'နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ပဉ္စမတွဲ)'၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုသည်၊ ရွှေဟင်္သာ စာအုပ်တိုက်၊ ၂ဝဝ၈ စက်တင်ဘာ၊ ပထမအကြိမ် ထုတ်ကနေ "သခင် လှကွန်း (မိုးညို) (၁၉၂၂)" ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းနဲ့ စာစုစာရင်းကို ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

သခင်လှကွန်း(မိုးညို) (၁၉၂၂-၂၀၁၁) ပြင်ဆင်ရန်

စာရေးဆရာ မိုးညို၊ ဖက်ဆစ်တော်လှန်ရေ၊ လေထီးရဲဘော်ဟောင်း

 
သခင် လှကွန်း (မိုးညို) (၁၉၂၂)
  1. အမည်ရင်း - ဦးလှကွန်း
  2. မိဘအမည် - ဦးဘအေး + ဒေါ်ကြည်
  3. မွေးသက္ကရာဇ် - ၃ဝ - ၈ - ၁၉၂၂
  4. မွေးဖွားရာ ဒေသ - ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်၊ ရေနံချပ်ကျေးရွာ
  5. ကလောင် အမည်ခွဲများ - မိုးညို


ကိုယ်ရေးဖြစ်စဉ် ပြင်ဆင်ရန်

သခင်လှကွန်းကို ပခုက္ကခရိုင်၊ မြစ်ခြေမြို့နယ်၊ ရေနံချပ် ကျေးရွာ၌ ၁၂၈၄ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် (၃ဝ - ၈ - ၁၉၂၂) တွင် ဖခင် ဦးဘအေး၊ အမိ ဒေါ်ကြည်တို့မှ မွေးဖွားခဲ့သည်။ ငယ်အမည် မောင်လှကွန်း (ဗိုလ်စိန်မောင်) ဖြစ်သည်။ အင်္ဂလိပ်- မြန်မာ ဆယ်တန်း အလွတ် ပညာသင်ကျောင်းများနှင့် ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်းတွင် ပညာ သင်ကြားခဲ့သည်။

၁၉၃၉-ခုမှစ၍ တို့ဗမာအစည်းအရုံး မြို့နယ်ခေါင်းဆောင် သခင်တစ်ဦးဖြစ်လာသည်။ ၁၉၄၁-ခု နောက်ပိုင်း ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် စတင် ပါဝင်လာခဲ့သည်။ ၁၉၄၂-ခုတွင် ဘီအိုင်အေ တပ်သို့ ဝင်ခဲ့သည်။ ၁၉၄၄-ခုကုန်ခါနီးတွင် အိန္ဒိယပြည်သို့ လျှို့ဝှက် သွားရောက်ကာ ရဲဘော်သိန်းဖေမြင့်၏ အစီအစဉ်ဖြင့် ဗြိတိသျှ မဟာမိတ်တပ်မတော် ဦးစီးဌာနချုပ်က ဖွင့်လှစ်ပေးသော ပြောက်ကျားတပ်မှူးစစ်သင်တန်းနှင့် လေထီးဆင်းသင်တန်း ပညာများ သင်ယူခဲ့သည်။

၁၉၄၅-ခု ဧပြီ (၉) ရက်နေ့တွင် လေထီးဆင်းတပ်မှူးအဖွဲ့ဝင်အဖြစ် တပ်ကုန်းမြို့အနောက်ဘက်၌ လေထီးဆင်းခဲ့သည်။ ပါလာသော လက်နက်စုံ (၄၀၀) ဖြင့် ဂျပန်များအား PBF ပြောက်ကျားတပ်ဖွဲ့၍ တိုက်ခိုက်ခဲ့သည်။ ဇွန်လ (၃) ရက်နေ့မှစ၍ စစ်ကြီးပြီးဆုံးသည်အထိ ဖြူး-ကျွဲပွဲဒေသတွင် ဆက်လက်တိုက်ခိုက်။ သခင်လှကွန်းသည် အိန္ဒိယနိုင်ငံတွင် စစ်သင်တန်းတက်ရောက်ပြီး မြန်မာနိုင်ငံကို လေထီးနှင့် ပြန်ရောက်လာကာ ပြောက်ကျားစစ်သည်အဖြစ် ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။ စစ်ကြီးပြီးသောအခါ ပြည်သူ့အာဏာဂျာနယ်၌ လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ကွန်မြူနစ်ပါတီ၏ ဘာသာပြန်အဖွဲ့အကြီးအကဲ (တောတွင်း)။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ အနေနှင့် တောခိုခဲ့သည်။ သခင်လှကွန်းသည် ဗကပ ဥက္ကဋ္ဌ သခင်သန်းထွန်း၏ မွေးစားသားလို့ လူသိများတဲ့သူလည်း ဖြစ်သည်။ သခင်လှကွန်းသည် တောတွင်းမှာရှိနေစဉ် ဗမာပြည်ကွန်မြူနစ်ပါတီအတွက် လက်ဝဲစာပေတွေကို စံတင့် ရှမ်းပြည် နှင့်အတူ ဘာသာပြန်ဌာနမှာ တာဝန်ခံအဖြစ် လုပ်ခဲ့သေးသည်။ ဗမာပြည်ကွန်မြူနစ်ပါတီကနေ အလင်းဝင်ခဲ့ပြီးနောက်မှာ လုပ်သားပြည်သူနေ့စဉ် သတင်းဌာနမှာ နိုင်ငံခြားသတင်း အယ်ဒီတာ၊ အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေသော ဂါဒီယန်းသတင်းစာတွင် ဒုတိယ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကြေးမုံသတင်းစာတိုက်မှာ အယ်ဒီတာချုပ်အဖြစ်နှင့် အငြိမ်းစားယူခဲ့သည်။

စာရေးဆရာ ပြင်ဆင်ရန်

"မိုညို" ကလောင် အမည်ဖြင့် ရေးသားခဲ့သည့် စာအုပ်များမှာ "ရှုပ်ထွေးပွေလီ တရုတ်ပြည်" (Rubing Clique in Kuomintang) ဘာသာပြန်၊ "လူသားမျိုးနွယ်များ" (Race of Mankind) ဘာသာပြန်(၁၉၆၇)၊ "ဟိုချီမင်း" ဘာသာပြန်၊ "ကမ္ဘာ့ရေးရာ မြန်မာ့အမြင် (၁) နှင့် (၂)"၊ ဆောင်းပါးများ စသည်တို့ ဖြစ်သည်။

"ကွန်မြူနစ်နေ့စဉ်" သတင်းစာတွင် နိုင်ငံခြား သတင်းအယ်ဒီတာ၊ "Union Express" အင်္ဂလိပ် သတင်းစာတွင် လက်ထောက် အယ်ဒီတာ၊ "အမျိုးသား သတင်းစာ" တွင် နိုင်ငံခြားသတင်း အယ်ဒီတာ၊ "နိုင်ငံသစ်သတင်းစာ"၊ "လုပ်သားပြည်သူ့ နေ့စဉ်" တွင် နိုင်ငံခြား သတင်းအယ်ဒီတာ၊ "The Guardian Daily" တွင် ဒုတိယ အယ်ဒီတာချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။

"လုပ်သားပြည်သူ့ နေ့စဉ်" နှင့် "ကြေးမုံ သတင်းစာ" တို့တွင် "မိုးညို" အမည်ဖြင့် ဆောင်းပါးပုဒ်ရေ ၂ဝဝ ကျော် ရေးသားခဲ့သည်။ "ချယ်ရီ" မဂ္ဂဇင်းနှင့် "သောင်းပြောင်းထွေလာ" မဂ္ဂဇင်းများတွင် ဘာသာပြန် ဆောင်းပါးများ၊ "မိုး" ဂျာနယ်တွင် "မိုးည" လစဉ် ဆောင်းပါးများကို ရေးသားခဲ့သည်။ ၁၉၆၂-ခုမှစ၍ အလင်းဝင်ပြီးနောက် သတင်းစာဆရာဖြစ်လာသည်။ ၁၉၆၃-ခုမှစ၍ နိုင်ငံတော်အစိုးရ၏ မြန်မာ-အင်္ဂလိပ်သတင်းစာများတွင် နိုင်ငံခြားသတင်းအယ်ဒီတာနေရာမှ စတင်ကာ အယ်ဒီတာ ချုပ်ဖြစ်လာသည်အထိ (၁၃) နှစ်ကြာ ဆောင်ရွက်ခဲ့သည်။ ပြည်ထဲရေးဌာန လွတ်လပ်ရေး မော်ကွန်းကော်မတီ၏ ဆပ်ကော်မတီဝင်။

လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်)နှင့် နိုင်ငံဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ချီးမြင့်ခံယူရရှိခဲ့သည်။ ဆောင်းပါးပေါင်း ပုဒ်ရေ (၂၀၀) ကျော်နှင့် ဝတ္ထုတို/ရှည်များ၊ ၁၉၄၅ -ခုနှစ်နောက်ပိုင်း၌ “မိုးညို“ အမည်ဖြင့် ရေးသားခဲ့သည်။ ဘာသာပြန် (၆) အုပ်၊ ပင်ကိုရေး (၂) အုပ်ရေးသားခဲ့ပြီး မိုးဂျာနယ်နှင့် အခြားမဂ္ဂဇင်းများတွင်လည်း ရေးသားခဲ့သည်။ (၂၀၁၀) မတ်လ နောက်ဆုံးထုတ် စာအုပ်မှာ “စစ်ရေးတာဝန်ခရီးမှ ပုံရိပ်များ“ စာအုပ်ဖြစ်သည်။

မိသားစု ပြင်ဆင်ရန်

ဇနီး ဒေါ်ခင်ဆွေ (၁၉၉၃- ကွယ်လွန်) နှင့် အိမ်ထောင်ကျပြီး သားသမီး (၅) ဦး ထွန်းကားခဲ့သည်။ အမှတ်(၄ဝ)၊ ရန်ကင်းလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်တွင် နေထိုင်သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

သခင်လှကွန်းသည် ၂၀၁၁-ခု၊ ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၆ နာရီခွဲ၊ ရန်ကုန်မြို့ မြေနီကုန်း ရန်ကင်းလမ်းနေအိမ်မှာ လူကြီးရောဂါနှင့် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် (၉၀) ရှိပြီဖြစ်သည်။ [၁]

သခင်လှကွန်း ရေးသားပြုစုခဲ့သော စာအုပ်များ ပြင်ဆင်ရန်

  1. လူသားမျိုးနွယ်များ (ဘာသာပြန်) ၁၉၆၇
  2. ဟိုချီမင်း (ဘာသာပြန်) ၁၉၆၇
  3. ကမ္ဘာ့ရေးရာ မြန်မာ့အမြင် (၁) ၁၉၆၅
  4. ကမ္ဘာ့ရေးရာ မြန်မာ့အမြင် (၂) ၁၉၆၈
  5. ရှုပ်ထွေးပွေလီ တရုတ်ပြည် -

ကိုးကား ပြင်ဆင်ရန်

  1. ကြေးမုံသတင်းစာ(၅.၁၂.၂၀၁၁)