတ်မှတ်ထားသောဗဟိုမှ ခြောက်ပေ ကွာ အမှတ်အသားကို ကျော်လွန်၍ ပါလာအောင်ဆွဲနိုင်လျှင်သော် လည်း ကောင်း၊ သို့မဟုတ် တစ်ဘက်မှလူတစ်ဦးတစ်ယောက်၏ ခြေထောက်မှ မည်သည့်အစိတ်အပိုင်းဖြင့် ဖြစ်စေ၊ ထိုအမှတ်အသားကို ထိလာအောင်ဆွဲ လာနိုင်လျှင်သော် လည်းကောင်း၊ ထိုသို့ဆွဲနိုင်သည့်ဘက်အနိုင်ရသည်။ သို့ သော် သုံးကြိမ်သုံးခါဆွဲ၍ နှစ်ကြိမ်နိုင်ပြီးမှသာ နိုင်သည်ဟုဆိုရလေသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)