ဝက်သက်ရောဂါ
ကလေးတိုင်းလိုလိုတွင် ဖြစ်ပေါ်လေ့ရှိသော ရောဂါ တစ်မျိုးမှာ ဝက်သက်ရောဂါ (measles) ဖြစ်သည်။ ထိုဝက်သက်ရို အာရပ်လူမျိုး ဆေးဆရာဝန်တစ်ဦးဖြစ်သူ ရေးဇီးက ကိုးရာစုနှစ်အတွင်းက ထုတ်ဖော်ပြောဆိုနိုင်ခဲ့သော်လည်း သီးခြားရောဂါတစ်မျိုးဖြစ်ကြောင်းကိုမူ မပြောနိုင်ခဲ့ချေ။ ၁၇-ရာစုနှစ်အတွင်းတွင်မှ တောမတ်ဆစ်ဒင်နမ်က ထိုရောဂါကို လေ့လာပြီးလျှင် သီးခြားရောဂါဖြစ်ကြောင်းပြောဆိုနိုင်ခဲ့လေသည်။
ဝက်သက်၏ ရောဂါပျိုးရက်မှာ ခုနစ်ရက်မှ ၁၈ ရက်အထိ ကြာတတ်သော်လည်း များသောအားဖြင့် ၁၄ ရက်သာကြာလေ့ရှိသည်။ ထိုသို့ ရောဂါပျိုးနေစဉ်တွင် မကူးစက်သေးချေ။ ဝက်သက်ဖြစ်နေချိန်တွင် ကျောင်းများကို ရက်အတော်ကြာသည့်တိုင်အောင်ပင် ဖွင့်ထားနိုင်လေသည်။ ရောဂါကူးစက်ခြင်းကို ချောင်းဆိုရာနှင့်ချေရာတွင် ပါလာလေ့ရှိသော တံတွေးစက်၊ နှာရည်စက်ကလေးများက ဖြစ်စေသည်။
ဝက်သတ်ပေါက်သူတို့၏ ပထမ လက္ခဏာမှာ အအေးမိခြင်းနှင့် ဆင်တူပြီးလျှင် ခေါင်းကိုက်တတ်သည်။ မျက်ရည်နှင့် နှာရည်များလည်း ယို တတ်သည်။ ညနေပိုင်းတွင် ကိုယ်ပူလာပြီးလျှင် လွန်စွာပန်းတတ်သည်။ ချောင်းဆိုးခြင်းနှင့် မျက်စိနီခြင်းများရှိတတ်သည်။ အန်လည်းအန်တတ်သည်။ ထိုသို့ ဖြစ်ပြီးလျှင် များသောအားဖြင့် စတုတ္ထနေ့တွင် မျက်နှာ၌ အဖုများထွက်လာပြီးနောက် ထိုအဖုများသည် လည်ပင်း၊ ရင်ပတ်နှင့် ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားတတ်သည်။ ပထမတွင် နဖူးနှင့်နား၏ နောက်ဘက်များတွင် အနီစက်ကလေးများဖြစ်ပေါ်လာသည်။ ထိုအနီစက်ကလေးများသည် မကြာမီအတွင်း၌ အကွက်များ ဖြစ်လာပြီးလျှင် တစ်ကိုယ်လုံး လိုလိုသို့ ပျံ့နှံ့သွားလေသည်။ များသောအားဖြင့် အဖုများ မထွက်မီတွင် ပါး၏ အတွင်းပိုင်းများ၌ ကျိချွဲမြှေးများပေါ်တွင် ကော့ပလစ် အစက်အစက်များပေါ်ထွက်လာတတ်သည်။ ကော့ပလစ်အစက်များဆိုသည်မှာ ကော့ပလစ်ဆိုသူက စတင်၍တွေ့ရှိခဲ့သော အစက်များဖြစ်၏။ သုံးလေးရက် ကြာသောအခါတွင် အဖုများပျောက်စပြုလာပြီးလျှင် အရေပြားများကွာလေတော့သည်။ ထိုအချိန်၌ ဝက်သက်အပေါက်ခံရသူသည် နာလှန်ထနှေးလျှင် အခြားရောဂါများ ဝင်လာတတ်လေသည်။
ဝက်သက်၌ အဖုများသည် အကွက်လိုက်ပေးတတ်ပြီးလျှင် တစ်ကိုယ်လုံးတွင် ညီညီညာညာထွက်ပေါ်လေ့မရှိချေ။ အနီရောင်မှာလည်း ရင့်သည်။ ပြင်းထန်သည့် ဝက်သက်တွင် အစက်များသည် ညိုမည်းနေ၏။ မျောက်များတွင် ဝက်သက်ပေါက်နေသူ၏ သွေး၊ ချောင်းဆိုးရာတွင်ပါလာသော တံတွေးစက်များ၊ သို့မဟုတ် နှာရည်စက်များကို ထိုးသွင်းပေးလိုက်သောအခါ ဝက်သက်ဖုများ ထွက်ပေါ်လာသည်ကိုတွေ့ရသည်။ ထိုကြောင့် ဝက်သက်ပေါက်နေသူ၏ သွေး၊ ချောင်းဆိုးရာတွင် ပါလာသော တံတွေးစက်များ၊ သို့မဟုတ် နှာရည်စက်များတွင် အလွန်သေးငယ်သည့် ဗိုင်းရပ်ခေါ် ရောဂါပိုးများပါလာသည်မှာ ထင်ရှားသည်။ ရောဂါကိုလည်း ထိုရောဂါပိုးများက ဖြစ်ပေါ်စေသည်မှာထင်ရှားသည်။ ဝက်သက်သည် ကလေးများ၌ ပေါက်လေ့ရှိသော်လည်း အသက်မည်မျှကြီး၍ မည်သည့်လူမျိုးတွင်မဆို ယောက်ျား၊ မိန်းမ မရွေးပေါက်နိုင်လေသည်။ ဝက်သက်သည် တောမြို့များမှာထက် မြို့ကြီးများတွင် ပို၍ပေါက်လေသည်။ မြို့ကြီးများရှိ ကလေးများသည် ဝက်သက်အပေါက် မြန်ကြသော်လည်း တစ်ခါဝက်သက်ပေါက်ဖူးပြီးက ထိုသူသည် နောင်တွင်ထပ်၍ ပေါက်လေ့မရှိ တော့ချေ။ ဝက်သက်ကြောင့် ငါးနှစ်အောက်ကလေးများ အသေများသည်ဟု ဆိုရသော်လည်း ထိုသို့သေကြေရသည်မှာ ဝက်သက်ပေါက်ပြီးစတွင် အခြား ရောဂါများ ဝင်လာခြင်းကြောင့် ဖြစ်လေသည်။
ဝက်သက်ပေါက်သူများသည် များသောအားဖြင့် ထိုရောဂါမှ နာလှန်ထလာကြသူသာများလေသည်။ သို့သော် ဝေဒနာရှင်များကို အထူးဂရုပြု ကြရလေသည်။ ထိုသို့ဂရုပြုကြရခြင်းမှာ အခြားရောဂါများ ဝင်လာတတ်ခြင်းကြောင့်ဖြစ်သည်။ ဝက်သက်ပေါက်၍သေကြရသူများအနက် တစ်ရာလျှင် ကိုးဆယ်မျှလောက်သည် အဆုတ်ရောင်နာဝင်လာခြင်းကြောင့်ဖြစ်သည်။ ပြင်းထန်သည့်ဝက်သက်သည် လူကိုသေစေနိုင်သော်လည်းကံအားလျော်စွာ ထိုရောဂါမျိုးအဖြစ်နည်း ပါးသည်။
ဝက်သက်ဖြစ်မည့်အချိန်တွင် ထိုရောဂါမှ နာလန်ထလာသူ၏ သွေးကြည်ရည်(သွေးငန်ရည်)ကိုသာ ထိုးသွင်းပေးနိုင်လျှင် ဝက်သက်ရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်လေသည်။ အကယ်၍ ဖြစ်လျှင်လည်း သက်သာ
စွာဖြစ်တတ်သည်။ အထူးသဖြင့် ထိုနည်းသည် လေးနှစ်ကျော်ကလေးများအဖို့ အထူးကောင်းမွန်လေသည်။ ခံနိုင်ရည်မရှိသူများသည် ဝက်သက်ကပ်ဆိုက်လာလျှင် ပြင်းထန်စွာခံရတတ်သည်။
အချို့သောမိဘများသည် မိမိတို့၏ကလေးများကို ကလေးအရွယ်တွင် ဝက်သက်ပေါက်က သက်သာလိမ့်မည်ဟုယူဆကြကာ တမင်သက် သက်ဖြစ်စေ၊ အမှတ်မဲ့ဖြစ်စေ မိမိတို့၏ကလေးကို ဝက်သက်ကူးစေလေ့ရှိကြ သည်။ ထိုသို့ပြုလုပ်ခြင်းသည် လွန်စွာမှားယွင်းလေသည်။ အမှန်မှာ ဆယ်နှစ်အရွယ်အထိ ဝက်သက်မပေါက်ဘူးသေးသောကလေးသည် ထို ရောဂါဖြစ်ခြင်းမှ လုံးဝကင်းဝေးနိုင်ပေသည်။ အကယ်၍ ဝက်သက်ပေါက်လျှင်လည်း သက်သက်သာသာနှင့် ပြီးသွားလေ့ရှိသည်။
ဝက်သက်ဖြစ်လာသည့် ကလေးကို သီးခြားထားပေးရလေသည်။ တတ်ကျွမ်းသည့် ဆေးဆရာတစ်ဦးဦးဖြင့်လည်း ကုသပေးရလေသည်။ ကျန်းမာသည့်ကလေးများကို ဝက်သက်ပေါက်နေသော ကလေး၏အနီးသို့ မည်သည့်နည်းနှင့်မျှ မလာစေရချေ ။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)