ဝက်ခြံဆိုသည်မှာ မျက်နှာ၊ လည်ပင်း၊ ပခုံး၊ ရင်ဘတ်နှင့် ရံဖန်ရံခါ ကျောဘက်တွင်ပါ ပေါက်တတ်သည့် အရေပြားမူမမှန်မှုတစ်မျိုး ဖြစ်သည်။ထိုမူမမှန်မှုကြောင့် အထူးသဖြင့် မျက်နှာတွင် အနီဖုလေးများပေါက်လာတတ်သည်။ ယေဘုယျအားဖြင့် အထက်ဖော်ပြပါ ကိုယ်ခန္ဓာအစိတ်အပိုင်းများတွင်လည်း ပေါက်တတ်သည်။ ထိုအနီဖု၏ ဝန်းကျင်တွင် နီရဲရောင်ကိုင်းလာတတ်သည်။ ဝက်ခြံကို ညှစ်ခြင်း၊ ပိုးဝင်ခြင်းများ ရှိပါက အမာရွတ်များ အရုပ်ဆိုးစွာ ကျန်ခဲ့တတ်သည်။

ပျိုဖော်ဝင်ချိန်အတွင်း အသက် ၁၄ နှစ်အရွယ်ယောက်ျားလေးတစ်ယောက်၏နဖူးရှိဝက်ခြံများ

ပျိုဖော်ဝင်ခြင်း ပြင်ဆင်ရန်

ပျိုဖော်ဝင်စပြုလာချိန်တွင် လူပျို၊ အပျိုပေါက်စတို့သည် ဝက်ခြံပြဿနာနှင့် ရင်ဆိုင်ရတတ်သည်။ ပျိုဖော်ဝင်ခြင်းနှင့် ဝက်ခြံသည် အဆက်အစပ်ရှိသော်လည်း အကြောင်းရင်းအတိအကျကို မပြောနိုင်ပါ။ ထိုအသက်အရွယ်အပိုင်းအခြားတွင် ဖြစ်ပေါ်တတ်သော ဟော်မုန်းဓာတ်အပြောင်းအလဲကြောင့် ဖြစ်တန်ရာသည်ဟု ယူဆကြသည်။

ဝက်ခြံပေါက်သည့်အကြောင်းရင်း ပြင်ဆင်ရန်

အမွေးအမှင်နှင့် မွေးညင်းတို့၏ အခြေတွင် ချွေးအိတ်ရှိသည်။ ဝက်ခြံသည် ထိုအိတ်၏ အပေါ်ပိုင်းမှစ၍ မြစ်ဖျားခံသည်။ ထိုနေရာသည် အရေပြားခြောက်သွေ့မသွားစေရန် ချွေးအိတ်က ဆီဘမ်းဟု ခေါ်သောအဆီ ထုတ်ပေးရသည့် နေရာဖြစ်သည်။ မျက်နှာအဆီပြန်ခြင်း၊ ခြေဆီလက်ဆီထွက်ခြင်းတို့မှာ ထိုသဘောပင် ဖြစ်သည်။ ထိုချွေးအိတ်ရှိရာ မွေးညင်းပေါက်အဝသည် ချေး(ဂျီး)၊ ချွေး၊ ဖုန်၊ အမှုန်နှင့် အလှပြင်ပစ္စည်းတို့ဖြင့် ပိတ်သွားပါက မွေးညင်းပေါက်ဝမှ ချွေးအိတ်အထိသွားရာ လမ်းကြောင်းတစ်လျှောက် အဆိုပါဆီဘမ်းဟုခေါ်သော အဆီတို့ဖြင့် ပိတ်ဆို့တောင့်ခဲသွားသည်။ ထိုအခါ အနာစိမ်းကဲ့သို့ နီရဲရောင်ကိုင်းလာတတ်သည်။ ထိုအဆီခဲတောင့်ကို ကိုယ်တွင်းရှိ အင်ဇိုင်းများက ဖြိုခွဲကာ ယားကျိကျိနှင့် အနာကို ကလိချင်၊ ဆွချင်စိတ်ပေါ်လာစေမည့် အရာများအဖြစ် အသွင်ပြောင်းပေးလိုက်သည်။ ဤသို့ဖြင့် ဝက်ခြံဟူသော အနီဖု၊ သို့မဟုတ် အမာရွတ်များ ပေါ်ပေါက်လာရသည်။