ဝင်္ဂီသ
အရှင်ဝင်္ဂီသသည် မြတ်စွာဘုရားရှင်၏ သာသနာတော်တွင် ကဗျာဖွဲ့ဆိုရာတွင် ဧတဒဂ်ရ ရဟန္တာတစ်ပါး ဖြစ်သည်။[၁]
ဝင်္ဂီသ၏ စွမ်းရည်
ပြင်ဆင်ရန်ဝင်္ဂီသည် ရာဇဂြိုဟ်ပြည်သား ပရိဗိုဇ်တစ်ဦး ဖြစ်၏။ ဝေဒသုံးပုံကို တတ်ကျွမ်း၏။ ထို့ပြင် သေသူ၏ ဦးခေါင်းကို ခေါက်ကာ ထိုဦးခေါင်းရှင်၏ လားရာဘုံဘဝကို ပြောပြနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်၏။ ထို့ကြောင့် ဝင်္ဂီသ၏ ဂုဏ်သတင်းသည် ရာဇဂြိုဟ်တွင် အထူးကျော်ကြားလျက်ရှိ၏။[၁]
ဘုရားရှင်နှင့် တွေ့ဆုံခြင်း
ပြင်ဆင်ရန်တစ်နေ့သောအခါတွင် ဝင်္ဂီသသည် မြတ်စွာဘုရားရှင်ထံသို့ ရောက်၏။ ထို့နောက် မြတ်စွာဘုရားရှင်သည် ဦးခေါင်းခွံငါးခုကို ပြကာ မည်သူ၏ ဦးခေါင်းခွံဖြစ်သည်ကို မေး၏။ ဝင်္ဂီသလည်း ပထမလေးခုကိုသာ အမှန်ဖြေနိုင်၏။ နောက်ဆုံးတစ်ခု၏ အဖြေမှန်ကိုကား မဖြေနိုင်ပေ။ ထိုနောက်ဆုံး ဦးခေါင်းခွံသည် ရဟန္တာတစ်ပါး၏ ဦးခေါင်းခွံ ဖြစ်၏။
ထို့နောက် ဝင်္ဂီသသည် မြတ်စွာဘုရားရှင်ထံတွင် မြင့်မြတ်သော ရဟန်းပြုတော်မူ၏။ ဝင်္ဂီသ၏ ဥပဇ္ဈာယ်ဆရာမှာ နိဂြောဓကပ္ပမထေရ် ဖြစ်သည်။[၁]
ကဗျာစွမ်းရည်
ပြင်ဆင်ရန်တစ်နေ့သောအခါ အရှင်ဝင်္ဂီသသီတင်းသုံးရာ အဂ္ဂါလဝကျောင်းသို့ အမျိုးသမီးများသည် တန်ဆာများကို ဆင်ယင်ကာ လာကြ၏။ ထိုသို့လာကြသည်ကို တွေ့သောအခါ ဝင်္ဂီသ၏ နှုတ်မှ ဂါထာအဖွဲ့များ ထွက်ပေါ်လာ၏။ ထိုအမျိုးသမီးများကို တပ်မက်သောစိတ်ပေါ်လာသဖြင့် ဖွဲ့ဆိုခြင်း မဟုတ်ပေ။
တစ်နေ့သောအခါတွင်လည်း ဝင်္ဂီသသည် အရှင်အာနန္ဒာ ၏ နောက်တော်ပါးမှနေ၍ သာဝတ္ထိမြို့အတွင်းသို့ ဆွမ်းခံကြွသည်။ ရာဂမကုန်သေးသော အရှင်ဝင်္ဂီသသည် အဆန်းတကြယ်ဖြစ်နေသော သူ၏ စိတ်ကို ဂါထာများဖွဲ့ကာ ရေးသားစီကုံး၏။[၁]
ဧတဒဂ်ရခြင်း
ပြင်ဆင်ရန်တစ်နေ့သောအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား အင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားကိုသာ ပြောဆိုအပ်ကြောင်း မိန့်ကြား၏။ ထိုအခါ ဝင်္ဂီသသည် ထိုင်ရာမှ ထလျက် မိမိနားလည်ပြီဖြစ်ကြောင်း မြတ်စွာဘုရားရှင်အား လျှောက်ထား၏။ ထို့နောက် မြတ်စွာဘုရားက မည်သည့်အရာကို နားလည်သနည်းဟု မေးသည့်အခါတွင် မြတ်စွာဘုရား၏ ရှေ့တွင်ပင် ဂါထာအဖွဲ့များကို ရွတ်ဆိုသည်။
ထို့နောက် မြတ်စွာဘုရားသည် အရှင်ဝင်္ဂီသအား ထိုဂါထာများကို စဉ်းစားဖွဲ့ဆိုခြင်း ဖြစ်သလားဟု မေးရာ။ ထိုသို့ စဉ်းစားကာ ဖွဲ့ဆိုခြင်းမဟုတ်ဘဲ ရုတ်ချည်းဖွဲ့ဆိုခြင်း ဖြစ်သည်ဟု လျှောက်ထား၏။ ထိုသို့လျှောက်ထားပြီးသော် ဝင်္ဂီသသည် နောက်ထပ်ဂါထာအဖွဲ့များကို ဖွဲ့ဆိုသည်။
ထို့နောက် မြတ်စွာဘုရားသည် အရှင်ဝင်္ဂီသအား ကဗျာဂါထာဖွဲ့ဆိုရာတွင် အသာဆုံးအမြတ်ဆုံး ဧတဒဂ်ကို ပေးတော်မူခဲ့သည်။ အရှင်ဝင်္ဂီသသည် အရဟတ္တဖိုလ်ရ၍ ရဟန္တာဖြစ်သည့်အခါ မိမိခံစားရသော စိတ်ကြည်နူးချမ်းသာမှုတို့ကိုပင် ဂါထာဖွဲ့များဖြင့် ဥဒါန်းကျူးရင့်ခဲ့သည်။[၁]