ဝါရှင်တန်ပြည်နယ်
ဝါရှင်တန်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စုတွင် အနောက်မြောက်စွန်း၌ တည်ရှိသော ပြည်နယ်ဖြစ်သည်။ အရှေ့ဘက်တွင် အိုင်ဒါဟိုပြည်နယ်၊ အနောက်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာ၊ မြောက်ဘက်တွင် ကနေဒါနိုင်ငံ၊ တောင်ဘက်တွင် အိုရီဂွန်ပြည်နယ်တို့ အသီးသီးရှိကြသည်။ အမြဲစိမ်းလန်းသော ထင်းရှူးတောများရှိခြင်းကြောင့် စိမ်းရောင်စိုပြည်နယ် ဟူ၍လည်း အမည်တွင်သည်။ ပြည်နယ်အကျယ်အဝန်းမှာ ၆၈၁၉၂ စတုရန်းမိုင်ဖြစ်၍ ခန့်မှန်းခြေလူဦးရေ ၃ဝ၃၆၉ဝဝ (၁၉၆၅) ရှိသည်။
ဝါရှင်တန်ပြည်နယ် | |||
---|---|---|---|
| |||
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ဝါရှင်တန် အားအရောင်ခြယ်ပြထား | |||
နိုင်ငံ | အမေရိကန်ပြည်ထောင်စု | ||
Before statehood | Washington Territory | ||
ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း | ၁၁ နိုဝင်ဘာ ၁၈၈၉ (42nd) | ||
အကြီးဆုံးမြို့ | ဆီအက်တယ်မြို့ | ||
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများ | Seattle metropolitan area | ||
အစိုးရ | |||
• ပြည်နယ်အုပ်ချုပ်ရေးမှူး | Jay Inslee (D) | ||
• လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူး | Brad Owen (D) | ||
လူဦးရေ | |||
• စုစုပေါင်း | ၆,၉၇၁,၄၀၆ (၂၀၁၃) | ||
• သိပ်သည်းမှု | ၁၀၃/sq mi (၃၉.၆/km၂) | ||
• ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေ | $၅၈,၀၇၈ | ||
• ဝင်ငွေအဆင့် | ၁၁th | ||
ဘာသာစကား | |||
• ရုံးသုံးဘာသာစကား | None (de jure) အင်္ဂလိပ်ဘာသာ (de facto) | ||
လတ္တီကျူ | 45° 33′ N to 49th parallel north | ||
လောင်ဂျီကျူ | 116° 55′ W to 124° 46′ W |
ကက်စကိတ်တောင်တန်းသည် ဝါရှင်တန်ပြည်နယ်ကို တောင်နှင့်မြောက် ဖြတ်သန်းတည်ရှိရာ အတွင်းပိုင်းနှင့် ကမ်းရိုးတန်းပိုင်းဟူ၍ သဘာဝ အပိုင်းအခြားနှစ်ခုကို ပိုင်းခြားထားလေသည်။ ကမ်းရိုးတန်းအနီးရှိ အိုလင်းပစ်တောင်တန်းနှင့် ကက်စကိတ်တောင်တန်းအကြားတွင် ပူဂျက်ဆောင်းရေလက်ကြားရှည်ရှိသည်။ ကက်စကိတ်တောင်တန်းတွင် မီးငြိမ်းတောင်များ ရှိသည့်အနက် မောင့်ရေးနီးယားတောင်မှာ အမြင့်ဆုံးဖြစ်သည်။ ကိုလံဘီယာမြစ်သည် ပြည်နယ်အရှေ့ပိုင်းတွင် တောင်နှင့်မြောက် ဖြတ်သန်းလာ၍ အနောက်သို့ တောင်ဘက်နယ်စပ်တစ်လျှောက် ကွေ့ဆင်းပြီးလျှင် ပစိဖိတ်သမုဒ္ဒရာထဲသို့ စီးဝင်သည်။ ပူဂျက်ဆောင်း ရေလက်ကြားရှည်ဒေသတွင် အိုင်များစွာရှိသည်။ သို့ရာတွင် အကြီးဆုံးရေအိုင်မှာ ကက်စကိတ်တောင် အရှေ့စောင်း၌တည်ရှိသော ရှီလန်းအိုင်ဖြစ်သည်။ ထိုအိုင်ကြီးသည် အလျား ၅၅ မိုင်ရှိသည်။
ဝါရှင်တန်ပြည်နယ် အနောက်ပိုင်းသည် အရှေ့ပိုင်းထက် ရာသီဥတု ပို၍မျှတညီညွှတ်သည်။ အနောက်ပိုင်းတွင် ဆောင်းရာသီ၌ မိုးရွာသည်။ ကက်စကိတ်တောင်တန်း အရှေ့ဘက်၌မူကား မိုးနည်းသည်။ နွေအခါ၌ပူ၍ ဆောင်းအခါ၌အေးသည်။
ဝါရှင်တန်ပြည်နယ် ကမ်းရိုးတန်းပိုင်းတွင် သစ်လုပ်ငန်း၊ တံငါလုပ်ငန်း၊ သင်္ဘောတည်ဆောက်သည့်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း၊ သစ်သီးဥယျာဉ် စိုက်ပျိုးသည့်လုပ်ငန်းတို့သည် ထင်ရှားသောလုပ်ငန်းများဖြစ်သည်။ ပူဂျက်ဆောင်းရေလက်ကြားရှည်ဒေသ၌ သင်္ဘောဆိပ်ကောင်းများစွာရှိသဖြင့် ထိုဒေသတွင် စက်မှုလုပ်ငန်းများ ထွန်းကားသည်။
ဝါရှင်တန်ပြည်နယ် အတွင်းပိုင်းသည် ကိုလမ္ဗီးယားမြစ်ရေဆင်းနယ်ဖြစ်၍ ဂျုံ၊ သစ်သီး စသည်တို့ကို ရေသွယ်စိုက်ပျိုးသည်။ ထိုအရပ်မှထွက်သော ပန်းသီးမှာ အထူးသဖြင့် ထင်ရှားသည်။ ကိုလံဘီယာမြစ်ကို ဖြတ်၍ဆောက်လုပ်ထားသော ဂရင်းကူလီရေကာတာကြီးမှ လျှပ်စစ်ဓာတ်အားရသည့်အပြင် မြေဧကတစ်သန်းကျော်ကိုလည်း ရေသွင်းပေးနိုင်သည်။ ဂရင်းကူလီ ရေလှောင်ကန်ကြီးသည် အလျား ၁၅၁ မိုင်ရှိသည်။
ဝါရှင်တန်ပြည်နယ်သည် ပစိဖိတ်ကမ်းခြေရှိ ပြည်နယ်များတွင် ကျောက်မီးသွေး အများဆုံးထွက်သော ပြည်နယ်ဖြစ်သည်။ အခြားထင်ရှားသော တွင်းထွက်ပစ္စည်းမှာ မဂ္ဂနီဆိုက်ဖြစ်သည်။ ရွှေ၊ ကြေးနီ၊ သွပ်၊ ငွေ၊ ခဲ၊ တန်စတင်၊ သံတို့ကိုလည်း တူးဖော်ရရှိသည်။
ဝါရှင်တန်ပြည်နယ်မှ အဓိကထွက်ကုန်များမှာ ဂျုံ၊ သစ်သီး၊ စည်သွတ်သစ်သီး၊ စည်သွတ် အစားအစာ၊ သစ်လုပ်ငန်းထွက်ပစ္စည်းများ ဖြစ်သော သစ်ပျော့ဖတ်၊ စက္ကူ၊ သုံးထပ်သားနှင့် ပို့တလန် ဘိလပ်မြေ၊ မဂ္ဂနီဆိုက်၊ ကျောက်မီးသွေးတို့ဖြစ်သည်။ စည်သွတ်ဆာမန်ငါးကို အများဆုံးတင်ပို့သော ပြည်နယ်လည်းဖြစ်သည်။
ပြည်နယ်ရှိ ထင်ရှားသော မြို့ကြီးများသည် များသောအားဖြင့် ပူဂျက်ဆောင်းရေလက်ကြားရှည်ဒေသတွင် တည်ရှိကြသည်။ ဆီအက်တယ်မြို့နှင့် တာကိုးမာမြို့တို့သည် ကုန်သွယ်ရေးအတွက် အချက်အချာမြို့ကြီး များဖြစ်၍ အိုလံပီယာမြို့သည် အစိုးရရုံးစိုက်ရာမြို့ဖြစ်သည်။ အတွင်းပိုင်းတွင်ရှိသော စကိုကန်းမြို့သည် ပြည်နယ်၌ ဒုတိယမြို့ကြီးဖြစ်သည်။ အခြားထင်ရှားသော မြို့များမှာ ဗယ်လင်ဂမ်မြို့၊ အဲဗရက်မြို့နှင့် ဗန်ကူဗားမြို့များ ဖြစ်ကြသည်။
ပထမကမ္ဘာစစ်အတွင်းက ဆီအက်တယ်မြို့တွင် ဘိုးအင်းလေယာဉ်ပျံ တည်ဆောက်သည့် စက်ရုံကို တည်ထောင်ခဲ့လေသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း၌ ထင်ရှားခဲ့သော မိုးပျံခံတပ်ခေါ် စစ်လေယာဉ်ပျံကြီး များကိုလည်းကောင်း၊ ယခုခေတ်၌ အသုံးပြုလျက်ရှိသော ခရီးသည်တင် ဘိုးအင်းဂျက်လေယာဉ်ပျံကြီများကိုလည်းကောင်း ထိုစက်ရုံတွင် တည်ဆောက်ခဲ့လေသည်။
မြောက်အမေရိကတိုက် အနောက်မြောက်ဘက်ရှိ ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေတစ်လျှောက်သို့ ရှေးဦးစွာရောက်ဖူးခဲ့ကြသူများမှာ ဗြိတိသျှလူမျိုးနှင့် စပိန်လူမျိုးတို့ပင် ဖြစ်တန်ရာသည်။ ၁၈၁ဝ ပြည့်နှစ်တွင် ဝါရှင်တန် ပြည်နယ် အရှေ့ပိုင်း၌ ဗြိတိသျှတို့က သားမွေးလုပ်ငန်းဆိုင်ရာ စခန်းကို စတင်တည်ထောင်ခဲ့ကြသည်။ ထို့နောက် အမေရိကန်လူမျိုးတို့ကလည်း သားမွေးလုပ်ငန်းအတွက် စခန်းများကို အပြိုင်အဆိုင် တည်ထောင်ခဲ့ကြလေသည်။ ယင်းသို့အားဖြင့် ဗြိတိသျှနှင့် အမေရိကန်တို့သည် နယ်လုလာခဲ့ရာ ၁၈၄၆ ခုနှစ်၌ လက်ရှိနယ်နိမိတ်အတိုင်း ပိုင်နက်သတ်မှတ်ရန် သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ မူလက ဝါရှင်တန်ပြည်နယ်သည် အိုရီဂွန်ပြည်နယ်တွင်း၌ ပါဝင်ခဲ့သော်လည်း ၁၈၅၃ ခုနှစ်တွင် သီးခြားပြည်နယ် တစ်ခု ဖြစ်လာလေသည်။ ၁၈၈၇ ခုနှစ်တွင် အရှေ့ဘက်ရှိ ပြည်နယ်များနှင့် ဆက်သွယ်နိုင်သော မီးရထားလမ်းကို ဖောက်လုပ်ပြီးစီးခဲ့သည်။ ၁၈၈၉ ခုနှစ်သို့ ရောက်သောအခါ ဝါရှင်တန်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စုတွင် လေးဆယ့်နှစ်ခုမြောက် ပြည်နယ်အဖြစ် ပါဝင်ခဲ့လေသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)