ဝပ်ဖနွမ်

ကမ္ဘောဒီးယားနိုင်ငံရှိ ဗုဒ္ဓဘာသာဘုရားကျောင်းအစု

ဝပ်ဖနွမ်သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်တွင် တည်ရှိသော ဗုဒ္ဓဘာသာဝပ်ဘုရားကျောင်းတစ်ခု ဖြစ်သည်။ ဝပ်ဖနွမ် ဟူသော ဝေါဟာရသည် ခမာဘာသာစကားဖြင့် တောင်ပေါ်ဘုရား ဟု အဓိပ္ပာယ်ရသည်။ ၁၃၇၃ ခုနှစ်တွင် တည်ထားခြင်း ဖြစ်သည်။ ဉာဏ်တော် ၂၇ မီတာ (၈၈.၅ ပေ) မြင့်သည်။ ဖနွမ်းပင်မြို့တွင် အမြင့်မားဆုံးသော ဘာသာရေးအဆောက်အအုံလည်း ဖြစ်သည်။ ဘုရား၏ဘွဲ့အမည်အပြည့်အစုံမှာ ဝပ် ဖယားရ် ချေဒီဘိုရာပွတ်ဖြစ်သည်။ ဖနွမ်းပင်မြို့၏ အလယ်ဗဟိုချက်တွင် တည်ရှိသည်။

ဝပ်ဖနွမ်မှမြင်ကွင်း
ဆီဆိုဝတ်ဘုရင်၏ ရုပ်တု

သမိုင်း ပြင်ဆင်ရန်

ဒဏ္ဍာရီများအဆိုအရ ငွေကြေးချမ်းသာကြွယ်ဝသည့် ဒေါင်န်ပင်အမည်ရှိ မုဆိုးမတစ်ဦးသည် မြစ်အတွင်းတွင် ကြီးမားသောကိုကီပင်တစ်ပင်ကို တွေ့လေသည်။ သူသည် ယင်းအပင်၏အတွင်းတွင် ကြေးဗုဒ္ဓရုပ်ပွားတော်လေးဆူကို တွေ့လေသည်။ လေဒီပင်သည် ရွာထဲမှရွာသူရွာသားများအကူအညီဖြင့် တောင်ကုန်းအတုတစ်ခုကို တည်ဆောက်ကာ ယင်း တောင်ကုန်းအတုပေါ်တွင် စေတီငယ်တစ်ဆူကို တည်လိုက်သည်။ ယင်းစေတီငယ်တွင်းတွင် ဆင်းတုတော်များကို ပူဇော်ထားရှိသည်။ မကြာမီမှာပင် အဆိုပါနေရာသည် အထွတ်အမြတ်ထားရာနေရာဖြစ်လာပြီး အများပြည်သူများက ဆုမွန်တောင်းရာ၊ ရှိခိုးပူဇော်ရာနေရာတစ်ခု ဖြစ်လာသည်။

 
စေတီဆီသို့ ဦးတည်သွားရာ အဓိကလှေကား

၁၄၃၇ခုနှစ်၊ မြွေနှစ်တွင် ဘုရင်ပွန်ဟီယာရ်ရက်က သူ၏နန်းရင်းဝန် ဒီချိုဆရီအား တောင်ကုန်းကို အမြင့်ပိုမြှင့်ရန် အမိန့်တော်ချမှတ်လိုက်သည်။ ဘုရင်မင်းမြတ်သည် မြို့တော်သစ်တစ်ခုကို တည်လိုက်ပြီး ယင်းမြို့တော်ကို ခရွန်ချခ့်တိုမော့ခ်မွန် ကိုးလ်ဟု အမည်ပေးလိုက်သည်။ သို့သော် မြို့အမည်ကို ဖနွမ်းပင်ဟု လူသိများသည်။ ဘုရင်က မြို့တော်ရှိ တော်ဝင် နန်းတော်အသစ်ကို တည်ဆောက်ပြီးစီးချိန်တွင် အဆိုပါအမိန့်တော်ကို ချမှတ်လိုက်ခြင်း ဖြစ်သည်။ ဘုရားဝတ္တကမြေ၏ အနောက်ဘက်တွင် စေတီတစ်ဆူကို အလျင်အမြန်တည်လိုက်ပြီး ယင်းစေတီအတွင်းတွင် ဘုရင်နှင့်တော်ဝင်မိသားစု၏ အရိုးပြာများကို ထားရှိသည်။

 
ဘုရားကျောင်း၏အတွင်းနံရံဆေးရေးပန်းချီများ

ဝပ်ဖနွမ်သည် ခမာနှစ်သစ်ကူးပွဲတော်အတွင်း အဓိကပွဲများ ဆင်နွှဲကျင်းပရာနေရာလည်း ဖြစ်သည်။

ဗိသုကာ ပြင်ဆင်ရန်

ဘုရားဝတ္တကမြေသည် ၁၉ ရာစုအတွင်းတွင် အကြိမ်များစွာ ပြန်လည်တည်ဆောက်ခဲ့သည်။ ၁၉၂၆ ခုနှစ်တွင်လည်း ပြန်လည်တည်ဆောက်ခဲ့သေးသည်။ အတွင်းခန်းမထဲရှိ ပလ္လင်တော်ပေါ်တွင် ထိုင်တော်မူ ကြေးဆင်းတုတော်ကြီးတစ်ဆူရှိပြီး ပတ်ပတ်လည်တွင် အခြားသောဆင်းတုတော်များ၊ ပန်းများ၊ ဖယောင်းတိုင်များနှင့် အခြားပူဇော်စရာ ပစ္စည်းများဖြင့် ဝန်းရံထားသည်။ နံရံတွင် ဆေးရေးပန်းချီများဖြင့် ရေးခြယ်ထားပြီး အဆိုပါဆေးရေးပန်းချီများမှာ ဗုဒ္ဓ၏ အတိတ်ဘဝဇာတ်လမ်းများဖြစ်သော ဇာတကဇာတ်တော်များကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။ ယင်းအပြင် ရာမာယဏ ၏ခမာမူဖြစ်သော ရီရာမ်ခါရ်မှ ဇာတ်လမ်းများကိုလည်း ဆေးရေးပန်းချီများဖြင့် သရုပ်ဖော်ထားသည်။ အောက်ဘက် နံရံများတွင် သရုပ်ဖော်ထားသော နံရံဆေးရေးပန်းချီများသည် ပိုမိုသစ်လွင်သည်။

ဝိဟာရနှင့် စေတီ၏ အနောက်တောင်ထောင့်တွင် ဝပ်ဖနွမ်ကိုတည်သောအမျိုးသမီးဖြစ်သည့် လေဒီပင်အတွက် ဗိမာန်ငယ် တစ်ခု တည်ထားသည်။ ယင်းဗိမာန်ရှေ့တွင် သဒ္ဒါကြည်ညိုသောဆုတောင်းသူများ ယူဆောင်လာသည့် ပူဇော်စရာပစ္စည်း များ ရှိလေသည်။

ဝပ်ဖနွမ်သည် ခရီးသွားရုပ်သံလိုင်း၏ မှတ်တမ်းအစီအစဉ်ဖြစ်သော သင်မသေမီသွားရောက် သင့်သည့်နေရာတစ်ထောင် အစီအစဉ်တွင် ပါဝင်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်