ဝါးရောင်းငှက်မျိုး
ဝါးရောင်းငှက်ခေါင်းဖြူ (Garrulax leucolophus)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
Superfamily: Sylvioidea
မျိုးရင်း: Leiothrichidae
Swainson, 1832
မျိုးစုများ

16; see article text

မြန်မာနိုင်ငံ၌ လူသိများသော ဝါးရောင်းငှက် နှစ်မျိုးရှိသည်။ ယင်းတို့မှာ ဝါးရောင်းငှက်နှင့် ဝါးရောင်းငှက်ခေါင်းဖြူတို့ဖြစ်ကြ၍ နှစ်မျိုးလုံးသည် ပက်စာရီဖောမီး မျိုးစဉ်တွင် တင်မလိုင်အီဒီး မျိုးရင်းနှင့် တာဒွိုင်ဒီးနီး မျိုးရင်းခွဲ့တို့၌ ပါဝင်သည်။ ဝါးရောင်းငှက်ကို ပါဏဗေဒအလိုအားဖြင့် ဂါရှုးလက် ပက်တိုရေးလစ်မာရီဒီအိုနယ်လစ် ဟုခေါ်သည်။ ဝါးရောင်းငှက်၏ အရွယ်မှာ အလျား ၁၃ လက်မ ရှိသည်။ အမှတ်မဲ့ကြည့်လျှင် ဝါးရောင်းငှက်သည် ရှုချင်စဖွယ် ကောင်းလောက်အောင် ထူးခြားသည့်ငှက်ဟု မထင်ရချေ။ သို့သော် အမွှေးအတောင်စုံလင်သော ဝါးရောင်းငှက်ကို အလင်းရောင်ရသည့် ကွင်းပြင်တွင် သေချာစွာကြည့်လျှင် စိုပြည်သော သံလွင်ရောင်နှင့် အညိုရောင်သန်းနေသည့် လှပသောငှက်ဖြစ်သည်ကို တွေ့ရသည်။ ဝါးရောင်းငှက်၏ အော်သံမှာ ထူးဆန်း၏။ ပြွေမှုတ်သံကဲ့သို့ ညင်သာသော အသံမျိုးဖြစ်ပြီးလျှင် များသောအားဖြင့် စူးရှ၍ တိုတောင်းသော လေချွန်သံများလည်း ထိုအသံနှင့် ရောပြွမ်းလျက်ရှိသည်။ ကောင်ရေများစွာ ရောနှော၍ များသောအားဖြင့် အအုပ်အသင်းနှင့်ကျက်စားတတ်သဖြင့် အချင်းချင်း ပြိုင်တူရှုပ်ထွေးစွာအော်မြည်သံမှာ ကြည်ကွဲဖွယ်ကောင်းသည့် ပြွေမှုတ်သံနှင့် တူလေသည်။ ထိုအသံမျိုးအပြင် အခြားအော်သံ အထူးသဖြင့် ပွတ်ကြိတ်သံများကိုလည်း မကြာခဏကြားရသေးသည်။

ဝါးရောင်းငှက်များကို ကျွန်းတောများရှိရာ ကွင်းပြင်နှင့် တောင်ခြေများတွင် တွေ့ရတတ်သည်။ မေမြို့ရှိ ဝက်သစ်ချပင်ပေါက်ရောက်ရာ သစ်တောများတွင်လည်း ကျက်စားတတ်သည်။ မြေပေါ်တွင် သွားလာသည့် အခါတွင်ဖြစ်စေ၊ ချုံဖုတ် သို့မဟုတ် သစ်ကိုင်းတစ်ကိုင်းမှ တစ်ကိုင်းသို့ ကူးသည့်အခါတွင်ဖြစ်စေ ခုန်၍ကူးသန်း သွားတတ်သည်။ တစ်ခုန်နှင့်တစ်ခုန် အလွန်ကျဲ၏။ သစ်ပင်ကင်းရှင်းသည့် မြေပြန့်တွင် ကူးသန်းသွားလာပုံမှာ ဤငှက်၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။ ဝါးရောင်းငှက်သည် အအုပ်အသင်းနှင့် ကျက်စားတတ်သော်လည်း ဘေးအန္တရာယ် တစ်ခုခုကြောင့် ထိတ်လန့်ခြင်းမျိုး မဟုတ်လျှင် မည်သည့်အခါမျှ သင်းလုံးကျွတ် စုပြုံ၍ ပျံသန်းလေ့မရှိချေ။ ကောင်ရေအနည်းငယ် စုပြုံ၍လည်း မပျံသန်းကြချေ။ ဘေးအန္တရာယ် ကင်းရှင်းကြောင်းကို အသီးအသီး စိတ်ချရလျှင် ပုန်းကွယ်နေသည့် ချုံတောမှ တစ်ကောင်နောက်သို့ တစ်ကောင် ခပ်လှမ်းလှမ်းမှ ပျံသန်းသွားတတ်လေသည်။ ပျံသန်းပုံမှာ အချိုးမကျသဖြင့် ကြည့်၍ မကောင်းချေ။

ဝါးရောင်းငှက် သားပေါက်ချိန်မှာ မတ်လမှ မေလအထိဖြစ်သည်။ ဩဂုတ်လတွင် ဒုတိယအကြိမ် သားပေါက်သည်။ အသိုက်ကို များသောအားဖြင့် ချုံတောများတွင် ပြုလုပ်ထားတတ်သည်။ အသိုက်၏ ပုံသဏ္ဌာန်မှာ စောက်တိမ်သော ခွက်ပြန့်နှင့်တူသည်။ အသိုက်ကို များသောအားဖြင့် မြက်ပင်နှင့် ဝါးရွက်တို့ကို လျော့ရိလျော့ရဲ လုံးထွေးပြီးလျှင် ပင်စည်ငယ်တွင် နွယ်နှာမောင်းတို့ဖြင့် ချည်နှောင်၍ ပြုလုပ်ထားတတ်သည်။ တစ်မြုံလျှင် ဥသုံးလုံး သို့မဟုတ် လေးလုံးရှိသည်။ ဥငါးလုံးတွေ့ရခဲသည်။ အရောင်မှာ စိမ်းပြာရောင်ဖြစ်သည်။ ဝါးရောင်းငှက်ကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြား တွေ့ရသည်။ အနောက်ဘက်တွင် နီပေါနိုင်ငံအထိ တွေ့ရသည်။ မြန်မာနိုင်ငံ၌ ပေ ၅,ဝဝဝ မြင့်သည့် သစ်တောများတွင် ကျက်စားလေ့ရှိရာ မြန်မာနိုင်ငံ မြောက်ပိုင်း၌ ပေ ၅,ဝဝဝ ထက်နိမ့်သည့် သစ်တောဒေသများတွင် ကျက်စားလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)