လွိုင်ယိုလာ၊ အစ်ဂနေးရှပ်

ယေရှု အသင်းကြီးအား စတင်တည်ထောင်ခဲ့သော အစ်ဂနေးရှပ်လွိုင်ယိုလာကို ၁၄၉၁ ခုနှစ်တွင် စပိန်နိုင်ငံ ဂီပွတ်ဇကိုအာပြည်နယ် လွိုင်ယိုလာရဲတိုက်ကြီး၌ ဖွားမြင်ခဲ့သည်။ ငယ်စဉ်က စပိန်ဘုရင် ဖာဒီနန်၏နန်းတော်တွင် အမှုထမ်း လာခဲ့ပြီးနောက် အသက် ၂၆ နှစ်အရွယ်တွင် စစ်တပ်သို့ ဝင်ရောက်အမှု ထမ်းလေသည်။ အခြားစစ်သားများထက် စွမ်းစွမ်းတံမံ တိုက်ခိုက်လေ့ရှိသော ကြောင့် စပိန်စစ်တပ်ကြီးတွင် သူရဲကောင်းအဖြစ်ဖြင့်ထင်ရှားလာခဲ့သည်။

၁၅၂၁ ခုနှစ်တွင် ပြင်သစ်နှင့်စပိန်တို့ စစ်ဖြစ်ပွားရာ ပြင်သစ်တို့ သည် နာဗားပြည်နယ်မြို့တော် ဝမ်ပေလူနာကို ဝန်းရံတိုက်ခိုက်ခဲ့လေသည်။ ထိုအခါ လွိုင်ယင်လာသည် အခြားစပိန်စစ်သည်တော်တို့နှင့်အတူ မြို့တွင်းမှ ခုခံတိုက်ခိုက်ခဲ့ရာတွင် ရန်သူတို့ဖက်မှ ပစ်ခတ်လိုက်သောအမြောက်ဆန် တစ်ခုသည် သူ၏ခြေတစ်ဖက်တွင် ထိမှန်သဖြင့်ဒဏ်ရာအကြီးအကျယ်ရရှိခဲ့ လေသည်။ ကံကောင်းထောက်မ၍ အသက်မသေသော်လည်း ခြေတစ်ဖက် မသန်တော့သဖြင့် ဆက်လက်၍ စစ်မှုမထမ်းနိုင်တော့ပေ။

ဒဏ်ရာကို ဆေးဝါးကုသနေခိုက် အချိန်ကိုအလာဟဿမဖြုန်းဘဲ ခရစ်တော်အယူဝါဒ၌ သက်ဝင်ယုံကြည်ကြသော သူတော်စင်တို့၏ အတ္ထုပ္ပတ္တိတို့ကို ဖတ်ရှုလေ့လာခဲ့ရာ လက်နက်ကိုင်စစ်သားဘဝမှ ခရစ်တော် ၏စစ်သားဘဝသို့ ပြောင်းလဲရန်များစွာ စိတ်အားထက်သန်လာခဲ့ပြန်သည်။ သို့ဖြစ်၍ စစ်တပ်တွင် ပြန်လည်အမှုမထမ်းနိုင်တော့ခြင်းကြောင့်တစ်ကြောင်း၊ စိတ်ဓာတ် ပြောင်းလဲသွားခြင်းကြောင့်တစ်ကြောင်း သူ၏ စစ်ဝတ်တန်ဆာ တို့ကိုလုံးဝစွန့်ပယ်လိုက်ပြီးလျှင် သူတော်စင်တို့ဝတ်ဆင်သော အင်္ကျီရှည်ကြီး ကိုဝတ်ကာ ပိုက်ဆံလျှော်ဖြင့်ပြုလုပ်သော ဖိနပ်ကိုစီး၍ တောင်ဝှေးကိုဆွဲကိုင် ခဲ့သည်။ နေ့စဉ်အနည်းဆုံးခုနစ်နာရီမျှ ဘုရားရှိခိုး ဝတ်တက်လေသည်။ ၁၅၂၃ ခုနှစ်တွင် ဂျရူးဆလမ်းမြို့သို့ ဘုရားဖူးသွားခဲ့သည်။ ထို သို့ သွားရောက်ခဲ့သည်မှာ လွယ်ကူသည့်အလုပ်မဟုတ်ပေ။ ဘေးဒုက္ခအ ပေါင်းတို့ကို ကျော်နင်းရလေသည်။ သူ၏ဆန္ဒမှာ ဂျရူးဆလမ်းမြို့တွင် တရားအားထုတ်ရန်ဖြစ်သည်။ သို့ရာတွင် သူ၏ကြံရွယ်ချက်ကား အထမ မြောက်ခဲ့ချေ။ အကြောင်းမှာ ၁၅၂၃ ခုနှစ် စက်တင်ဘာလတွင် ဂျရူးဆလမ်း မြို့ကြီးသို့ ဆိုက်ရောက်ခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်တို့က လွိုင် ယိုလာအား နေ့တိုင်းတရားအားထုတ်ခွင့် မပြုသောကြောင့်ဖြစ်၏။ သို့ဖြင့် ဂျရူးဆလမ်းမြို့မှပြန်လာခဲ့ရာ ၁၅၂၄ ခုနှစ်တွင် စပိန်နိုင်ငံ ဗာစီလို နာမြို့သို့ ပြန်လည်ဆိုက်ရောက်ခဲ့သည်။

ထိုနောက်တွင် လွိုင်ယိုလာသည် လက်တင်ဘာသာနှင့် ဒဿနိက ဗေဒ ပညာရပ်များကို လေ့လာ သင်ကြားထားလျှင် သူ၏အယူဝါဒဆိုင်ရာ လေ့လာမှုများတွင် မျာစွာအထောက်အပံ့ ဖြစ်လိမ့်မည်ဟု ထင်မြင်သဘော ရရှိသောကြောင့် ထိုပညာရပ်များကို မနားမနေသင်ကြားခဲ့၏။ ၁၅၃၅ ခုနှစ် တွင် သူသင်ယူခဲ့သော ပညာရပ်များအားလုံးကို တတ်မြောက်ခဲ့သည်။ ထို့ နောက်ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်တွင် ခုနစ်နှစ်မျှ ဆက်လက်ပညာသင်ကြား ခဲ့ရာ မကျန်းမာသဖြင့် စပိန်နိုင်ငံသို့ ပြန်လာခဲ့လေသည်။

လွိုင်ယိုလာသည် သူသင်ကြားတတ်မြောက်ခဲ့သော ပညာရပ်များ ၏ အထောက်အပံ့ဖြင့် မှားသောအယူဝါဒများဖြစ်ပေါ်တတ်ပုံကို တွေ့မြင် လာသဖြင့် ယေရှုအသင်းကြီး ကိုတည်ထောင်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ရည်ရွယ်ချက်မှာ ယေရှုအသင်းဝင်များအား စိတ်ဓာတ်များပြုပြင်ကာ စည်းကမ်းသေဝပ်စွာ လုပ်ကိုင်နိုင်စေရန်လေ့ကျင့်ပေးပြီးလျှင် ခရစ်ယန်အယူ ဝါဒ မထွန်းကားသေးသောအရပ်ဒေသများသို့ သာသနာပြု စေလွှတ်ရန် ဖြစ်သည်။ ထို့အပြင် အသင်းဝင်တိုင်းအဆင်းရဲခံရမည်။ သိက္ခာသမာဓိ ရှိရမည်။ တာဝန်ကို ရိုသေလေးစားရမည်ဟူသော စည်းမျဉ်းများကိုလည်း ထားရှိရန် ရည်ရွယ်လေသည်။

ပဲရစ်မြို့တော်တွင်ရှိစဉ်က လွိုင်ယိုလာသည် အခြားသောပညာရှင် ခြောက်ဦးနှင့်ပူးပေါင်းကာ ၁၅၃၄ ခုနှစ်တွင် ယေရှုအသင်းကြီးကို အောင် မြင်စွာ တည်ထောင်ခဲ့သည်။ သူကိုယ်တိုင် စစ်ဗိုလ်တစ်ယောက်ဖြစ်ခဲ့ခြင်း ကြောင့် သူဦးစီးတည်ထောင်သော အသင်းမှာလည်း စစ်တပ်တစ်တပ်ကဲ့သို့ ပင် စည်းစနစ်ကျနလှပေသည်။ များသောအားဖြင့် ထိုအသင်းကို ဂျက်ဇူး အစ်အသင်းဟု အတိုကောက်ခေါ်ဝေါ်ကြသည်။ ဤယေရှုအသင်းကြီးကို လည်းကောင်း၊ အသင်းသားများကိုလည်းကောင်း ရောမမြို့တော်ရှိ ပုပ်ရဟန်း မင်းကြီးက အသိအမှတ်ပြုစေရန်အတွက် လွိုင်ယိုလာကိုယ်တိုင် ကြိုးစား အားထုတ်ခဲ့သောကြောင့် ၁၅၄ဝ ပြည့်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး တတိယပေါလု၏ အသိအမှတ်ပြုခြင်းကို ခံရလေသည်။

၁၅၄၁ ခုနှစ် ဧပြီလတွင် လွိုင်ယိုလာအား ယေရှုအသင်းကြီး၏ ပထမဆုံး ခေါင်းဆောင်ချုပ်ကြီးအဖြစ်ဖြင့် အသင်းသားအပေါင်းတို့က သဘောတူတင် မြေ|ာက်ကြသည်။ လွိုင်ယိုလာသည် ထိုနေ့မှစ၍ ယေရှုအသင်းကြီးအတွက် အသက်ထက်ဆုံးကြိုးစားဆောင်ရွက်ခဲ့လေသည်။ လွိုင်ယိုလာသည် ၁၅၅၆ ခုနှစ်ဆန်းစတွင် မကျန်းမာသဖြင့် အသင်းကြီး၏ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခဲ့ပြီးလျှင် ဆေးဝါးကုသနေစဉ် ထိုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကွယ်လွန်လေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)