ဝါနှင့်ဂွမ်း
ဝါခြည်မျှင်ဖြင့် ရက်လုပ်သော အထည်အလိပ်သည် ယခုအထိ ခေတ်မတိမ်သေး။ ဝါဂွမ်းရရှိသော ဝါပင်သည် မည်သည့်နိုင်ငံ၌ ပထမဦးဆုံးပေါက်ရောက်သည်။ ပထမဦးဆုံး အသုံးပြုခဲ့သည်ဟူသောအချက် ကို အတိအကျ ဆုံးဖြတ်ရန် ခဲယဉ်းသော်လည်း အိန္ဒိယနိုင်ငံတွင် ခရစ် မပေါ်မီကပင် ချည်ထည်များကို အသုံးပြုနေပြီဖြစ်ကြောင်း အထောက် အထားများတွေ့ရသည်။ စီးပွားရေးလောက၌ အရေးပါလှသော ဝါသည် အမျိုးမျိုးအဖုံဖုံဖြစ်၍ မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းသော ဝါမျိုးများ အကြောင်းကိုလည်းကောင်း၊ ဝါနှင့် ဝါစေ့တို့မှ ထုတ်လုပ်နိုင်သော လူသုံး ပစ္စည်းများအကြောင်းကိုလည်းကောင်း စုံစုံလင်လင် ဖတ်ရှုရပေမည်။
ဝါ | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
ဒိုမိန်း: | Eukarya
|
လောက: | Plantae
|
မျိုးပေါင်းစု: | Magnoliophyta
|
မျိုးပေါင်း: | Magnoliopsida
|
မျိုးစဉ်: | Malvales
|
မျိုးရင်း: | Malvaceae
|
မျိုးစု: | Gossypium
|
ဝါ(ဂွမ်း)။ ။ ဝါပင်၏ ဝါသီးမှရရှိသော နုနုဖပ်ဖပ် အမွေးအမျှင်ထွေး ကို အစေ့မထုတ်မီ ဝါ သို့မဟုတ် ဝါပေါက်ဟုခေါ်၍ အစေ့ထုတ်ပြီးလျှင်မူ ဂွမ်း သို့မဟုတ် ဝါဂွမ်းဟုခေါ်သည်။ ကမ္ဘာလူဦးရေ လေးပုံသုံးပုံခန့်သည် ဝါဂွမ်းမှ ထုတ်လုပ်သော ဝါချည်မျှင်တို့ဖြင့် ရက်လုပ်သည့် ချည်ထည် အဝတ်အစားတို့ကို ဝတ်ဆင်ကြသည့် အချို့ရေးသားချက်များတွင် ဖော်ပြ ထားသည်။ ဝတ်စားဆင်ယင်ရေးအတွက် ပိုး၊ ဖဲ၊ သက္ကလတ်၊ နိုင်လွန် စသည့် အထည်အလိပ် အမျိုးမျိုးရှိသော်လည်း ကျန်းမာရေးနှင့် ညီညွတ် ခြင်း၊ ငွေကြေးအနည်းငယ်မျှနှင့်လည်း ဝယ်ယူနိုင်၍ လူအများစု လက်လှမ်း မီသော အထည်အလိပ်မျိုးလည်း ဖြစ်ခြင်းတို့ကြောင့် ချည်ထည်များကို ယခု တိုင် လူသုံးများလျက်ပင် ရှိနေလေသည်။
ဝါဂွမ်းရရှိသော ဝါပင်သည် မည်သည့်နိုင်ငံ၌ ပထမဆုံးပေါက် ရောက်သည်။ မည်သည့်နိုင်ငံသည် ဝါဂွမ်းကို ပထမဆုံး အသုံးပြုခဲ့သည် ဟူသော အချက်ကို အတိအကျဆုံးဖြတ်ရန် ခဲယဉ်းပေသည်။ သို့သော် အိန္ဒိယနိုင်ငံတွင် ခရစ်မပေါ်မီ နှစ်ပေါင်း ၁၅ဝဝ ခန့်ကပင် ချည်ထည်များ ကို အသုံးများနေပြီဖြစ်ကြောင်း အထောက်အထားများ တွေ့ရသည်။ ၁၉၂ဝ ပြည့်နှစ်တစ်ဝိုက်တွင် ရှေးမြို့ဟောင်းကြီးများမှ တူးဖော်တွေ့ရှိချက်များအရ အိန္ဒိယနိုင်ငံတွင် ခရစ်မပေါ်မီ အနှစ် ၃ဝဝဝ ခန့်ကပင် ချည်မျှင်ကို အထည်အလိပ်နှင့် ကြိုးအမျိုးမျိုး ပြုလုပ်ရာ၌ အသုံးပြုခဲ့ကြောင်း သိရ သည်။ ခရစ်နှစ် ၁၅ဝဝ ခန့်တွင် အိန္ဒိယနိုင်ငံသည် ချည်ထည်လုပ်ငန်း၏ အချက်အချာနိုင်ငံတစ်နိုင်ငံ ဖြစ်နေလေပြီ။ အိန္ဒိယနိုင်ငံမှတစ်ဆင့် ဝါပင် စိုက်ပျိုးခြင်း၊ ဝါချည်မျှင်ဖြင့် အထည်အလိပ်များ ရက်လုပ်ခြင်းအတတ်သည် ပါးရှား (အီရန်)၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့သို့ ရောက်ရှိသွားသည်။ တရုတ် နှင့် ဂျပန်နိုင်ငံတို့တွင် ပိုးထည်လုပ်ငန်းလည်း ထွန်းကားနေပြီဖြစ်၍ ချည် ထည်လုပ်ငန်းသည် ယင်းလုပ်ငန်းကို ထိုးဖောက်ကြီးထွားခဲ့ရလေသည်။ ဟီရော ဒိုးတပ်နှင့် ပလင်နီတို့၏ မှတ်တမ်းများ၌ ဝါချည်မျှင် အသုံးချနည်းကို ရှေးဂရိနှင့် ရောမတို့လည်း သိနားလည်ကြကြောင်း ဖော်ပြ ထားသည်။ ကိုလံဗပ်သည် ကမ္ဘာသစ် (အမေရိကတိုက်)သို့ ရောက်သွားစဉ် က တိုင်းရင်းသားတို့သည် ဝါဂွမ်းကို အသုံးပြုလျက်ရှိကြောင်း တွေ့ခဲ့ရ သည်။ မက္ကဆီကိုနှင့် ပီးရူးနိုင်ငံများကို ရှာဖွေတွေ့ရှိခဲ့သော ရေသစ် မြေ သစ်ရှာ အာဇာနည်များသည်လည်း ယင်းနိုင်ငံများ၌ ဝါဂွမ်းကို တိုင်းရင်း သားများ အသုံးပြုလျက်ရှိကြောင်း တွေ့ခဲ့ကြရသည်။ ရှေးပီးရူးဂူသင်္ချိုင်းများ ကို တူးဖော်ကြည့်သည့်အခါ လူသေအလောင်း ရစ်ပတ်ထားသော အဝတ် များသည် ဝါချည်မျှင်ဖြင့် ရက်လုပ်ထားကြောင်း တွေ့ရသည်။ ခရစ်ပေါ်စ ခေတ်က အီဂျစ် မံမီ(ဆေးစိမ်ထားသော လူသေအလောင်းများ) များကို လင်နင်ထည်များဖြင့် ရစ်ပတ်ထားကြောင်း တွေ့ရသော်လည်း တစ်ခေတ် တည်း၌ပင် အီဂျစ်တို့သည် ချည်ထည်များကိုလည်း အသုံးပြုလျက်ရှိနေပြီ ဖြစ်ကြောင်း အထောက်အထားများရှိလေသည်။
ဥရောပတိုက်သို့ ဝါဂွမ်းကို စတင်တင်သွင်းခဲ့သူများသည် ဆာ ရဆင်နှင့် မူးဝါးလူမျိုးတို့ဖြစ်၍ ခရစ် ၇၁၂ ခုနှစ်တွင် အာဖရိက မြောက်ပိုင်းမှ ဝါဂွမ်းများကို စပိန်နိုင်ငံသို့ ယူဆောင်ခဲ့ကြသည်။ ယင်းသည် မှ အခြားဥရောပနိုင်ငံများသို့လည်း တစ်တစ်စပျံ့နှံ့ခဲ့သည်။ အင်္ဂလန်ပြည် သည် ၁၂၉၈ ခုနှစ်ခန့်ကပင် ဝါဂွမ်းအကြောင်း ကြားဖူးနေလေပြီ။ တတိယ အက်ဒွပ်ဘုရင်သည် ဖလန်းဒါးနိုင်ငံသား ရက်ကန်းသည်များကို မန်ချက် စတာမြို့၌ အခြေစိုက်စေခဲ့သည်။ ထိုမြို့သည် ချည်ထည်လုပ်ငန်းအတွက် ထင်ရှားကျော်ကြားလာ၍ ရက်ကန်းလုပ်ငန်းသည် အင်္ဂလန်ပြည်၏ အဓိက လုပ်ငန်းကြီးတစ်ခုဖြစ်လာသည်။ ရက်ကန်းရက်လုပ်သော စက်ကိရိယာများ ကိုလည်း အမျိုးမျိုးတီတွင်လုပ်ကိုင်လာခဲ့ကြရာ ၁၈ ရာစုနှစ် နောက်ပိုင်း တွင် အထည်အလိပ် ရက်လုပ်သောလုပ်ငန်း၌ စက်ကိရိယာများကို အများ အပြားအသုံးပြုလာကြသဖြင့် လုပ်ငန်းတွင်ကျယ်၍ ကုန်ပစ္စည်း အထွက်များ လာသောကြောင့် စက်ရုံ၊ အလုပ်ရုံများ၌ ကုန်ပစ္စည်းထုတ်လုပ်သောစနစ် ပေါ်ထွက်ထွန်းကားလာလေသည်။
ဝါဂွမ်းသည် ကုန်သွယ်စီးပွားရေးလောက၌ အရေးပါလှသော ကုန်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကမ္ဘာအရပ်ရပ်၌ လူတို့သည် ဝါဂွမ်းရရန် အလို့ငှာ ဝါပင်ကို စိုက်ပျိုးကြသည်။ ဝါပင်သည် မော်လဗေစီအီးမျိုးရင်း၊ ဂေါ့ဆီပီယမ်မျိုးခွဲ၌ ပါဝင်၍ချဉ်ပေါင်၊ ရုံးပတီတို့နှင့် မျိုးရင်းတူသည်။ မျိုး စိတ်မျိုးပြား အများအပြားရှိရာ မျိုးစိတ်မျိုးပြားကိုလိုက်၍ အပင်အနေ အထား၊ အနိမ့်အမြင့်၊ အကိုင်းအခက်၊ အရွက်အပွင့်၊ အသီးအရွယ်အစား ပုံသဏ္ဌာန်၊ ဝါပေါက်ချိန်၊ ဂွမ်းအဆင့်အတန်း စသည်တို့၌ အနည်းနှင့် အများ ကွာခြားသည်။
ဝါပင်သည် ယေဘုယျအားဖြင့် လေးပေမှ ခြောက်ပေအထိမြင့် သည်။ ပင်စည်နှင့် အကိုင်းအခက် မာကြောသော အပင်ငယ်မျိုးဖြစ်သည်။ အရွက်ကြီး၍ အဟိုက်သုံးခုမှ ခုနစ်ခုအထိပါဝင်သည်။ အချို့အပင်ရိုင်းများ ၏ အရွက်မှာမူ အနားညီသည်။ အပွင့်သည် ပွင့်ကိုင်းမှထွက်ပွင့်၍ ခေါင်းလောင်းပုံသဏ္ဌာန်ရှိပြီးလျှင် ပန်းချဉ်ပေါင်ပွင့်နှင့် ဆင်ဆင်တူသည်။ အပွင့်ကြီး၍ ပွင့်ဖတ်ငါးခုပါရှိသည်။ များသောအားဖြင့် အပွင့်တို့သည်
အဝါရောင်ဖြစ်သော်လည်း အဖြူ၊ ဆင်စွယ်ရောင်နှင့် ခရမ်းရင့်ရောင်တို့ လည်းရှိတတ်၍ တစ်ခါတစ်ရံ ခရမ်းရင့်ရောင် အစက်အပြောက်များလည်း ပါရှိတတ်သည်။ အချို့သောဝါပင်မျိုးတို့၏ အပွင့်တို့သည် ပွင့်စ၌အဖြူ ရောင်၊ ထို့နောက်တွင်မူ ခရမ်းရင့်သို့ အရောင်ပြောင်းသွားသည်။ ဝါပင်၏ အကိုင်းအခက်ထွက်ပုံသည် အခြေကား၍ အပေါ်သို့ ရှူးသွားသည်။ တစ်ပင်လုံးတွင် တစ်ချိန်တည်း ပြိုင်တူအပွင့်ပွင့်သည်ကို တွေ့ရခဲ၍ အောက်ပိုင်းအကိုင်းအခက်များမှ အပေါ်ကိုင်းများသို့ တစ်ဆင့်ပြီး တစ်ဆင့် အပွင့်များပွင့်သွားသည်။ အောက်ကိုင်းများတွင် အသီးသီးနေစဉ် အပေါ်ကိုင်းများတွင် ဖူးဆဲ၊ ပွင့်ဆဲရှိတတ်သည်။ ထို့ကြောင့် ဝါပင်ကို စပါး၊ ဂျုံတို့ကဲ့သို့ တစ်ချိန်တည်း တစ်ခါတည်းဖြင့် ဝါကောက်သိမ်း၍ မရပေ။
ဝါသီးများသည် အက်ကွဲတတ်သော အသီးတောင့်မျိုးဖြစ်သော် လည်း ပုံသဏ္ဌာန်သည် ရှည်လျားလျားမဟုတ်ဘဲ ခပ်စင်းစင်းဖြစ်ပြီးလျှင် ထိပ်ချွန်သည်။ အစိတ်သုံးစိတ်မှ ငါးစိတ်အထိ ပါရှိတတ်သည်။ အသီး ရင့်လာသောအခါ အစိမ်းရောင်မှ အညိုရောင်သို့ ပြောင်းလာသည်။ ရင့် သည်ထက်ရင့်လာလျှင် အက်ကွဲစပြုလာ၍ အတွင်းမှ ဝါပေါက်များ ပြူ ထွက်လာသည်။ အသီးများခြောက်လိမ်လာ၍ ပွင့်အာကွဲထွက်လျှင် ဝါများကို ကောက်သိမ်းချိန်တန်လေပြီ။ ဝါ သို့မဟုတ် ဝါပေါက်၏အရောင်သည် ယေ ဘုယျအားဖြင့် ဖြူသော်လည်း ရံဖန်ရံခါ ဝါသည် နီကြန့်ကြန့်လည်းရှိ သည်။ သို့သော် အဖြူရောင်သည် ဈေးရလေသည်။
တစ်ခါတစ်ရံ အချို့သောဝါပင်မှ ဝါပေါက်တို့၏ အရောင်သည် 'ထွန်း' တတ်သည်။ 'ထွန်း' တတ်သော အရောင်မျိုးတို့မှာ များသော အားဖြင့် အစိမ်းနှင့် အညိုရောင်ဖြစ်သည်။ ယင်းသို့အရောင် 'ထွန်း' သော ဝါပေါက်တို့ ဖြစ်ပေါ်တတ်သည်ကို အကြောင်းပြု၍ ဝါစိုက်ပျိုးသူများနှင့် သုတေသီတို့သည် ဝါပင်တို့မှ ဝါပေါက်တို့ကို အရောင်အမျိုးမျိုးဖြင့် သဘာဝအတိုင်း ရရှိစေရန် တီတွင်စမ်းသပ်စိုက်ပျိုးကြရာ ရုရှနိုင်ငံတွင် အနီ၊ အစိမ်း၊ အပြာ၊ အနက်နှင့် ကာကီရောင် ဝါပေါက်များထွက်သော ဝါပင်များကို စိုက်ပျိုးအောင်မြင်ခဲ့သည်ဟု ဆိုကြလေသည်။
ဝါပင်သည် ပူနွေးသောရာသီဥတုမျိုးကို နှစ်သက်၍ တစ်နှစ်လျှင် ရက်ပေါင်း ၂ဝဝ ခန့် ဆီးနှင်းမှလွတ်ကင်း၍ အပူချိန် ဖာရင်ဟိုက်ဒီဂရီ ၈ဝ ခန့်ရှိသော ဒေသမျိုး၌ စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ အထူးသဖြင့် နေရောင် ခြည်များများရရှိ၍ အုံ့မှိုင်းသောရာသီဥတု တာမရှည်သည့်ဒေသမျိုး၌ စိုက် ပျိုးလုပ်ကိုင်ရသည်။ ရာသီဥတုအုံ့မှိုင်းလျှင် ဝါပင်၌ ဝါပိုးမတားကျရောက် တတ်လေသည်။ ထို့ကြောင့် ကမ္ဘာ့အပူပိုင်းဒေသနှင့် နီးကပ်သောသမပိုင်း ဒေသ၊ ရေမဝပ်သော သဲမြေနုနှင့် မြစေးမြေမျိုးတို့၌ ဝါပင်များ စိုက်ပျိုး လုပ်ကိုင်ကြသည်။ အပူပိုင်းဒေသများ၌ ဝါပင်များအတွက် ဆီးနှင်းကို မစိုး ရိမ်ရဘဲ မိုးများလွန်းမည်ကို စိုးရိမ်ရသည်။ သို့သော် ရေသွင်းစိုက်ပျိုးသော ဒေသမှလွဲလျှင် ဝါပင်သည် မိုးရေအတော်အတန် လိုအပ်ပြန်သည်။ တစ် နှစ်လျှင် မိုးရေချိန်လက်မ ၂ဝ ခန့်၊ သို့မဟုတ် ဝါစိုက်ချိန် ခုနစ်လက်မ အထိ ရရှိသောဒေသများ၌ စိုက်ပျိုးရသည်။ သမပိုင်းဒေသပေါက် ဝါပင် တို့သည် တစ်နှစ်တစ်ခါ စိုက်ပျိုးရသော ဝါပင်မျိုးတို့ဖြစ်ကြပြီးလျှင် အပူ ပိုင်းဒေသပေါက် ဝါပင်မျိုးတို့သည် နှစ်ရှည်ခံသည်။ အချို့သော ဝါပင်တို့ သည် အတော်အတန်မြင့်မား၍ သစ်ပင်သဖွယ်ဖြစ်နေသည်။ အနောက်နိုင်ငံ များတွင် ဝါထွက်လည်းကောင်း၍ မြေဩဇာဖြစ်ထွန်းစေရန် တစ်နေရာတည်း တွင် ဝါတစ်လှည့် ပြောင်းတစ်လှည့် စိုက်ကြသည်။ တစ်ခါတစ်ရံ ဝါပင် အတန်းများအကြားတွင် ပဲပိစပ်ပင်မျိုးတို့ကိုလည်း စိုက်ပျိုးပေးခြင်းဖြင့် ဝါ ပင်တို့အား မြေဩဇာဓာတ် ကောင်းစွာရရှိစေလေသည်။
အနောက်နိုင်ငံများတွင် ဝါပင်စိုက်မည့်မြေနေရာ၌ ယခင်ကအပင် ဟောင်းများကို ရှင်းလင်းခုတ်ထွင်ပစ်ပြီးလျှင် တစ်လခန့် ထွန်စက်ဖြင့်ထွန် ပစ်သည်။ သဲမြေ၌ စိုက်မည်ဆိုလျှင် ထွန်သွားကို လေးလက်မသာနက်စေ၍ မြေစေး၌စိုက်မည်ဆိုလျှင် ကိုးလက်မခန့် နက်အောင်ထွန်ရသည်။ ထွန်ယက် ပြီးသောမြေကို ကြေမွအောင်ပြုပြင်ပေးရပြန်လေသည်။
ဝါပင်များကို ဧကပေါင်းများစွာ စိုက်ပျိုးသည့်အခါ ဝါပင်စိုက်ရန် မြောင်းနှစ်မြောင်းထက်မနည်း များသောအားဖြင့် နှစ်မြောင်းမှ လေးမြောင်း အထိဖော်၍ စိုက်ပျိုးကြသည်။ ဝါခင်းပိုင်ရှင်တို့သည် အဖျက်အဆီးပိုးမွှား တို့၏ဒဏ်ကို ခံနိုင်ရည်ရှိ၍ သန်စွမ်းသော ဝါပင်များရရှိရန်နှင့် ဝါထွက် ကောင်းသော ဝါပင်မျိုးရရှိရန် မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးလေ့ရှိကြ သည်။ ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါဟူ၍ နှစ်မျိုးရှိသည့်အနက် ချည် မျှင်ရှည်ဝါမျိုးလည်းဖြစ်၊ အချိန်တိုတိုနှင့် ကောက်သိမ်းနိုင်သော ဝါမျိုးလည်း ဖြစ်လျှင် ဝါခင်းပိုင်ရှင်တို့အတွက် အကျိုးရှိလေသည်။
ဝါမျိုးကြဲသည့်အခါ ဝါပင်များ လိုသည်ထက် ပိုပိုမိုမိုပေါက်စေ ရန် ခပ်များများကြဲရသည်။ ပြွတ်သိပ်ပေါက်လာသော ဝါပင်ငယ်များ အတန် ငယ်ကြီးလာလျှင် တစ်ပင်နှင့်တစ်ပင် အကိုင်းအခက်ချင်း ရှုပ်ထွေးကျပ် တည်း မနေစေရန် သန်စွမ်းကောင်းမွန်သော အပင်များကိုချန်လှပ်၍ ပိုသော အပင်များကို ရှင်းလင်းသုတ်သင်ပစ်ရသည်။ ဝါပင်များကို ဝါသီးသီးသည် အထိ ရက်ပေါင်း ၂ဝဝ ခန့်ကြာအောင် ပြုစုပျိုးထောင်ရသည်။ ဝါပင်တို့၏ အောက်ပိုင်း အကိုင်းအခက်များမှ ဝါသီးများက အလျင်စ၍ ရင့်ပြီးလျှင် အက်ကွဲကြသည်။ ထို့ကြောင့် အောက်ကိုင်းများမှ ဝါများကို အလျင်စ၍ ကောက်သိမ်းရပြီးလျှင် အလယ်ကိုင်းမှဝါ၊ အထက်ကိုင်းမှဝါများကို ဆင့်ကဲ ဆင့်ကဲ ကောက်သိမ်းကြရပေရာ ဝါတစ်ပင်ကို နှစ်ကြိမ်မှ သုံးကြိမ်အထိ ဝါကောက်ရသည်။
ဝါကောက်သောစက်များကို တီထွင်ခဲ့ကြ၍ ထိုစက်များကို တိုး တက်ပြုပြင်ခဲ့ကြသော်လည်း ဝါကောက်စက်များသည် တန်ဖိုးကြီးသော ကြောင့်လည်းကောင်း၊ လေးလံသဖြင့် မြေပျော့များ၌ သုံးမဖြစ်သောကြောင့် လည်းကောင်း ဝါကောက်အလုပ်သမား အများအပြား အလုပ်လက်မဲ့ ဖြစ်စေ နိုင်သော အလားအလာရှိသဖြင့် ဝါကောက်အလုပ်သမားများက ကန့်ကွက် သောကြောင့်လည်းကောင်း ထိုစက်ကြီးများကို အသုံးပြုသင့်သလောက် မပြု ခဲ့ကြပေ။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် လက်ကောက်ဝါနှင့် စက် ကောက်ဝါဟူ၍ ခွဲခြားလိုက်လျှင် လက်ကောက်ဝါက စက်ကောက်ဝါထက် ပို၍များကြောင်းသိရလေသည်။ ဝါပင်ကို ရက်ပေါင်းကြာရှည်စွာ စိုက်ပျိုး လုပ်ကိုင်ရ၍ မြောက်လတ္တီတွဒ် ၄ဝ ဒီဂရီနှင့် တောင်လတ္တီတွဒ် ၃ဝ ဒီဂရီ အကြားရှိ ကမ္ဘာ့ဒေသများ၌ စိုက်ပျိုးကြသည်။
ကမ္ဘာ၌ ဝါအထွက်ဆုံးနိုင်ငံသည် အမေရိကန်ပြည်ထောင်စု တောင်ပိုင်းဖြစ်သည်။ ဝါစိုက်ရပ်ဝန်းကြီးသည် အရှေ့မှအနောက်သို့ မိုင် ၂ဝဝဝ ရှည်၍ မြောက်မှတောင်သို့ မိုင် ၇ဝဝ ကျယ်ပေရာ ဂျောဂျီး ယားပြည်နယ်မှ တက်ဆက်ပြည်နယ်အထိဖြစ်သည်။ နယူးမက္ကဆီကို၊ အယ် ရီဇိုးနားနှင့် ကာလီဖိုးနီးယားပြည်နယ်တို့မှလည်း ဝါအသင့်အတင့်ထွက် သည်။ ဆိုခဲ့သော ဝါစိုက်ရပ်ဝန်းကြီးတွင် ဝါဖြစ်ထွန်းအောင်မြင်သော ရေ၊ မြေ၊ ရာသီဥတုမျိုးရှိပေသည်။
အိန္ဒိယ၊ တရုတ်၊ တာကီစတန်၊ ဂျပန်၊ အီရတ်၊ ပါလက် စတိုင်းစသော အာရှတိုက်နိုင်ငံများ၌လည်း ဝါစိုက်ပျိုးလုပ်ကိုင်ကြသည်။ တောင်အမေရိကတိုက်တွင် ဗရာဇီး၊ ပီးရူး၊ အာဂျင်တီးနား၊ အနောက် အိန္ဒိယကျွန်းစုနှင့် မက္ကဆီကိုနိုင်ငံ အချို့အရပ်ဒေသများတွင်လည်း စိုက်ပျိုး လုပ်ကိုင်ကြသည်။ အာဖရိကတိုက်တွင် မြောက်ဘက်ကမ်းရိုးတန်းဒေသ၊ အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်းဒေသတို့မှ ဝါထွက်သည်။ ဥရောပတိုက်တွင် ဣတာ လျံကျွန်းဆွယ်၊ အောက်ပိုင်း၌ ဝါကိုအထူးသဖြင့် စိုက်ပျိုးလုပ်ကိုင်ကြ၍ ဝါ ထွက်သော အခြားဒေသတို့မှာ ဂရိ၊ တူရကီ၊ ဆိုဗီယက် ရုရှတောင်ပိုင်း၊ မြေထဲပင်လယ်အတွင်းရှိ ဆိုက်ပရပ်ကျွန်းနှင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မော ရိရှပ်ကျွန်းတို့ ဖြစ်ကြသည်။ ပစိဖိတ်ဒေသများအနက် ဩစတြေးလီးယား တိုက်မှ ကွင်းစလန်းပြည်နယ်နှင့် နယူးဆောက်ဝေးပြည်နယ်၊ ဖီဂျီကျွန်းစု စသည်တို့၌ ဝါကို စိုက်ပျိုးလုပ်ကိုင်ကြလေသည်။ ဝါပင်သည် ဂေါ့ဆီပီယမ် မျိုးခွဲဖြစ်ကြောင်း အထက်တွင် ဖော်ပြ ခဲ့သည်။ မျိုးစိတ် မျိုးပြား အများအပြားရှိသော်လည်း ကုန်သွယ်စီးပွားရေး အတွက် အရေးပါသောမျိုးစိတ်သည် သုံးမျိုးဖြစ်ရာ ပထမအမျိုးအစားသည် မက္ကဆီကိုနှင့် အမေရိကအလယ်ပိုင်း၌ မူလပေါက်ရောက်၍ အမေရိကန် ပြည်ထောင်စု အရပ်ရပ်သို့ မျိုးပြန့်ခဲ့သော ကုန်းမြင့်ဝါခေါ် ဝါပင်မျိုးဖြစ်ရာ ရုက္ခဗေဒအမည်အားဖြင့် ဂေါ့ဆီပီယမ်ဟိုင်ယာဆူတမ်ဟုခေါ်သည်။ (ထိုဝါ မျိုးကို မြန်မာနိုင်ငံ၌ စမ်းသပ်စိုက်ပျိုးလျက်ရှိရာ ကမ္ပောဇဝါဟုခေါ်သည်။) ထိုမျိုးစိတ်ဝင် ဝါပင်တို့သည် အမြင့်နှစ်ပေခွဲမှ လေးပေအထိရှိသည်။ အပွင့် များသည် အဖြူရောင်ဖြစ်၍ အသီးတွင် အစိတ်လေးစိတ်မှ ငါးစိတ်အထိပါ သည်။ ဝါပေါက်သည်လည်း အဖြူရောင်ဖြစ်၍ ချည်မျှင်ရှည်သည်။ ထိုဝါမျိုး ကို အာဂျင်တီးနား၊ ဘရာဇီး၊ တရုတ်၊ မက္ကဆီကိုနှင့် ဆိုဗီယက်ရုရှတို့၌ လည်း စိုက်ပျိုးလုပ်ကိုင်ကြရာ ကမ္ဘာ့ဝါထွက် ထက်ဝက်ခန့်သည် ထိုဝါမျိုး ဖြစ်သည်ဟု ဆိုကြလေသည်။
ဒုတိယအမျိုးအစားသည် တောင်အမေရိကတိုက်၌ မူလပေါက် ရောက်၍ ရုက္ခဗေဒ အမည်အားဖြင့် ဂေါ့ဆီပီယမ်ဗာဗေဒင့်ဟုခေါ်သည်။ ယင်းမျိုးစိတ်ဝင်တို့၏ အပွင့်သည် အဝါရောင်တွင် ခရမ်းရောင်ပြောက် ကလေးများ ပါရှိတက်သည်။ အသီးတွင် အစိတ်သုံးစိတ်ပါ၍ အစေ့မည်း နက်သည်။ ထိုဝါပင်မျိုးမှရရှိသော ချည်မျှင်တို့သည် ကုန်းမြင့်ဝါ ချည် မျှင်တို့ထက်ပင် ရှည်သေးသည်။ ထိုအုပ်စုတွင် ပိုးရောင်ထ၍ ခိုင်မာသော ချည်မျှင်ရရှိသည့် အီဂျစ်ဝါ၊ သိုးမွေးနှင့်ဆင်တူသော ချည်မျှင်ရရှိသည့် ပီရူး ဗီးယန်း ဝါမျိုး၊ ဖြူဖွေးသော ပိုးရောင်ချည်မျှင်မျိုးရရှိသည့် ဘရာဇီးလီယန်း ဝါမျိုး၊ ချည်မျှင်ရောင် ဝါဖန့်ဖန့်ရှိသော ဆီးအိုင်းလန်းခေါ် အမေရိကန်ဝါ တစ်မျိုးနှင့် အမေရိကန် အီဂျစ်ကပြား ဝါမျိုးတို့လည်း ပါဝင်သည်။ ထိုဝါ မျိုးတို့သည်လည်း ချည်မျှင်ရှည်ဝါမျိုးတို့ဖြစ်ကြသည်။
တတိယအမျိုးအစားမှာ အိန္ဒိယ၊ အီရန်၊ တရုတ် နိုင်ငံအချို့ အရပ်ဒေသများနှင့် အရှေ့ဖျားနိုင်ငံများ၌ စိုက်ပျိုးလုပ်ကိုင်ကြသော ဝါမျိုးတို့ ဖြစ်ပြီးလျှင် အာရှဝါမျိုးဟုအချို့က ခေါ်ဆိုကြသည်။ ဂေါ့ဆီပီယမ် အာဗော ရီယမ်နှင့် ဂေါ့ဆီပီယမ်ဟာဗေစီယမ်တို့သည် ထိုအုပ်စု၌ ပါဝင်ကြသည်။ ထိုအုပ်စုဝင်တို့သည် ချည်မျှင်တိုမျိုး ဖြစ်ကြလေသည်။ ထိုဝါနှစ်မျိုးသည် မျိုးစိတ်ကွဲပြားသည်ဟု ဆိုရသော်လည်း ရုက္ခဗေဒ အလိုအားဖြင့် အလွန်နီး စပ်သည်ဟုဆိုသည်။ ထိုဝါနှစ်မျိုးတို့၏ ချည်မျှင်သည် တို၍ကြမ်းသော် လည်း ခိုင်မာသည်။
ယခုအခါ မြန်မာနိုင်ငံ၌ အများဆုံးစိုက်ပျိုးလုပ်ကိုင်လျက်ရှိသော ဝါသုံးမျိုးတို့မှာ (၁) ဝါကြီး၊ (၂) ဝါကလေး၊ (၃) ချည်မျှင်ရှည်ဝါဟူ၍ ဖြစ်ကြသည်။ ဝါကြီးကို မိုးအတော်အတန်များသည့် ပြည်နှင့် သရက် ခရိုင်များတွင် မိုးဦးတွင်စိုက်၍ ပြာသို၊ တပို့တွဲလများတွင် ဝါပေါက်သည်။ ဝါကြီးမျိုးသန့် ရွေးချယ်ဆဲဖြစ်သည်။ ဝါကလေးမျိုးကို မုံရွာ၊ ရွှေဘို၊ စစ် ကိုင်း၊ မန္တလေး၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပခုက္ကူ၊ မင်းဘူးစသော အထက် မြန်မာနိုင်ငံ မိုးပါးရေရှားဒေသများတွင် တောင်သူများ အားထားစိုက်ပျိုးကြ သည်။ မိုးဦးတွင်စိုက်၍ တော်သလင်းလတွင် ဝါများ စတင်ပေါက်နိုင်သည်။ ဝါကလေးမျိုးကောင်းကို မလှိုင်စိုက်ပျိုးရေးဥယျာဉ်တွင် ရွေးချယ်စမ်းသပ်ပြုစု ပျိုးထောင်စိုက်ပျိုးခဲ့ရာ မလှိုင်နံပါတ် ၅ နှင် မလှိုင်နံပါတ် ၆ မျိုးသန့်တို့ကို ရရှိ၍ ယခုအခါ တိုးချဲ့စိုက်ပျိုးလျက်ရှိကြသည်။
ချည်မျှင်ရှည်ဝါမျိုးကို ၁၉၅၈ ခုနှစ်မှစ၍ ရုရှနှင့် အမေရိကန် ဝါ မျိုးတို့ကိုမှာယူ၍ စမ်းသပ်စိုက်ပျိုးခဲ့သည့်အနက်မှ အကောင်းဆုံးကို ရွေး ချယ်၍ တိုးချဲ့စိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ရေသွင်းစိုက်ပျိုးနိုင်သော ရွှေဘို၊ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ရမည်းသင်းနှင့် မင်းဘူး ခရိုင်တို့တွင် ကောင်းစွာအောင်မြင်သည်ကိုတွေ့ရသည်။ တပို့တွဲ၊ တပေါင်း လများတွင် စ၍စိုက်ကြပြီးလျှင် ဝါဆို၊ ဝါခေါင်တွင် ဝါကောက်နိုင်သဖြင့် ဒုတိယသီးနှံအဖြစ် စပါးကို ဆက်လက်၍ စိုက်ပျိုးနိုင်ကြသည်။ ထိုဝါမျိုး သည် ဂရုစိုက်နိုင်သည်နှင့်အမျှ ဝါထွက်ကောင်း၍ တောင်သူများ အကျိုးရှိ နိုင်သည်။ အထက်မြန်မာနိုင်ငံ ရေ၊ မြေ၊ ရာသီဥတုနှင့်သင့်လျော်သော ဝါ မျိုးတို့မှာ ရုရှ နံပါတ် ၁ဝ၈ နှင့် ၁၂၉၈ အမေရိကန် စတုန်းဗီးနှင့် ဒယ်လဖောက် ဝါမျိုးတို့ဖြစ်ကြသည်၊ အီဂျစ်ဝါမျိုးကို ယခုအခါ မိတ္ထီလာ ခရိုင်တွင် စတင်စမ်းသပ်စိုက်ပျိုးကြည့်ဆဲဖြစ်လေသည်။
မိုးရေကို အားကိုး၍ စိုက်ပျိုးရသော ဝါခင်းများတွင် ပေါင်းမြက် ကို ကောင်းစွာနှိမ်၍ အစိုဓာတ်ထိန်းပေးရန်လိုသည်။ ပိုးမွှားရောဂါ ကာ ကွယ်ပေးရန်လည်း အရေးကြီးသည်။ အထူးသဖြင့် အရွက်နှင့် အသီးအပွင့် မှာ နူးညံ့သည့် ချည်မျှင်ရှည်ဝါမျိုးအတွက် ပိုးနှင့်ရောဂါ အဖျက်အဆီး ပို၍ များတတ်သဖြင့် ကာကွယ်နှိမ်နင်းရေးကို အဓိကလုပ်ငန်းအဖြစ် ဆောင်ရွက် ရန် စနစ်တကျ ကြိုတင်စီစဉ်ကြရသည်။ အများဆုံး ဖျက်ဆီးသည့် ပိုးများ မှာ ရွက်စုတ်ဖြုတ်စိမ်းများနှင့် သီးလုံးဖောက်ပိုးများဖြစ်သည်။ ပိုးမွှားရောဂါ နှိမ်နင်းရန် ခေတ်မီဆေးများ သုံးစွဲရာတွင် စနစ်မကျက လူကိုပါ ဘေးဥပါဒ် ဖြစ်စေနိုင်သဖြင့် အထူးသတိထား သုံးစွဲကြရသည်။ ဝါပင်များကိုစိုက်ကြရာ ၌ အပင်ငယ်များကို ကောင်းစွာပြုစုနိုင်ရန် အတန်းလိုက်စိုက်နည်းသည် အကောင်းဆုံးဖြစ်သည်။ သို့သော် အချို့လုပ်အားတတ်နိုင်သူများကမူ လေး ကွက်ကြားစိုက်ကြလေသည်။
ဝါသီများ ရင့်ခြောက်လာလျှင် ဝါပေါက်များကို လက်ဖြင့်ပင် ကောက်သိမ်းကြသည်။ ကောက်သိမ်းပြီးသော ဝါပေါက်များကို ဝါကြိတ်စက် များသို့ပို့၍ ဝါမှ အစေ့များဖယ်ရှားကာ ဂွမ်းထုတ်ယူရသည်။ ပိုးနှင့် မိုးဖျက် လျှင် ဝါသီးများနာ၍ ကောင်းစွာဝါမပေါက်ဘဲ ဂွမ်းညံ့ဖျင်းသည့် ကျွယ်ဝါ များသာရသည်။ ဝါများမကြိတ်မီ ကျွယ်ဝါများကို ရွေးထုတ်၍ သီးခြား ကြိတ်ရသည်။ ကြိတ်ထုတ်၍ရရှိသော ဝါများကို သယ်ယူပို့ဆောင်ရာတွင် ဝန်ကျဉ်းစေရန် ဖိစက်များဖြင့် ဖိချ၍ အထုပ်များ ပြုလုပ်ကြသည်။ မြန်မာ နိုင်ငံတွင် ဂွမ်းတစ်ထုပ်၏ အလေးချိန်သည် ပိဿာတစ်ရာရှိသည်။ အမေရိကန်မှ စံတင်ထားသော ဂွမ်းထုပ်သည် ပေါင်ချိန် ၅ဝဝ လေးသည်။ ဝါတစ်မျိုး၏ဈေးကို ဂွမ်းအဆင့်အတန်းကိုလိုက်၍ ကန့်သတ်ကြ ရသည်။ အရေးအကြီးဆုံးသည် ဂွမ်းမွေး၏ အတိုအရှည်ပင်ဖြစ်သည်။ ဂွမ်း မွေးရှည်လျှင် ချည်ချောဆွဲနိုင်၍ အထည်ချောရက်နိုင်သည်။ ဂွမ်းမွေးတိုလျှင် ချည်ကြမ်းသာဆွဲနိုင်သည်။ ဝါတစ်မျိုး၏ ဂွမ်းမွေးကို တိကျစွာ တိုင်းတာ နိုင်ရန် စက်ကိရိယာကို အသုံးပြုကြသည်။ အကြမ်းတိုင်းတာနည်းမှာ ဝါစေ့ ကို အလယ်ဗဟိုထား၍ ဖွာထွက်နေသည့် အမျှင်များကို တိုင်းတာရသည်။ ဝါကလေးနှင့် ဝါကြီးမျိုးတို့၏ ဂွမ်းမွေးသည် လက်မဝက်မှ ၇/ဂ လက်မ အထိရှည်၍ ချည်မျှင်ရှည် ဝါ၏ဂွမ်းမွေးသည် တစ်လက်မမှ ၁ လက်မ အထိရှည်သည်။ ချည်အချောဆုံးရသည့် အီဂျစ်ဝါမျိုးမှာမူ ၁ လက်မမှ ၁ အထိရှည်သည်။ ဂွမ်းမွေးအဆင့်အတန်းကို ဂွမ်းမွေး အရှည်အတိုအပြင် ဂရု စိုက်ရသည့် အခြားအချက်အလက်တို့မှာ ဂွမ်းမွေးခိုင်ခံ့ခြင်း၊ ညီညာခြင်း၊ အရောင်းအဆင်းကောင်းခြင်းနှင့် အမှိုက်သရိုက်ကင်းစင်ခြင်းတို့ဖြစ်သည်။ ဝါ တစ်မျိုးကို တိုးချဲ့စိုက်ပျိုးရန် ရွေးချယ်ရာ၌ ဂွမ်းမွေးအဆင့်အတန်း အရေး ကြီးသည့်နည်းတူ တောင်သူနှင့် ကြိတ်ထုတ်သူတို့အတွက်လည်း အကျိုးရှိ ရန် ထည့်သွင်းစဉ်းစားရသည်။ ဝါတောင်သူတို့ လိုလားသော ဝါမျိုးမှာ ရေငတ်ခံနိုင်ခြင်း၊ ရေဝပ်ခံနိုင်ခြင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ခြင်း၊ ဝါကောက် ရန် လွယ်ကူခြင်း၊ ဝါထွက်ကောင်းခြင်းတို့နှင့် အနည်းနှင့်အများပြည့်စုံသော ဝါမျိုးဖြစ်သည်။ ဝါကြိတ်သူတို့ လိုလားသော ဝါမျိုးမှာ ဂွမ်းထွက်ကောင်း ခြင်း၊ ဝါစေ့မှ ဆီထွက်နှုန်း ကောင်းခြင်းနှင့်ပြည့်စုံသော ဝါမျိုးဖြစ်သည်။ ဂွမ်းထွက်ကောင်းသည့် ဝါပိဿာတစ်ရာကြိတ်လျှင် ဂွမ်းပိဿာ ၄ဝ ခန့်ရ၍ ညံ့သည့်ဝါ ပိဿာတစ်ရာကိုကြိတ်လျှင် ဂွမ်းပိဿာ ၃ဝ ခန့်သာရသည်။ ဝါစေ့ပိဿာတစ်ရာကြိတ်လျှင် ပျမ်းမျှ ဆီရှစ်ပိဿာခန့်ရလေသည်။ မြန်မာနိုင်ငံတွင် ယခုစိုက်ပျိုးနေသည့် ဝါဧက ၆၅ဝဝဝဝ ခန့်မှ တစ်နှစ်လျှင် ဂွမ်းပိဿာ ၃၅ သန်းခန့် ထွက်သည့်အနက် ဝါကြီးနှင့် ဝါကလေးဂွမ်းပိဿာ ၁ဝ သန်းခန့်ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချ၍ ချည် မျှင်ရှည်ဝါနှင့် မလှိုင်နံပါတ် ၅ နှင့် ၆ ဂွမ်းပိဿာ ၂၅ သန်းခန့်ကို သမိုင်းချည်မျှင်နှင့် အထည်စက်တွင် အသုံးပြုသည်။ ပြည်တွင်းဖူလုံရန် တစ်နှစ်လျှင် ဂွမ်းမျိုးကောင်းပိဿာ သန်း ၁၂ဝ ခန့် လိုအပ်သဖြင့် တိုးချဲ့စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်လျက်ရှိလေသည်။ မြန်မာနိုင်ငံ၌ တိုးချဲ့ စိုက်ပျိုးရန် သင့်လျော်သော ဒေသများမှာ မိုးပါးသော ရပ်ဝန်းတွင်ရှိ၍ ရေ သွင်းစိုက်ပျိုးနိုင်ပြီးလျှင် နုံးဆန်သော မြေမျိုးရှိသည့် ဒေသများဖြစ်လေရာ မြန်မာနိုင်ငံအထက်ပိုင်း၌ တိုးချဲ့စိုက်ပျိုးနိုင်သော ဒေသများရှိလေသည်။ ဝါဂွမ်းသည် လူသုံးပစ္စည်း အမြောက်အမြားပြုလုပ်ရန် အသုံးဝင် လှပေသည်။ ယင်းမှ အဝတ်အစားနှင့် အိပ်ရာခင်း၊ ခြင်ထောင် စသော အိမ်သုံးအတွက် အထည်အလိပ်အမျိုးမျိုးကို ရက်လုပ်နိုင်သည့်ပြင် တိပ်ခေါ် ကော်ပါသော ကျပ်ကြိုးအမျိုးမျိုး၊ ပတ်တီး၊ စာအုပ်ချုပ်ရန် ပိတ်စ စသော ပစ္စည်း အသုံးအဆောင် အများအပြားအပြင် မော်တော်ကား စသောယာဉ်တို့ အတွက် တိုင်ယာများ ပြုလုပ်ရာ၌လည်း ဝါချည်မျှင်ကိုအသုံးပြုရသည်။ ဝါခြည်မျှင်ဖြင့် ပိတ်အမျိုးမျိုး ရက်လုပ်နိုင်ရာ ကြမ်းတမ်း၍ အညံ့စား ဈေးပေါသောအမျိုးအစားမှ ပိုးသားပမာ နူးညံ့သည့်ပြင် ခိုင်ခံ့၍လေယာဉ်ပျံ တောင်ပံကို ဖုံးအုပ်ရန် အသုံးပြုနိုင်လောက်အောင် အမျိုးအစားကောင်းမွန် သော ပိတ်မျိုးအထိ အစားစားပါဝင်လေသည်။
လူသုံးပစ္စည်း ပြုလုပ်ရာ၌ ဝါမျှင်သာမက ဝါစေ့များကိုလည်း အသုံးချရသည်။ ဝါစေ့မှဆီကို စက်ဖြင့်ကြိတ်၍ထုတ်ယူပြီးနောက် ကျန်ရစ် သော ဝါစေ့ဖတ်နှင့် ဝါစေ့ခွံတို့သည်လည်း လူသုံးပစ္စည်းပြုလုပ်ရာ၌ အသုံး ဝင်ကြသည်။ မြန်မာနိုင်ငံတွင် ချေးညှော်အထပ်ထပ် ချွတ်ပြီးသော ဝါစေ့ဆီ သည် လက်ဖက်နှင့်စားသုံးသော ကြက်သွန်ဖြူကြော် ပဲကြော်များကြော်လှော် ရန်အတွက် အကောင်းဆုံးဖြစ်သည်။ ဝါစေ့ဆီ၊ ဝါစေ့ဖတ်၊ ဝါစေ့ခွံတို့ဖြင့် ပြုလုပ်နိုင်သော လူသုံးပစ္စည်းများမှာ မာဂျရင်းထောပတ်မျိုး၊ ထောပတ်တု များ၊ ဝက်ဆီတု၊ ဆပ်ပြာ၊ စက္ကူ၊ ဖယောင်းတိုင်၊ နုတ်ခမ်းဆိုးဆေး၊ အလှရည်၊ ရေခံစက္ကူ၊ ဖယောင်းပုဆိုးအပါးစား၊ ဓာတ်ကာပစ္စည်း၊ ချောဆီ၊ ပေါက်ကွဲစေတတ်သောပစ္စည်း၊ ကျွဲစာ၊ နွားစာ၊ ဓာတ်ပြား၊ သုတ်ဆေး စသည်တို့ ဖြစ်ကြလေသည်။
ဝါကြိတ်စက်တွင် ဝါဖတ်၍ ဂွမ်းနှင့်အစေ့ကို ခွဲထုတ်လိုက်ပြီး နောက်တွင် ဝါစေ့တွင် အမွေးနုကလေးများ ကပ်ကျန်နေသေးသည်။ ထို အမွေးနုကလေးများကို အကြိမ်ကြိမ်ထပ်မံ ဖတ်ယူရသည်။ ယင်းသို့ ဖတ်ယူ ရရှိသော မွေးနုမျှင်ကလေးများသည်လည်း လူသုံးပစ္စည်း အမြောက်အမြား လုပ်ကိုင်ရာ၌ အသုံးချရသည်။ ဆေးဝါးကုသရေးတွင် အသုံးပြုရသော ဂွမ်း နှင့် ပိတ်စိမ်းပါးတစ်မျိုး၊ သားရေတု၊ မော်တော်ယာဉ်ပစ္စည်းများ၊ ကော်ဇော၊ လေယာဉ်ပျံတောင်ပံ သုတ်လိမ်းရသောပစ္စည်း၊ လျှပ်စစ်ဖက်ဆိုင်ရာ အချို့ ပစ္စည်းများ၊ ကြိတ်သက္ကလတ်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ ယွန်း ဆေး၊ ဓာတ်ပုံဖလင်ကော်ပြား၊ ရေယွန်ခေါ်ပိုးတုတစ်မျိုး၊ ကြိုးအမျိုးမျိုး၊ အခိုးမထွက်သော ယမ်းမှုန့်၊ အရောင်တင်ဆီ၊ ဂွမ်းခက်စောင်နှင့် ဂွမ်းထိုး ဖတ်များ၊ သေနတ်ကာဖတ်၊ ဆဲလျူလွိုက်၊ ဆဲလိုဖိန်း၊ ဆဲလျူလို့နှင့် အချို့ အလှကုန်ပစ္စည်းများ လုပ်ကိုင်ရာ၌ အဆိုပါ ဂွမ်းမျှင်နုကလေးများကို အသုံး ပြုကြရလေသည်။
ဝါဂွမ်းမှ လူသုံးပစ္စည်းအမျိုးအမည် ရာထောင်မက ထုတ်လုပ်နိုင်ခဲ့သဖြင့် စီးပွားရေးနယ်ပယ်တွင် ယင်းသည် တန်ဖိုးရှိ၍ အရေးပါ အရာ ရောက်လှပေသည်။ သို့သော် ကုန်သွယ်မှုလောက၌ ဝါဂွမ်းကိုယှဉ်ပြိုင်၍ နေရာလုလျက်ရှိသော အခြားပစ္စည်းများလည်း ပေါ်ပေါက်ခဲ့သည်။ အထည် အလိပ်နယ်၌ ချည်ထည်သည် သိုးမွေး၊ လင်နင်၊ ပိုး၊ ဖဲတို့နှင့် ယှဉ်ပြိုင်ရသည်။ ချည်ထည်ကြမ်းများနယ်၌ နာနတ်လျှော်၊ ဂုံလျှော်၊ မနီလာလျှော် စသည်တို့နှင့် ယှဉ်ပြိုင်ရသည်။ အကြိတ်အနယ် အပြိုင်ရဆုံး ပစ္စည်းများကား ဓာတုဗေဒနည်းဖြင့် လုပ်ကိုင်ထားသော ဆင်သတစ် ချည်မျှင်ဖြင့် ပြုလုပ်သည့် အထည်အလိပ်များဖြစ်ကြရာ ယင်းတို့မှာ ရေယွန်၊ နိုင်လွန်၊ ဗင်ယွန်နှင့် အရလက်တို့ဖြစ်ကြသည်။ ပဲပိစပ်၊ ဂျုံနှင့် ဖန်မှ ထုတ်လုပ်သော ချည်မျှင်တို့နှင့်လည်း ဝါချည်မျှင်သည် ယှဉ်ပြိုင်ရသည်။ ထူးဆန်းသည်မှာ ဝါဂွမ်းမှ ထုတ်လုပ်သော ဆဲလျူလို့ဖြင့် ပြုလုပ်သည့် ရေယွန်နှင့်လည်း ချည် ထည်က ပြိုင်ရခြင်းဖြစ်ပေသည်။ ပိုး၊ ဖဲ၊ ကတ္တီပါတို့သည် အဖိုးတန် အထည်အလိပ်များ ဖြစ်ကြသဖြင့် လူသုံးနည်းသော်လည်း ဆင်သတစ် ချည် မျှင်များကို ပေါပေါရနိုင်သောပစ္စည်းများမှ ထုတ်လုပ်ခြင်းဖြစ်၍ အဖိုးနည်း နည်းနှင့် ရောင်းချနိုင်သောကြောင့် လူသုံးများနိုင်ပေရာ ချည်မျှင်ဖြင့် ရက် လုပ်သောအထည်အလိပ်များက ယင်းတို့နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရ လေသည်။ သို့သော် ကြာရှည်ခိုင်ခံ့ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ ဝတ်ဆင်ရာ၌ သက်သောင့်သက်သာရှိခြင်းတို့ကြောင့် ကမ္ဘာ့ဝါဈေးနှင့် ဝါစိုက်ပျိုးရေး အခြေအနေတို့သည် ရှည်ကြာစွာ တည်တံ့ခိုင်မြဲလျက် နေနိုင်ခဲ့ လေသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)