အမှု—ပစ္စုဒ္ဓိုရ် မပြန်ရသေးသော သင်္ကန်းကို ဝတ်မှု။

အမှုသည်—ရှင်ဥပနန္ဒ


ရှင်ဥပနန္ဒနှင့် ရဟန်းတပါး ပြင်ဆင်ရန်

ရှင်ဥပနန္ဒသည် နောင်တော်၏ သဒ္ဓိဝိဟာရိက ရဟန်းအား ကိုယ်တိုင်သင်္ကန်းကို ဝိကပ္ပနာပြုပြီးနောက် ထိုရဟန်းက ပစ္စုဒ္ဓိုရ်မပြန်အပ်သေးဘဲ ထိုသင်္ကန်းကို သုံးစွဲလေသည်။ ထို့ကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။[၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

ယော ပန ဘိက္ခု ဘိက္ခုဿ ဝါ ဘိက္ခုနိယာ ဝါ သိက္ခမာနာယ ဝါ သာမဏေရဿ ဝါ သာမဏေရိယာ ဝါ သာမံ စီဝရံ ဝိကပ္ပေတွာ အပ္ပစ္စုဒ္ဓါရဏံ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ။[၁]

မြန်မာပြန် ပြင်ဆင်ရန်

သင်္ကန်းကို သီတင်းသုံးဘော် ၅-ယောက်တွင် တယောက်ယောက်အား ကိုယ်တိုင် ဝိကပ္ပနာပြုပြီး၍ ပစ္စဒ္ဓိုရ် မပြန် အပ်သေးသော ထိုသင်္ကန်းကို ဝတ်ရုံသုံးစွဲလျှင် ပါစိတ် အာပတ် သင့်၏။ [၁]

ဝိကပ္ပနာ၏အဓိပ္ပါယ် ပြင်ဆင်ရန်

[ဝိ = မိမိဥစ္စာအဖြစ်မှ ကင်းအောင်+ကပ္ပနာ= ပြုခြင်း၊] မည်သည့်ရဟန်းမဆို (သင်းပိုင်, ဧကသီ, ၂-ထပ်သင်္ကန်းကြီး ၃-ထည်သာ ကိုယ်ပိုင်အဖြစ်ဖြင့် အဓိဋ္ဌာန်တင်၍ ထားကောင်း၏၊ ထို ၃-ထည် ထက်ပို၍ ရလာလျှင် ကိုယ်ပိုင်ဥစ္စာအဖြစ်မှ ကင်းလွတ်အောင် “ဝိကပ္ပနာ”ဟု ခေါ်ရသော ဝိနည်းကံတခုကို ပြုထားရသည်၊ ထို့ကြောင့် “ဝိကပ္ပနာပြုခြင်း ဟူသည် သူတပါးအားပေးလိုက်-စွန့်လိုက်ခြင်းပင်တည်း”ဟုမှတ်၊ ထိုသို့ ပေးစွန့်ရာ၌ သီတင်းသုံးဘော် ၅-ယောက် (ဘိက္ခု, ဘိက္ခုနီ, သိက္ခမာန်, သာမဏေ, သာမဏေမ)တို့တွင် တယောက်ယောက်အား ပေးစွန့်ရသည်။

ဝိကပ္ပနာပြုပုံ ပြင်ဆင်ရန်

[မိမိပေးစွန့်လိုရာ တပါးပါးထံသွား၍] “ဣမံ စီဝရံ တုယှံ ဝိကပ္ပေမိ”ဟု ပါဠိလိုချည်းဖြစ်စေ “ဤသင်္ကန်းကို အရှင့်အား(သင့်အား) ဝိကပ္ပနာပြုပါ၏”ဟု မြန်မာလိုချည်းဖြစ်စေ ဝိကပ္ပနာပြုရသည်။ [၂-ထည် ၃-ထည်ဖြစ်၍ များလျှင် “ဣမာနိ စီဝရာနိ = ဤသင်္ကန်းတို့ကို”ဟု ပြင်၍ဆို။ ထိုသို့ ဝိကပ္ပနာပြုပြီးသောအခါ ထိုသင်္ကန်းကို ပြန်ယူ၍ သိမ်းထားလိုလျှင် သိမ်းထားကောင်း၏၊ သုံးစွဲမှုကိုကား မပြုကောင်းသေး၊ အကယ်၍ ဝတ်ရုံ သုံးစွဲလျှင် ဤသိက္ခာပုဒ်၌ “အပစ္စုဒ္ဓါရဏံ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ”နှင့်အညီ ပါစိတ်အာပတ်သင့်၏၊ ထို့ကြောင့် ဝိကပ္ပနာ အပြုခံရသော (အပေးခံ ရသော) ဝိနည်းဓိုရ်ပုဂ္ဂိုလ်က ပစ္စုဒ္ဓိုရ်ပြုရဦးမည်။ [၁]

ပစ္စုဒ္ဓိုရ်ပြုပုံ ပြင်ဆင်ရန်

[ပဋိ = တဘန်၊ ဝါ-ပြန်၍+ဥဒ္ဓရဏ = ထုတ်ဆောင်ခြင်း၊ မိမိရသောသင်္ကန်းကို မူလသင်္ကန်းရှင်အား ပြန်၍ထုတ်ခြင်းကို (အလိုရှိသလို သုံးစွဲခွင့်ပြုခြင်းကို) ပစ္စုဒ္ဓိုရ်ပြုခြင်းဟု ခေါ်၏။ ပစ္စဒ္ဓိုရ်ပြုပုံကား မယှံ သန္တကံ ပရိဘုဉ္ဇဝါ ဝိသဇ္ဇေဟိဝါ, ယထာပစ္စယံ ကရောဟိ = ငါ၏(တပည့်တော်၏) ဥစ္စာကို သုံးစွဲလိုလည်း သုံးစွဲတော့, (သူတပါးအား)စွန့်လိုလည်း စွန့်တော့၊ အကြောင်းအားလျော်စွာ လုပ်တော့” ဤသို့ ပါဠိလိုချည်းဖြစ်စေ မြန်မာလို ချည်းဖြစ်စေ ပစ္စုဒ္ဓိုရ်ပြုရသည်။ ဤသို့ပစ္စုဒ္ဓိုရ် ပြုအပ်ပြီးသောအခါ မူလ သင်္ကန်းရှင်သည် ထိုသင်္ကန်းကို ဝတ်ရုံသုံးစွဲခြင်းစသောအမှုကို အလိုရှိသလို ပြုလုပ်နိုင်ပြီ။ [ဝိကပ္ပနာပြုနည်း အမျိုးမျိုးကို ပါတိမောက်ဘာသာဋီကာမှာရှု။][၁]


ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး