ပင်မမီနူးကို ဖွင့်ရန်

ဝင်စတန် ချာချီ

(ဝင်စတန်ချာချီ မှ ပြန်ညွှန်းထားသည်)
ဆာ ဝင်စတန် ချာချီ

ဗြိတိန်နိုင်ငံ နိုင်ငံပြုသုခမိန်နှင့် ကျမ်းပြုဆရာ ဝင်စတန်ချာချီသည် အဘလော့ရန်းဒေါ့ချာချီနှင့် အမိအမေရိကန်သူ ဂျင်နီဂျရုံးတို့မှ ခရစ် ၁၈၇၄ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ဟယ်ရိုကျောင်းနှင့် ဆင်းဟတ်စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ၁၈၉၅ ခုနှစ်တွင် စစ်ဘက်သို့ ဝင်ရောက်အမှုထမ်းသည်။ ထိုနှစ်တွင်ပင် စစ်တပ်မှခွင့်ခံ၍ ရရှိသည့်အားလပ်ချိန်တွင် ကျူးဘားကျွန်းသို့ သွားရောက် အမှုထမ်းသည်။ ထိုနှစ်တွင်ပင် စစ်တပ်မှ ခွင့်ခံ၍ ရရှိသည်အားလပ်ချိန်တွင် ကျူးဗားကျွန်းသို့ သွားရောက်၍ စပိန်တို့အား တော်လှန်တိုက် ခိုက်နေသော ကျူးဘားစစ်ပွဲများတွင် စစ်သတင်းထောက်အဖြစ်ဖြင့် သတင်းယူရင်း လည်ပတ်ခဲ့သည်။ ၁၈၉၆ ခုနှစ် တွင် အိန္ဒိယပြည်သို့ သွားရောက် စစ်မှုထမ်းရသည်။ ထိုစဉ်အတွင်း အိန္ဒိယအနောက် မြောက်နယ်စပ်တွင် ဆူပူထကြွမှုများဖြစ်သောကြောင့် မလကန်စစ်ဆင်ရေးမြေပြင်တပ်ဖွဲ့ကို ဗြိတိသျှတို့က ဖွဲ့စည်း၍ နှိမ်နင်းရန် လွှတ်သည်တွင် ချာချီသည် သူ၏တပ်မှ ခွင့်ယူ၍ တစ်ဖန် အင်္ဂလိပ်သတင်းစာများအတွက် စစ်သတင်းထောက် အဖြစ်ဖြင့် လိုက်ပါသွားလေသည်။ ဤအခါတွင်မူ ကိုယ်ထိလက်ရောက် တိုက်ခိုက်ရသည်ကို ကြုံခဲ့လေသည်။ ချာချီသည် သူ၏တပ်သို့ ပြန်လည်အမှုထမ်းရသောအခါ မလကန် စစ်ဆင်ရေးမြေပြင်တပ်ဖွဲ့အကြောင်း မှတ်တမ်းတင်စာအုပ်ကို ရေးသားထုတ်ဝေရာ၊ လူကြိုက်များလေသည်။ ၁၈၉၈ ခုတွင်လည်း အင်္ဂလန်ပြည်၌ ခွင့်နှင့်နေစဉ်၊ ဆူဒန်ပြည်၌ ဒါးဗစ်များ ထကြွနေသည်ကို နှိမ်နင်းရန် ဗိုလ်ချုပ်မှူးကစ်ချနာသည် နိုင်းမြစ်ကို ဆန်တက်၍ စစ်တပ်ချီရာ စစ်သတင်းထောက်အဖြစ်နှင့်ပင် လိုက်ပါသွားသည်။ ထိုစဉ်က ကြုံတွေ့ခဲ့သမျှကို မြစ်ကြောင်းစစ်ပွဲ (သီရီးဗားဝေါ)အမည်ဖြင့် မှတ်တမ်းတင် စာအုပ်တအုပ် ရေးလိုက်ပြန်သည်။ အီဂျစ်မှ ပြန်လာပြီးနောက် ၁၈၉၉ ခုနှစ်တွင် စစ်ဖက်မှ နုတ်ထွက်ခဲ့လေသည်။ ၁၈၉၉ ခုနှစ်မှ ၁၉ဝဝ ပြည့်နှစ်အထိ တောင်အာဖရိကတိုက် ဗိုးဝါးစစ်ပွဲတွင် မောနင်းပို့သတင်းစာအတွက် စစ်သတင်းထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဗိုးဝါးတို့၏ လက်ရဖမ်းဆီးခြင်းကို တစ်ခါခံလိုက်ရသော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့လေသည်။

၁၉ဝဝ ပြည့်နှစ်တွင် အင်္ဂလန်ပြည်သို့ ပြန်လာခဲ့ပြီးလျှင် အိုဒမ်နယ်မှ ကွန်ဆားဗေးတစ်ပါတီဝင် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရသည်မှစ၍ ချာချီသည် နိုင်ငံရေးသမား ဖြစ်လာခဲ့သည်။ ၁၉ဝ၃ ခုနှစ်တွင်၊ ဂျိုးဇက်ချိန်ဗာလိန်၏ ဆိပ်ကမ်းခွန် တိုးတက်ကောက်ခံရေးအဆိုများကို ချာချီသည် အပြင်းအထန် ကန့်ကွက်၍ ကွန်ဆားဗေးတစ်ပါတီမှ ထွက်လိုက်သည်။ ၁၉ဝ၆ ခုနှစ်တွင် အနောက်မြောက် မန်ချက်စတာနယ်မှ လစ်ဗရယ်အဖွဲ့ဝင် လွှတ်တော်အမတ်အဖြစ် ပြန်လည်ရွေးကောက်ခြင်း ခံခဲ့ရပြန်သည်။ ၁၉ဝ၆ ခုနှစ်တွင် ချာချီသည် လစ်ဗရယ်ဝန်ကြီးချုပ် ကင်းဗဲဗန်းနားမန်း၏ အစိုးရအဖွဲ့တွင် ကိုလိုနီနယ်များဆိုင်ရာ ပါလီမန်ဝန်ကလေးအဖြစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး၊ ၁၉ဝ၈ ခုနှစ် တွင် ဝန်ကြီးချုပ်သစ် အက်စကွစ်လက်အောက်တွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖြစ်လာခဲ့လေသည်။ ချာချီသည် အသက် ၃၄ နှစ်တွင် ဝန်ကြီးရာထူးကို ပထမ ၅ ဦး ထွန်းကား၏။ ၁၉၁ဝ ခုနှစ်တွင် ချာချီသည် ပြည်ထဲရေးဝန်ကြီးရာထူးကို ပြောင်းလွဲလက်ခံသည်။ ၁၉၁၁ ခုနှစ်တွင် ဂျာမနီပြည်နှင့် စစ် ဖြစ်မည့်အရိပ်အယောင်များ ပေါ်လာရာ၊ ရေတပ်ဝန်ကြီးအဖြစ်ဖြင့် ပြောင်းလွှဲ အမှုထမ်းရပြန်သည်။ ရေတပ်ဝန်ကြီးအဖြစ်ဖြင့် ချာချီသည် ရေတပ်ကို တိုးချဲ့၍ လက်နက်ကိရိယာများ ပြည့်စုံအောင် တပ်ဆင်စေသည်။ ရေတပ်ဌာနချုပ် စစ်ဦးစီးအဖွဲ့ကိုလည်း ဖွဲ့စည်းသည်။ ရေတပ်သင်္ဘော(၂ သန်း)ဖိုးမျှ အင်္ဂလိုပါးရှင်ရေနံကုမ္ပဏီတွင် အစိုးရအရင်းအနှီး မြှုပ်ခဲ့စေ၏။

ဤကား ချာချီ၏ အမြော်အမြင်ကြီးမှုတစ်ရပ်ပင်တည်း။ ၁၉၁၄ ခုနှစ် နွေရာသီတွင် ရိုးရိုးရေတပ် လေ့ကျင့်ခဏ်းများအစား ရေတပ်ကို တိုက်ပွဲအတွက် အဆင်သင့်ပြုလုပ်ခြင်းကို စမ်းသပ်ခဲ့ရာ၊ ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်တွင် ဗြိတိသျှရေတပ်သည် ချက်ချင်း တိုက်ပွဲဝင်နိုင်ခဲ့၏။ ထို့ကြောင့် ထိုစစ်ကြီးတွင် ဂျာမနီ ရှုံး၍ ဗြိတိန်နှင့် မဟာမိတ်တို့ အနိုင်ရခြင်းမှာ ချာချီ၏ အမြော်အမြင်ရှိမှု၊ ထကြွနိုးကြားမှု၏ကျေးဇူးတစ်ရပ်ဟု ဆိုနိုင်ပေသည်။ သို့ရာတွင် ၁၉၁၅ ခုနှစ်တွင်၊ ရန်သူတူရကီနယ်ဖြစ်သော ဒါးဒနဲရေလက်ကြား ကမ်းပေါ်သို့ ဗြိတိသျှနှင့် အင်ပိုင်ယာတပ်များ တက်ရောက်တိုက်ခိုက်ရန် ချာချီက ရေတပ်ဝန်ကြီးအဖြစ်ဖြင့် စီစဉ်ခဲ့ရာ၊ ဗြိတိသျှတပ်များ မရှုမလှရှုံး၍ တပ်လန်ခဲ့သည်။ ထိုအခါ ဝိုင်းဝန်း အပြစ်တင်ခြင်းကို ခံရပြီးလျှင်၊ ချာချီ၏တန်ခိုး မှိန်သွားသည်။ ထိုအခိုက်တွင် လစ်ဗရယ်ပါတီအစိုးရသည် ကွန်ဆားဗေးတစ်ပါတီနှင့် ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းလိုရာ၊ ကွန်းဆားဗေးတစ်ပါတီခေါင်းဆောင် ဗိုနာလောက ချာချီကို ရေတပ်ဝန်ကြီးရာထူးမှ ပယ်ရှားပေးရမည်ဟု တောင်းဆိုလိုက်လေသည်။ ထိုတောင်းဆိုချက်အတိုင်း ဝန်ကြီးချုပ် အက်စကွစ်က ချာချီအား ဝန်ကလေးရာထူးတစ်ခုဖြစ်သော လက်ကက်စတာနယ်မှူးအဖြစ်သို့ ပြောင်းလွှဲလိုက်၏။

ထိုသို့ ဝန်ကြီးမှ ဝန်ကလေးအဖြစ်သို့ ရာထူးအပြောင်းခံရသော ချာချီသည် ၁၉၁၅ ခု နိုဝင်ဘာလတွင် ရာထူးမှ နုတ် ထွက်ပြီးလျှင် ဗဲလဂျီယမ်စစ်မျက်နှာသို့ သွားရောက်၍ ဒုတိယ ဗိုလ်မှူးကြီးအဖြစ်ဖြင့် စစ်မှုထမ်း ပြန်သည်။


၁၉၁၆ ခုနှစ်ကုန်ခါနီးတွင် ပါလီမန်သို့ တစ်ဖန်ပြန်လာပြီးလျှင် ၁၉၁၇ ခုနှစ်တွင် ဝန်ကြီးချုပ်သစ် လွိုက်ဂျော့က ချာချီအား လက်နက်တိုက်ဝန်ကြီးအဖြစ် ခန့်လိုက်၏။ ၁၉၁၉ ခု၊ စစ်ကြီးပြီးဆုံးသောအခါ ချာချီသည် စစ်ဝန်ကြီး ဖြစ်လာ၍ ၁၉၂၁ ခုနှစ်တွင် ကိုလိုနီနယ်များဆိုင်ရာ ဝန်ကြီး ဖြစ်လာသည်။ ၁၉၂၂ ခုနှစ် ရွေးကောက်ပွဲတွင် လစ်ဗရယ်ပါတီမှ နုတ် ထွက်၍ ပါလီမန်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ အရွေးခံရသည်။ ၁၉၂၄ ခုနှစ်မှ ၁၉၂၉ ခုနှစ်အထိ (ရွှေတိုက် စိုးဝန်ကြီး) ဘဏ္ဍာရေးဝန်ကြီးအဖြစ် ထမ်းရွက်သည်။ ၁၉၃၁ ခုနှစ်တွင် ဖွဲ့စည်းသော အမျိုးသားအစိုးရအဖွဲ့တွင်မူ အိန္ဒိယပြည်အရေး၊ လက်နက်တပ်ဆင်ရေး၊ ချိန်ဗာလိန်၏ ဟစ်တလာကို လိုက်လျောရေးဝါဒတို့နှင့် စပ်လျဉ်း၍ ချာချီသည် ကွန်ဆားဗေးတစ်တို့နှင့် သဘောကွဲလွဲမှုကြောင့် ပါဝင်ခွင့် မရခဲ့ချေ။

၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာသောအခါ ချာချီသည် ရေတပ်ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရပြန်သည်။ ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ်ဖြင့် ထမ်းရွက်သည်။ ထိုစဉ်က ညွန့်ပေါင်းအစိုးရကို ဦးစီးရွက်ဆောင်ခဲ့သော ချာချီအား စစ်ဆင်မှုရေးရာ၌ ကျွမ်းကျင်သူ နိုင်ငံရေးသုခမိန်အဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့ရလေသည်။

၁၉၄၁ ခုနှစ် ဩဂုတ်လတွင် ချာချီသည် သမ္မတ ရူးဇဗဲ့နှင့် ဗြိတိန်၏ စစ်ရည်ရွက်ချက်များကို ထုတ်ဖော်သော အတ္တလန္တိတ်စာတမ်းကို လက်မှတ်ထိုး ကျေညာခဲ့၏။ ထိုနှစ် ဒီဇင်ဘာလတွင် ဂျပန်က စစ်ကျေညာပြီးနောက် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာစစ်ထဲသို့ ပါဝင်လာရာ အမေရိကန်ကွန်ဂရက် လွှတ်တော်အား ချာချီသည် မိန့်ခွန်းပြောကြားခဲ့လေသည်။ ချာချီသည် ဝါရှင်တန်၊ ကာဆာဗလန်ကာ၊ ကိုင်ရို၊ မောစကိုနှင့် တဟီရန်းမြို့များသို့ သွားရောက်၍ မဟာမိတ်စစ်ဆင်ရေးအတွက် မဟာမိတ်ရှေ့တန်းခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့လေသည်။ မဟာမိတ်တို့ စစ်အောင်နိုင် ရေးတွင် ချာချီသည် အရေးပါဆုံး ဆောင်ရွက်ခဲ့သည်ဟုပင် အဆိုရှိလေသည်။ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတ ရူးဇဗဲ့၊ စတာလင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုနှစ် မေလ ၈ ရက်နေ့တွင် ဂျာမနီသည် ခြွင်းချက်မရှိ လက်နက်ချကြောင်း ကျေညာခဲ့၏။ ထိုလထဲတွင် ညွန့်ပေါင်းအစိုးရကို ဖျက်သိမ်း သော ကွန်ဆားဗတစ်များ၏ အိမ်စောင့်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ဇူလိုင်လ ရွေးကောက်ပွဲကြီးတွင် ကွန်ဆားဗတစ်များ အရေးနိမ့်သောကြောင့် ချာချီသည် ရာထူးမှ နုတ်ထွက်လိုက်ရသည်။ ထို့နောက် အတိုက်အခံ ခေါင်းဆောင် အဖြစ် ဆောင်ရွက်ခဲ့၏။ ၁၉၄၆ ခုနှစ်တွင် အောဒါးအော့မဲရစ်ခေါ် ဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံခဲ့ရသည်။

၁၉၅ဝ ပြည့်နှစ် ရွေးကောက်ပွဲကြီးတွင် ချာချီခေါင်းဆောင်သော ကွန်ဆားဗေးတစ်ပါတီသည် သိုးကာ သီကာဖြင့် တစ်ဖန် ရှုံးနိမ့်ခဲ့ရသော်လည်း ၁၉၅၁ ခုနှစ်တွင်ကား အနိုင်ရခဲ့သဖြင့် ချာချီသည် ဝန်ကြီးချုပ် ဖြစ်ပြန်လေသည်။ ၁၉၅၃ ခု ဧပြီလ ၂၄ ရက်နေ့တွင် ချာချီသည် ဆာဘွဲ့ဖြင့် သူကောင်းပြုခြင်းကို ခံရသည်။ ချာချီသည် ၁၉၅၃ ခုနှစ် နိုဘယ်ဆုကို လက်ခံရရှိသည်။ အသက် ၈၁ နှစ်ရှိပြီးဖြစ်သော ချာချီသည် ၁၉၅၅ ခု၊ ဧပြီလ ၅ ရက်နေ့တွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်အနားယူလိုက်လေသည်။

ချာချီသည် နိုင်ငံပြုသုခမိန်အဖြစ်လည်းကောင်း၊ အပြောအဟောကောင်းသူအဖြစ်လည်းကောင်း၊ ထင်ရှားရုံမျှမက စာရေးဆရာအဖြစ်နှင့်လည်း ရှေ့တန်းမှလိုက်ခဲ့သူ ဖြစ်လေသည်။ သူပထမဆုံး ရေးခဲ့သော စာအုပ်များမှာ သူပါဝင်ဆင်နွဲခဲ့ရသော စစ်ပွဲများအကြောင်း စာအုပ်များ ဖြစ်၏။ ၁၉ဝ၆ ခုနှစ်တွင် ထုတ်ဝေခဲ့သော သူ့ဖခင်၏ အတ္တုပ္ပတ္တိမှာ ကျော်ကြားလှ၏။ သူ၏ ကမ္ဘာ့အရေးတကြီး အခြေအနေ (သီဝါးခရိုက်ဆစ်)ခေါ်စာအုပ် (၄ အုပ်တွဲ)မှာ ပထမကမ္ဘာစစ်သမိုင်းပင် ဖြစ်၏။ မာလဗာရာခေါ် စာအုပ်မှာ အထင်ရှားဆုံးလက်ရာ ဖြစ်သည်။ သူ၏မိန့်ခွန်းများကို စုပေါင်းထုတ်ဝေသော စာအုပ်များလည်း ရှိသည့်အပြင် ဒုတိယကမ္ဘာစစ်ကြီး မှတ်တမ်း (ဝေါမင်မွာ)ကို ၁၉၄၈ ခုနှစ်က ထုတ်ဝေခဲ့လေသည်။ ချာချီပြုစုရေးသားသော အောင်မြင်မှုနှင့် ဆုံးရှုံးမှုများ (ထရိုင်းအန့်အင်ထရက်ဂျက်စီ) စာအုပ်မှာ ၁၉၅၃-၅၄ ခုအတွက် အရောင်းရဆုံး စာအုပ်တစ်အုပ် ဖြစ်ခဲ့သည်။

ချာချီသည် ပန်းချီပညာတွင်လည်း လက်မြောက်သူတစ်ဦး ဖြစ်ရကား ၁၉၄၇ ခုနှစ်တွင် သူရေးဆွဲသော ပန်းချီကား ၂ ချပ်၊ ၁၉၄၈ ခုနှစ်တွင် ၃ ချပ် တော်ဝင်အနုပညာတံခွန်အသင်းတွင် ချိတ်ဆွဲခံရ၍ ချာချီအား လည်း ၁၉၄၈ ခုနှစ်တွင်ပင် ယင်းအသင်းသို့ ဂုဏ်ထူးဆောင်တော်ဝင်အနုပညာကျော်အဖြစ် ရွေးချယ် တင်မြှောက်၍ ချီးကျူးခြင်းခံရလေသည်။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)