ဒေါက်တာလှဖေသည် အဖ ဦးခင်နှင့် အမိ ဒေါ်သန်းရီတို့မှ ၁၉၃၆ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် မွေးဖွားခဲ့သည်။

၁၉၄၅ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ မြို့မအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်၍ ၁၉၅၅ခုနှစ်မှ၁၉၅၇ခုနှစ်အထိရန်ကင်းကောလိပ်တွင် သိပ္ပံပညာဆည်းပူးခဲ့သည်။

၁၉၅၇ခုနှစ်မှ ၁၉၆၀ခုနှစ်အထိ အင်ဂျင်နီယာ ကောလိပ်တက်ရောက်ခဲ့ပြီး ၁၉၆၀ခုနှစ်မှ၁၉၆၅ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် တွင်ပညာဆည်းပူးခဲ့ပါသည်။ ၁၉၆၅ ခုနှစ်တွင် သိပ္ပံဘွဲ့ B.Sc. (ရူပဗေဒ) နှင့် ၁၉၇၀ ခုနှစ်တွင် M.Sc. (ရူပဗေဒ)ဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှရရှိခဲ့ပါသည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၆ ခုနှစ်ထိ Australia နိုင်ငံ၊ University of New South Wales တွင် ပါရဂူဘွဲ့ကို ‘Direct Measurement of p Wave Neutron Capture Cross Section’ ကျမ်းကြီး ပြုစု၍ Ph.D.(Nuclear Physics)ဘွဲ့ကို ရရှိခဲ့ပါသည်။

၁၉၆၃ခုနှစ်မှ စ၍ ရန်ကုန်တက္ကသိုလ်တွင် နည်းပြအဖြစ်တာဝန် ထမ်းဆောင်ခဲ့ပြီး မန္တလေးတက္ကသိုလ်နှင့်ပုသိမ်ကောလိပ်တို့သို့ရာထူးအဆင့်ဆင့် တိုးတက်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၂ခုနှစ်တွင် တောင်ကြီး ကောလိပ်ကျောင်းအုပ်ကြီးအဖြစ် တိုးမြှင့် တာဝန်ပေးခဲ့ပြီး ၁၉၈၆ခုနှစ်တွင် တောင်ကြီးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဖြစ်ခဲ့ကာ ၁၉၈၉ခုနှစ်၌ ရန်ကုန် တက္ကသိုလ် ဒုတိယပါမောက္ခချုပ်အဖြစ် ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၂ခုနှစ်မှ ၁၉၉၇ခုနှစ်အထိ မော်လမြိုင်တက္ကသိုလ်ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခချုပ်တို့ အဖြစ်တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့ပါသည်။

၁၉၉၇ခုနှစ်မှ ၁၉၉၈ခုနှစ် အထိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့တွင် အကြံပေး ပုဂ္ဂိုလ်၊ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၉၈ခုနှစ်မှ ၂၀၀၄ ခုနှစ် အထိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (စီမံ) အဖြစ် ထမ်းဆောင်ခဲ့ပါသည်။

၂၀၀၅ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံ၊ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ အမှုဆောင်အဖွဲ့ဝင်အဖြစ် ထမ်းဆောင် လျှက်ရှိပါသည်။