ဝန်းကျင်ဝန်၏ လုပ်ငန်းဆောင်တာကို တိကျသေချာစွာ မသိရှိရပေ။ နန်းတော်ဝန်းကျင် လုံခြုံရေးတာဝန်ယူရသူ ဖြစ်မည်ထင်ပါသည်။ ညောင်ရမ်းခေတ် နောင်ကာလက ဝန်းကျင်မြဲ ဟူသော ရာထူးမှာ ကုန်းဘောင်ခေတ်ဦးသို့ ရောက်ရှိလာသောအခါ ဝန်အဆင့်သို့ တိုးမြှင့်လျက် ဝန်းကျင်ဝန်ဖြစ်လာဟန်ရှိ ပါသည်။ ညောင်ရမ်းခေတ်က နန်းတော်ဝန်းကျင်တွင် တာဝန်ကျ အမှုထမ်း ၂၁ ဦးအား ဝန်းကျင်မြဲက အုပ်ချုပ်ကွပ်ကဲရရာ ဝန်းကျင်ဝန်ရာထူးမှာလည်း အလားတူ ဖြစ်ဟန်ရှိ၏။

ကုန်းဘောင်ခေတ်ဦးကာလ ပြင်ဆင်ရန်

အလောင်းမင်းတရား (၁၇၅၂-၁၇၆၀) လက်ထပ်တွင် ဝန်းကျင်ဝန်ရာထူး ရှိနေပြီး ဖြစ်သော်လည်း မည်သူမည်ဝါဟူ၍ မသိရပေ။ အလောင်းမင်းတရား လက်ထက် သို့မဟုတ် ဒီပဲယင်းမင်း (နောင်တော်ကြီး) (၁၇၆၀-၁၇၆၃)လက်ထက်တွင် ဝန်းကျင်ရာထူးရရှိခဲ့သူမှာ စည်သာမင်းကြီး ဦးစည်းစိမ်၏ တူ ဦးထွေး ဖြစ်သည်။

မြေဒူးမင်းလက်ထက် ပြင်ဆင်ရန်

မြေဒူးမင်း (ဆင်ဖြူရှင်) နန်းတက်စတွင် နရာဇေယကျော်ထင် အား ဝန်းကျင်ဝန်အရာခန့်အပ်ခဲ့၏။ ဝန်းကျင်ဝန် အရာခန့်အပ်ခဲ့၏။ ဝန်းကျင်ဝန် နရာဇေယကျောင်ထင်သည် ၁၅ စက်တင်ဘာ ၁၇၆၄ တွင် အဘယသကြင်န် ဦးစီးသော ၅၀ တော် သွေးသောက်အဖွဲ့၌ ပါဝင်ခဲ့ပါသည်။ ဝန်းကျင်ဝန် နရာဇေယကျော်ထင်၏ ရာထူးကို သီရိကျော်သူက ဆက်ခံခဲ့သည်။

ဝန်းကျင်ဝန် သီရိကျော်သူ ပြင်ဆင်ရန်

သီရိကျော်သူ သည် ဒီပဲယင်းမင်း (နောင်တော်ကြီး) လက်ထက် ဘထွေးတော် တောင်ငူမင်းသား၏ သံတော်ခံ ဖြစ်သည်။ တောင်ငူမင်းသား တော်လှန်ပုန်ကန်မည့် အကြောင်း ကြိုတင်သတင်းပို့နိုင်သဖြင့် ဘုရင်မင်းမြတ်၏ ယုံကြည်အားကိုးမှုကို ခံခဲ့ရ၏။ မြေဒူးမင်းလက်ထက် နှောင်းပိုင်းတစ်လျှောက် ဝန်းကျင်ဝန်ဖြစ်ခဲ့သည့်အပြင် သမီးဖြစ်သူ ရှင်ရွှေဥမှာလည်း မြေဒူးမင်း၏ မိဖုရားတစ်ပါး ဖြစ်လာခဲ့ပါသည်။ စဉ့်ကူးမင်းလက်ထက် ၁၇၈၂ ခုနှစ် နှစ်ပိုင်းတွင် ဖောင်ကားစား မောင်⁠မောင်၏ တပ်များ အင်းဝကို တိုက်ခိုက်သိမ်း ပိုက်လိုက်သောအခါ ဝန်းကျင်ဝန်မှာ စဉ့်ကိုင်သို့ ရောက်ရှိနေပါသည်။ မကြာမီ ဖောင်ကားစား၏ တပ်များ လိုက်လံတိုက်ခိုက်ခဲ့ရာ ဝန်းကျင်ဝန် ကျောက်မြောင်းသို့ ထွက်ပြေးခဲ့ရ၏။

ဗဒုံမင်း လက်ထက် ပြင်ဆင်ရန်

၁၇၈၂ ခုနှစ် ဗဒုံမင်းနန်းတက်လာပြီးနောက် ၁၂ ဇွန် ၁၇၈၄ ခုနှစ် ဗုဒ္ဓဘိသိက် အခမ်းအနားအပြီးတွင် ဝန်းကျင်ဝန်အား နေမျိုးရန္ဒသူဘွဲ့ ပေးအပ်ခဲ့သည်။

ဝန်းကျင်ဝန် ဦးပေ ပြင်ဆင်ရန်

စစ်ကိုင်းမင်း (ဘကြီးတော်) လက်ထက်တွင် ရွှေတောင်ဇေယျသူဘွဲ့ခံ ဦးပေအား ဝန်းကျင်ဝန်အရာခန့်အပ်ခဲ့ပါသည်။ ဦးပေသည် စစ်ကိုင်းမင်း၏ အမှုထမ်းဟောင်းဖြစ်ပြီး နောင်အတွင်းဝန် ၊ ဝန်ကြီးရာထူးများ တိုးမြှင့်ခန့်အပ်ခံခဲ့ရ၏။ ၁၈၂၆ ခုနှစ် ရန္တပိုစာချုပ် ချုပ်ဆိုစဉ် လက်ကိုင်းမြို့စား ဝန်ကြီးအဖြစ် ပါဝင် လက်မှတ်ရေးထိုးခဲ့၏။

ဝန်းကျင်ဝန် ဦးဘဲ ပြင်ဆင်ရန်

ပုဂံမင်း (၁၈၄၆-၁၈၅၂)လက်ထက် ဝန်းကျင်ဝန်မှာ စားတော်ကွမ်း ရေကိုင်လည်းဖြစ်သူ ဦးဘဲ ဖြစ်သည်။ ဦးဘဲသည် ပုဂံမင်းလက်ထက်တစ်လျှောက် ဝန်းကျင်ဝန်အရာဖြင့် အမှုထမ်းခဲ့ရပြီး မင်းတုန်းမင်း နန်းတက်လာသောအခါ နေမျိုးသိင်္ခကျောင်ထင်ဘွဲ့ဖြင့် တရုတ်ဝန် ဖြစ်လာခဲ့သည်။

နောက်ဆုံး ဝန်းကျင်ဝန် ပြင်ဆင်ရန်

သီပေါမင်း (၁၈၇၈-၁၈⁠၈၅)လက်ထက် နောက်ဆုံးခန့်အပ်ခံခဲ့ရသူ ဝန်းကျင်ဝန်မှာ ဦးဖိုးတူ ဖြစ်ဟန်ရှိပါသည်။ ဝက်မစွတ်ဝန်ထောက် ဦးလတ်၏ နေ့စဉ်မှတ်တမ်းအရ ၁၄ ဇွန် ၁၈⁠၈၇ ခုနှစ်တွင် ဝန်းကျင်ဝန်ထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း ဖော်ပြပါရှိပါသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉